ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှာ တည်ရှိသည့် မကွေးတိုင်းမှ မြို့ငယ်လေးတခု ဖြစ်သော မင်းလှမြို့မှာ အခြား မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများကဲ့သို့ပင် အပူချိန်မြင့်မားပြီး ဖုန်ထူထူလမ်းမများ ရှိသည့် သာမန်မြို့လေးတခုသာ ဖြစ်ပါသည်။ သို့သော်လည်း မထူးခြားမှုများ၏ နောက်ကွယ်၌ ကုန်းဘောင်ခတ်ကာလများနှင့် ဆက်နွယ်နေသော မင်းလှမြို့ သမိုင်းကြောင်းတွင် ခါးသီးခြင်းနှင့် ရဲရင့်ခြင်း၊ ကျူးကျော်ခြင်းနှင့် တွန်းလှန်ခြင်းများ ရှိနေသည်။
၁၈၅၂ ခုနှစ်၊ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲ ပြီးသည့် အချိန်တွင် ဗြိတိသျှတို့က ရန်ကုန်နှင့် ပဲခူးအပါအဝင် အောက်မြန်မာနိုင်ငံ တဝှမ်းလုံးကို သိမ်းပိုက်နိုင်ခဲ့သည်။ ၁၈၅၄ ခုနှစ်တွင် ဗြိတိသျှစစ်သားများက မြန်မာဘုရင် ပိုင်နက်ထဲတွင် ရှိနေဆဲ ဖြစ်သည့် မင်းလှမြို့၏ တောင်ဘက် မိုင် (၆၀) အကွာ သရက်မြို့တွင် တပ်စွဲထားကြသည်။
မန္တလေး ရွှေနန်းတော်က နောက်တကြိမ် ကျုးကျော်တော့မည့် အရိပ်လက္ခဏာ တခုအဖြစ် သဘောပေါက်ခဲ့ကြပြီး နောက် ၁၈၆၀ ခုနှစ်တွင် မင်းတုန်းမင်း၏ ညီတော် အိမ်ရှေ့စံ ကနောင်မင်းသားက ဧရာဝတီမြစ်ကမ်းပါး၏ တဖက် တချက်တွင် တည်ရှိနေသော မင်းလှနှင့် ကွေ့ချောင်းတို့တွင် ခံတပ်များ တည်ဆောက်ရန် စတင်ပြင်ဆင်ခဲ့ပါသည်။
ယခုအခါ နှစ်ပေါင်း ၁၅၀ ကျော် သက်တမ်းရှိခဲ့ပြီဖြစ်သော မင်းလှခံတပ်ကို ဧရာဝတီမြစ်ကမ်းပါးတွင် ကြီးမားသော အနီရောင်အုတ်များဖြင့် အီတလီလူမျိုး အင်ဂျင်နီယာ Commotto နှင့် Molinari တို့၏ အကူအညီဖြင့် တည်ဆောက် ခဲ့သည်။ မင်းလှခံတပ်သည် ခေတ်တခေတ် အပြောင်းလဲမှ ကြွင်းကျန်နေခဲ့သော အမွေအနှစ် တခုလည်း ဖြစ်ပါသည်။
သမိုင်း မှတ်တမ်းများ အရ မင်းလှခံတပ်တွင် အမြောက် ၃၅ လက် တပ်ဆင်ခဲ့သည်ဟု သိရသည်။ ကြေးနန်းရိုက်သော အခန်းငယ် တခန်း၊ တပ်သားများ နားနေခန်းများ၊ လက်နက်တိုက် တခုနှင့် တပ်မှူးများ အတွက် ရုံးခန်းများလည်း ထည့်သွင်း တည်ဆောက်ခဲ့သည်။ မြောက်ဘက် ကိုက် ၃၀၀ ခန့် အကွာတွင် ရှိသော ကြေးနန်းရုံးမကြီးသည် ခံတပ်သို့ ပေးပို့လာသော သတင်းများကို လက်ခံသည့် နေရာ ဖြစ်ခဲ့သည်။
အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲ အတွင်း မန္တလေးနန်းတော်ကို သိမ်းယူရန် ဗြိတိသျှတပ်များ ဧရာဝတီမြစ်ကြောင်းမှ တက်လာခဲ့သည့် ၁၈၈၅ ခုနှစ် နိုဝင်ဘာလတွင် မင်းလှခံတပ်၏ လှုပ်ရှားမှုများ စတင်ခဲ့သည်။
စစ်ကြေညာပြီးနောက် မြန်မာတပ်သားများသည် အမြောက်များနှင့် အခြား လက်နက်ပစ္စည်းများကို မင်းလှခံတပ်၊ ကွေ့ချောင်း ခံတပ်နှင့် ဆင်ပေါင်ဝဲ ခံတပ်တို့တွင် အသင့်ပြင်ဆင်ထားပြီး ပန်းတော်ပြင် ခံကတုတ်နှင့် ထူးပေါက် ခံကတုတ် တို့ကိုလည်း အသင့်ပြင်ဆင်ထားခဲ့သည်။ ထိုနေရာများ အားလုံးသည် ဧရာဝတီ မြစ်ရိုးတလျှောက်တွင် တည်ရှိကြသည်။
ဗြိတိသျှတို့ ဘက်မှလည်း အမြောက်ငယ်များ တပ်ဆင်ထားသော မီးသင်္ဘောများ၊ လက်နက်ကိုင် ရေတပ်သားများ ပါဝင်သည့် လှေများ တပ်ဖြန့်၍ တက်လာသည်။ ထို့အတူ မြန်မာတို့ဘက်မှလည်း ရေတပ်တိုက်လှေများကို တပ်ဖြန့် ထားပြီး ကမ္ဘာပေါ်တွင် အင်အားကြီးမားဆုံး ရေတပ်များထဲမှ တခု ရောက်လာမည်ကို စောင့်ကြိုနေခဲ့ကြသည်။
နိုဝင်ဘာ ၁၄ ရက်နေ့တွင် တိုက်ပွဲများ စတင်ခဲ့ပြီး ဗြိတိသျှတပ်များက မြစ်အတွင်းမှ ခုခံမှုများကို ရက်ပိုင်း အတွင်း ဖြတ်ကျော် လာကြသည့် အခါ မင်းလှခံတပ်နှင့် ကွေ့ချောင်းခံတပ်တို့က မန္တလေးနေပြည်တော်ကို ကာကွယ်ရေး အတွက် အဓိကကျသည့် နောက်ဆုံး မျှော်လင့်ချက် ဖြစ်လာခဲ့သည်။ ရှေ့တန်းတပ်များ၏ တပ်မှူးကလည်း စစ်အင်အား ဖြည့်တင်းပေးရန် မန္တလေးသို့ ကြေးနန်း တစောင် အလျင်အမြန် ပို့ခဲ့သည်။
နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အင်္ဂလိပ်တပ်များက ကွေ့ချောင်း ခံတပ်ကို ရေတပ်၊ ခြေလျင်တပ်များဖြင့် ဝန်းရံ တိုက်ခိုက်ခဲ့ကြသည်။ မကြာမီမှာပင် မြန်မာတပ်မှူးနှင့် တပ်သား ဒါဇင်ပေါင်းများစွာ ကျဆုံးခဲ့ရသဖြင့် ဆုတ်ခွာပေးခဲ့ရ သည်။
ထိုအချိန်တွင် မန္တလေး နန်းတော်မှ မင်းလှခံတပ်သို့ “အင်္ဂလိပ်တပ်တွေကို ပြန်မတိုက်ပါနှင့်။ ပြန်လည် တိုက်ခိုက်ပါက သူပုန်များ အဖြစ် သတ်မှတ်မည်” ဟု ရေးသားထားသော ကြေးနန်းတစောင် ရောက်ရှိလာသည်။ တချိန်တည်းမှာပင် “ဆက်တိုက်ပါ၊ စစ်ကူတပ်များ မကြာမီတွင် ရောက်လာလိမ့်မည်” ဟူသော နောက်ထပ် ကြေးနန်းတစောင်လည်း ရောက်ရှိလာခဲ့ပြန်သည်။
ထို ဆန့်ကျင်ဘက် ဖြစ်နေသော ကြေးနန်း နှစ်စောင်သည် နန်းတွင်းမှ ထိပ်တန်းခေါင်းဆောင်များ မှူးမတ်များ အကြား သဘောထား ကွဲလွဲမှု၏ ရလဒ်ဖြစ်ပြီး ရှေ့တန်းမှ တပ်မှူးများနှင့် တပ်သားများလည်း စိတ်ရှုပ်ထွေးခဲ့ကြရသည်။ မင်းလှခံတပ်မှ တပ်မှူးများ ကတော့ သူတို့၏ တပ်သားများအား အင်္ဂလိပ်တပ်ကို ပြန်လည်တိုက်ခိုက်ရန် အမိန့် ပေးခဲ့ ကြသည်။
တပ်မှူးတဦး ဖြစ်သော မင်းထင်မင်းလှရဲခေါင်သူရိန်၏ “တိုက်ရင်းနဲ့သာ အသေခံမယ်၊ အင်္ဂလိပ်ကိုတော့ ဘယ်တော့မှ သခင် မခေါ်ဘူး” ဟူသော စကားမှာ မင်းလှတိုက်ပွဲတွင် ရာဇဝင်တွင်ခဲ့သော စကား ဖြစ်သည်။
သို့သော် နိုဝင်ဘာ ၁၇ ရက်နေ့ ညနေတွင် မင်းလှခံတပ်ကို အင်္ဂလိပ်တပ်များက သိမ်းပိုက်နိုင်ခဲ့သည်။
တိုက်ပွဲ အောင်မြင်သွားသော အင်္ဂလိပ်စစ်သားများက ဧရာဝတီ မြစ်ကြောင်းမှ တဆင့် မန္တလေးသို့ ဆက်လက် ချီတက် လာပြီး အခြား မြန်မာခံတပ်များကိုလည်း အမြောက်များ၏ အင်အားဖြင့် လျှင်လျှင်မြန်မြန် ဖြတ်ကျော်နိုင်ခဲ့သည်။ အမရပူရမြို့ အနီးရှိ သပြေတန်း ခံတပ်မှ မြန်မာ တပ်ဖွဲ့များသည် ပြန်လည်ခုခံခြင်း မပြုရန် ကြေးနန်းရရှိထားသော ကြောင့် အင်္ဂလိပ်တပ်များ ဖြတ်သွားသည်ကို အံကြိတ်ရင်း တိတ်ဆိတ်စွာ ရပ်ကြည့်နေခဲ့ကြ ရသည်။
ယခုချိန်တွင် နောက်ဆုံး မြန်မာမင်းဆက်၏ သမိုင်းဝင်ခံတပ်များသည် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ထိန်းသိမ်းမှုအောက် တွင် ရှိနေကြသည်။ သို့သော် အချိန် ကြာမြင့်နေပြီ ဖြစ်သောကြောင့် သဘာဝတရားအရ ယိုယွင်းပျက်စီး နေကြပါ သည်။ မင်းလှခံတပ် အပြင်ဘက်ရှိ အမှတ်အသား တခု အရ ၁၉၅၇ ခုနှစ်တွင် ယဉ်ကျေးမှုဦးစီးဌာနက ထိန်းသိမ်းရန် တာဝန်ယူခဲ့ကြောင်း သိရသည်။
မင်းလှခံတပ်သည် ဧရာဝတီ မြစ်ကြောင်း တလျောက် အပျော်စီးသင်္ဘောဖြင့် ခရီးသွားကြသော နိုင်ငံခြားသားများ အတွက် အဓိက ဆွဲဆောင်မှုရှိသော နေရာတခု ဖြစ်သည်။ သို့သော် မြစ်ကမ်းပါးအား ရေတိုက်စားမှုကြောင့် ခံတပ်၏ မျက်နှာစာသည် ယိုယွင်းပျက်စီးခဲ့ရသည်။
အစိုးရက ထင်ရှားသည့် သမိုင်းဝင် အဆောက်အအုံကို ပြုပြင်ထိန်းသိမ်းရန် လျစ်လျှူရှု ထားသည်ဟု မင်းလှမြို့ခံများက ပြောကြသည်။
“မင်းလှခံတပ်ရဲ့ သမိုင်းကတော့ ပျောက်ကွယ်သွားပါပြီ။ အစိုးရကလည်း ပြုပြင် ထိန်းသိမ်းပေးဖို့ စိတ်ဝင်စားမှု မရှိဘူး” ဟု မင်းလှမြို့နေ အသက် ၆၂ နှစ်အရွယ် ဦးလှမောင်ဝင်းက ပြောသည်။
၂၀၁၃ ခုနှစ်တွင် မင်းလှနှင့် ကွေ့ချောင်း ခံတပ်တို့၏ နှစ် ၁၅၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို ဒေသခံများနှင့် အပျော်တမ်း သမိုင်းပညာရှင်များက ဦးစီး၍ ကျင်းပရန် စီစဉ်ခဲ့ရခြင်းက ထိုသမိုင်းဝင်နေရာအား လစ်လျူရှုထားခြင်း ခံနေရသည်ကို သိသာထင်ရှားစေသော သက်သေဖြစ်သည်။
မင်းလှခံတပ်တွင် သံယာတော်များအား ဆွမ်းကပ်ခြင်း၊ အမျိုးသားရေး ကဗျာများ ရွတ်ဆိုခြင်းဖြင့် အခမ်းအနားပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း ခွင့်ပြုချက်မရခဲ့ ဟု ဒေသခံတို့က ပြောသည်။
“ကွေ့ချောင်းကို အခမ်းအနားလုပ်ဖို့ သွားခဲ့တယ်။ မိနစ် ၃၀လောက်ကြာတော့ သူတို့ကိုယ် သူတို့ ယဉ်ကျေးမှုဝန်ကြီး ဌာနက တာဝန်ရှိသူတွေပါ လို့ ပြောတဲ့ လူတချို့ ရောက်လာပြီး ဘာအကြောင်းပြချက်မှ မရှိဘဲ အခမ်းအနားကို မလုပ်ဖို့ လာတားပါတယ်။ သမိုင်းကို ဖျက်ပစ်ချင်နေတာဟာ ရှက်ဖို့ ကောင်းပါတယ်။ ကျရှှုံးတာပဲ ဖြစ်ဖြစ် အောင်မြင် တာပဲ ဖြစ်ဖြစ် သမိုင်းဟာ သမိုင်းပါဘဲ။ နောက်ပြီး ဒီခံတပ်တွေက သမိုင်းအမွေအနှစ်တွေ ပါ။ ကျနော်တို့ ထိန်းသိမ်းဖို့ လိုအပ်ပါတယ်” ဟု ဦးလှမောင်ဝင်းက ပြောသည်။
မင်းလှမြို့သို့ မကွေးမြို့မှ ခရီးသည်တင်ကား၊ သို့မဟုတ် ကိုယ်ပိုင်ကားဖြင့် သွားနိုင်ပြီး ၃၇ မိုင်ခန့် ဝေးသည်။ မင်းလှ ခံတပ် တဖက်ကမ်းရှိ ကွေ့ချောင်းခံတပ်သို့ စက်တပ်လှေငယ်များ ငှားရမ်း၍ သွားရောက်နိုင်ပါသည်။ ပြည်မြို့နှင့် မန္တလေးမြို့ကြားတွင် မင်းလှဒေသကို ဖြတ်သန်း၍ ဧရာဝတီမြစ်ကြောင်းအတိုင်း သွားသည့် သင်္ဘောခရီးစဉ်များ စီစဉ် ပေးနေသော ပြည်တွင်းခရီးသွား လုပ်ငန်းများလည်း အများအပြား ရှိပါသည်။ ။
(၂၀၁၅ ခုနှစ် ဧပြီလထုတ် The Irrawaddy မဂ္ဂဇင်းတွင်ဖော်ပြခဲ့သော ဇာနည်မာန်၏ “Relics of Resistance” ဆောင်း ပါးကို ဆုမွန်ဖြိုး ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။)