ဆောင်းပါး

မြန်မာ့ပြဿ နာဟောင်းများကို သတိမူမိတဲ့ အမေရိကန်သံအမတ်သစ်

This article has been converted from Zawgyi One to Unicode

ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းလာသည့် မြန်မာနိုင်ငံတွင် ရင်ဆိုင်နေရဆဲ စိန်ခေါ်မှုများကို အသိအမှတ်ပြုခြင်းက မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်အသစ် စကော့မာစီရယ်က မေလ ၁၀ ရက်နေ့တွင် ပထမဆုံး အကြိမ် လူသိရှင်ကြား ပြောကြားခဲ့သည့် မှတ်ချက်များထဲမှ အဓိက အချက်ဖြစ်ခဲ့သည်။ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံ၏ နိုင်ငံရေး အသွင်ကူးပြောင်းမှုကို ၎င်းတို့၏ နိုင်ငံခြားရေး မူဝါဒ အောင်မြင်မှုအဖြစ် သတ်မှတ်ထားပါသည်။

အစိုးရတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကြားမှ ဆက်လက်ဖြစ်ပေါ်နေဆဲ ပဋိပက္ခများ၊ အရှိန်တက်နေဆဲ ဘာသာရေး တင်းမာမှုများနှင့် စစ်တပ်ကို နိုင်ငံရေးတွင် ပါဝင်ခွင့်ပြုထားသည့် အခြေခံဥပဒေ အစရှိသည်များက ယခုနှစ် အတွင်း တိုးတက်မှု ရရှိလိမ့်မည်ဟု အမေရိကန် အစိုးရက မျှော်လင့်ထားမှုများထဲတွင် ပါဝင်သည် ဟု စကော့မာစီရယ်က မီဒီယာများနှင့် အရပ်ဘက်အဖွဲ့အစည်းများကို ရန်ကုန်မြို့တွင် ပြောကြားခဲ့သည်။

“အများကြီး ပြောင်းလဲသွားပါပြီ” ဟု သူက ပြောသည်။ စစ်တပ် ကျောထောက် နောက်ခံပေးထားခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (USDP) က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)သို့ ယခုနှစ်အတွင်းတွင် သမိုင်းဝင် အာဏာလွှဲပြောင်းပေးခဲ့ခြင်းကို ရည်ညွှန်းခြင်း ဖြစ်သည်။

“ဒါပေမယ့် ကျနော်တို့ရဲ့ ရည်မှန်းချက်၊ အမေရိကန် ပြည်ထောင်စုရဲ့ ရည်မှန်းချက်က အရင်အတိုင်း ရှိနေဆဲပါပဲ။ ကျနော်တို့က ငြိမ်းချမ်းတဲ့ တိုးတက်တဲ့ ဒီမိုကရေစီ မြန်မာနိုင်ငံကို နေထိုင်သူတွေ ဟန်ချက်ညီမျှစွာ အခွင့်အရေး ပြည့်ဝစွာ ရရှိတဲ့ နိုင်ငံတခုကို မြင်ချင်ပါတယ်” ဟု သူက ပြောသည်။

မျှော်လင့်ချက်များ အလွန်များပြားနေပြီး ပြီးခဲ့သည့်လက စတင်ခဲ့သည့် NLD အစိုးရ၏ သက်တမ်းအတွင်းတွင် တိုးတက်မှု ရှိလိမ့်မည်ဟု အမေရိကန် အစိုးရက မျှော်လင့်ထားသော်လည်း သံအမတ်သစ် စကော့မာစီရယ်က မြန်မာနိုင်ငံ၏ အစွန်အဖျား ဒေသများတွင် ဆယ်စုနှစ်များစွာ ကြာမြင့်အောင် ဖြစ်ပွားနေခဲ့သည့် ပြည်တွင်းစစ်ကို အကောင်းဆုံး နည်းလမ်းဖြင့် မည်ကဲ့သို့ အဆုံးသတ်နိုင်မည် အစရှိသည့် ပြည်တွင်းရေး ကိစ္စများသည် အမေရိကန်နိုင်ငံက ဆုံးဖြတ်ရမည့် ကိစ္စများ မဟုတ်ဟု ပြောသည်။

ပြီးခဲ့သည့်လကမှ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သော စကော့မာစီရယ်က နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်းနှင့် ယခင် ကြံ့ခိုင်ရေး အစိုးရလက်ထက်၊ စစ်အစိုးရလက်ထက်က နိုင်ငံရေး အတိုက်အခံများ၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ဖမ်းဆီးထောင်ချရန် အသုံးပြုသည့် ဥပဒေများကို ပြင်ဆင်ခြင်း၊ ရုပ်သိမ်း ခြင်းများ ပြုလုပ်ရန် NLD က အားထုတ်ခဲ့ခြင်းများကို ချီးကျူးခဲ့သည်။

“သူတို့ ဒါတွေကို လုပ်နေပါတယ်” ဟု မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေ တိုးတက်ကောင်းမွန်လာရေး အတွက် NLD အစိုးရနှင့် အမေရိကန်နိုင်ငံတို့အတူ ကတိပြုထားသည့် အပေါ် သူ၏ ယုံကြည်မှုနှင့် ပတ်သက်၍ သူက ပြောသည်။

ယခင်စစ်အစိုးရလက်ထက်တွင် မြန်မာနိုင်ငံ၏ ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းများကြောင့် နှစ်ပေါင်း များစွာ အေးစက် နေခဲ့ရသည့် ဆက်ဆံရေးမှာ ၂၀၁၁ ခုနှစ်တွင် သမ္မတ ဦးသိန်းစိန်၏ အစိုးရက နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး နောက်ပိုင်းတွင် ပြန်လည်ကောင်းမွန်လာခဲ့သည်။ နောက်တနှစ်အကြာတွင် ဒဲရက်မစ်ချယ်ကို ၁၉၉၀ ခုနှစ်နောက်ပိုင်း၌ ပထမဆုံး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်အဖြစ် ခန့်အပ်တာဝန် ပေးခဲ့သည်။

မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေးဆိုင်ရာ အရေးယူ ပိတ်ဆို့မှုများကိုလည်း ၂၀၁၂ ခုနှစ် နှင့် ၂၀၁၄ ခုနှစ်တို့တွင် ဖြေလျှော့ပေးခဲ့သည်။ အမေရိကန် ကုန်သွယ်ရေး ဝန်ကြီးဌာနကလည်း လူဦးရေ ၅၁ သန်းရှိသည့် မြန်မာနိုင်ငံဈေးကွက်တွင် ရင်းနှီးမြှုပ်နှံရန် အမေရိကန် ကုမ္ပဏီများကို တက်တက်ကြွကြွ အားပေးခဲ့ပါသည်။

သမ္မတ ဘားရက်အိုဘားမား ကလည်း မြန်မာနိုင်ငံသို့ လာရောက်သည့် ပထမဆုံး အမေရိကန် သမ္မတအဖြစ် ၂၀၁၂ ခုနှစ် နို ဝင်ဘာလတွင် ရောက်လာခဲ့သည်။ နောက် ၂ နှစ်ကြာသည့် အခါတွင်လည်း မြန်မာနိုင်ငံတွင် ကျင်းပသည့် အရှေ့တောင် အာရှနိုင်ငံများအဖွဲ့ ASEAN ထိပ်သီးအစည်းအဝေး တက်ရောက်ရန် တခေါက်ပြန်လာခဲ့သည်။

အမေရိကန်နိုင်ငံရှိ အဓိက ပါတီကြီး ၂ ခုလုံးမှ နိုင်ငံရေးခေါင်းဆောင်များက နေအိမ်အကျယ်ချုပ်ဖြင့် ဆယ်စုနှစ် တခုကျော် ဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံ ဒီမိုကရေစီလှုပ်ရှားမှု၏ အဓိက မျက်နှာစာတခု ဖြစ်သည်ဆိုသည့် အယူအဆကို နှစ်ပေါင်းများစွာ ကိုင်စွဲထားခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ဖြင့် ရှိနေသည့် ၂၀၀၈ ခုနှစ်တွင် အမေရိကန် ကွန်ဂရက်၏ ရွှေတံဆိပ်ဆုကို ချီးမြှင့်ခဲ့သည်။ နောက် ၄ နှစ်ကြာ ဒေါ်အောင်ဆန်းစုကြည် ဝါရှင်တန်သို့ ရောက်လာသည့် အချိန်ကျမှ အမေရိကန် လွှတ်တော်၏ အမြင့်ဆုံး အရပ်ဘက်ဆိုင်ရာ ဆုကို လက်ခံနိုင်ခဲ့ပါသည်။

ပုဂ္ဂိုလ်ရေးအရ နီးကပ်လှသော်လည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရအဖြစ်သို့ ပြောင်းလဲသွားသောအခါ ၂ နိုင်ငံကြားဆက်ဆံရေးက အပြည့်အ၀ ပုံမှန်ဖြစ်မလာသေးပါ။

မြန်မာနိုင်ငံသား နှင့် လုပ်ငန်း အဖွဲ့အစည်း ၁၀၀ ကျော်မှာ အမေရိကန်၏ အထူးကန့်သတ်ထားသည့် နိုင်ငံသားစာရင်း (SDN) တွင် ပါဝင်နေဆဲဖြစ်ပြီး အမေရိကန် ကုမ္ပဏီများကို ၎င်းတို့နှင့် စီးပွားရေး မလုပ်ရန် ကန့်သတ်ထားသည်။ ထိုစာရင်းတွင် ယခင်စစ်အစိုးရအဖွဲ့ဝင်ဟောင်းများ နှင့် စစ်အစိုးရနှင့် နီးစပ်သည်ဟု စွပ်စွဲခံထားရသည့် ခရိုနီ လုပ်ငန်းရှင်များ ပါဝင်သည်။ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံမှ ကျောက်မျက်ရတနာများ တင်သွင်းခြင်းကို ပိတ်ပင်ထားပြီး မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများ တင်ပို့ခြင်း မပြုရန်လည်း တားမြစ်ထားသည်။

အမေရိကန်နိုင်ငံက ကျန်ရှိနေသေးသည့် အရေးယူပိတ်ဆို့မှုများကို ပြန်လည်သုံးသပ်သွားမည်ဟု စကော့မာစီရယ်က မေလ ၁၀ ရက်နေ့တွင် ပြောကြားခဲ့သည်။ သို့သော်လည်း သုံးသပ်မှု၏ ရလဒ်က မည်သို့ ဖြစ်လာမည်ကို သူမသိကြောင်း ပြောသည်။ အရေးယူမှုများနှင့် ပတ်သတ်၍် အမေရိကန်၏ စီးပွားရေး အကျိုးအမြတ်နှင့် လူ့အခွင့်အရေးသမားများ၏ ဆန့်ကျင်မှု ဖိအားများက လွန်ဆွဲနေသည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မေလ ၂၀ ရက်နေ့တွင် ဆုံးဖြတ်ချက်တခု ပေးရတော့မည့် သမ္မတ အိုဘားမားထံသို့လည်း အရေးယူပိတ်ဆို့မှုများကို အသစ်ပြန်လည်ပြုလုပ်ရန် တောင်းဆိုမှုများ ရှိနေသည်။

အမေရိကန်-မြန်မာဆက်ဆံရေးက NLD အစိုးရ၏ ၅ နှစ်သက်တမ်းအတွင်းတွင် ပိုမိုနက်ရှိုင်းလာမည့် အသွင်ရှိသော်လည်း ကာလကြာရှည်စွာ ခပ်တန်းတန်းဖြစ်နေခဲ့သည့် နိုင်ငံ ၂ ခု သည် အမြဲတမ်း အတူရှိမနေဘဲ တဦးကိုတဦး စောင့်ကြည့်နေရမည့် ကံတရားရှိနေသည်။

ရာနှင့် ချီသော ဗုဒ္ဓဘာသာ အမျိုးသားရေး ဝါဒီများက ရန်ကုန်မြို့ရှိ အမေရိကန် သံရုံး အပြင်ဘက်တွင် ဧပြီလ ၂၈ ရက်နေ့က ဆန္ဒပြခဲ့ကြသည်။ ထိုနေ့ မတိုင်မီ တပတ်ခန့်က သံရုံး၏ ကြေညာချက်တခုတွင် ရခိုင်ပြည်နယ်မှ လှေစီး ဒုက္ခသည်များ ကို “ရိုဟင်ဂျာ” ဟု သုံးခဲ့သည့် အပေါ် ကန့်ကွက်ခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါ အသုံးအနှုန်းသည် မြန်မာနိုင်ငံတွင် အလွန် အငြင်းပွားဖွယ်ရာ ဖြစ်နေပြီး အများစုက သူတို့ကိုယ်သူတို့ အမည်တပ်ခြင်းကို အသိအမှတ်ပြုခြင်း မရှိကြဘဲ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ တရားမဝင် ရောက်ရှိလာသူများဟု အဓိပ္ပာယ်ရသည့် “ဘင်္ဂါလီ” ဟုသာ သတ်မှတ်ကြသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက နောက်ပိုင်းတွင် အဆိုပါ အသုံးအနှုန်းကို အသုံးပြုခြင်းမှ ရှောင်ရှားရန် တောင်းဆိုခဲ့သည့် အတွက် မေလ ၁၀ ရက်နေ့တွင် New York Times သတင်းစာ၏ အာဘော်တခုတွင် သတ္တိနည်းသည်ဟု ဝေဖန်ခဲ့သည်။

နိုင်ငံမဲ့ ရိုဟင်ဂျာများသည် မြန်မာနိုင်ငံတွင် ဥပဒေအရ တရားဝင်သတ်မှတ်ထားသည့် တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးထဲတွင် မပါဝင်ပါ။

အဆိုပါ စကားလုံးကို စကော့မာစီရယ်က မေလ ၁၀ ရက်နေ့တွင် သုံးစွဲခြင်း မပြုခဲ့ဘဲ “အသိုင်းအဝိုင်း အချို့” ဟုသာ ပြောဆိုပြီး သူတို့အပေါ်တွင် ရှိနေဆဲဖြစ်သည့် ကန့်သတ်မှုများကို ဖြေရှင်းရန် လိုအပ်နေကြောင်း ပြောခဲ့သည်။ ခရီးသွားလာရေး၊ ပညာသင်ကြားရေးနှင့် အခြား အခြေခံ အခွင့်အရေးများကို ရည်ညွှန်းသည်ဟု ယူဆရပါသည်။

သို့သော်လည်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ တောင်းဆိုမှုနှင့် ပတ်သက်၍ သံရုံး၏ အနေအထားကို မေးမြန်းသည့် အခါ “သူတို့ကို ဘယ်လို ခေါ်စေချင်တာကို သူတို့ ရွေးချယ်လို့ ရပါတယ်။ဒါက နိုင်ငံတကာမှာကျင့်သုံးတဲ့ အခြေခံ အလေ့အထ တခု ဖြစ်ပါတယ်။ ကျနော်တို့ အဲဒါကို လေးစားပါတယ်။ ကျနော်တို့ ဒီတိုင်းပဲ ချဉ်းကပ်ခဲ့သလို ဒီတိုင်းပဲ ဆက်ချဉ်းကပ် သွားမှာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

သို့သော် အမေရိကန် သံရုံးက အစိုးရသစ်လက်အောက် မြန်မာနိုင်ငံတွင် လူပြောများသည့် ကိစ္စများအပေါ် ၎င်းတို့၏ စိုးရိမ်မှုများကို လူသိရှင်ကြား ပြောဆိုမှုများ နည်းသွားနိုင်သည့် အရိပ်အယောင် ပြခဲ့သည်။

“ကျနော်တို့ ကိုယ် ကျနော်တို့ အမှန်တကယ် မေးတဲ့ မေးခွန်းက “အသုံးဝင်လာအောင် ကျနော်တို့ ဘာလုပ်နိုင်မလဲ”။ လူသိရှင်ကြား ကြေညာချက်တွေက အသုံးဝင်တယ်ဆို အရမ်းကောင်းတာပေါ့။ တကယ်လို့ သီးသန့်ဆွေးနွေးမှုတခုက တိကျတဲ့ အခြေအနေတခုမှာ အသုံးဝင်တယ်ဆိုရင်တော့ အဲဒါက ပိုကောင်းတဲ့ ချဉ်းကပ်မှုပဲ” ဟု စကော့မာစီရယ်က ပြောသည်။ NLD ပါတီဝင်များ၏ လူ့အခွင့်အရေးအတွက် ကာလရှည်ကြာစွာ တောင်းဆိုတိုက်ပွဲဝင်ခဲ့သည့် မှတ်တမ်းကိုလည်း သူက အလွန် လေးစားကြောင်း ပြောသည်။

“သူတို့တွေနဲ့ ကွဲပြားခြားနားတဲ့ နည်းလမ်းတွေနဲ့ ပြောဆိုဆွေးနွေးမှုတွေ တနည်းမဟုတ် တနည်း ရှိနေမှာပါ။ ကျနော်တို့ရဲ့ စိုးရိမ်မှုတွေ၊ ပြဿနာတွေကိုလည်း ဆက် ပြောဆိုသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ ဘယ်လို လုပ်မလဲဆိုတာ အတိအကျကတော့ အခြေအနေပေါ်မှာပဲ မူတည်နေပါတယ်” ဟု သူကဆိုသည်။

စကော့မာစီရယ်သည် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် ယခင်က အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဒုတိယ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဖြစ်လည်း ဆောင်ရွက်ခဲ့သူဖြစ်သည်။

Loading