စာအုပ်စင်ပေါ်က ကတ်ထူဖုံး ဝတ္ထုစာအုပ်တအုပ်နဲ့ ဝတ္ထုတို ပေါင်းချုပ် စာအုပ်တွေကို ယူကြည့်လိုက်တဲ့အခါ ဂျေဒီ စလင်ဂျာ (J.D Salinger) ရဲ့ စာအုပ်တွေကို တွေ့ရပါလိမ့်မယ်။ တအုပ်က လုံးချင်းဝတ္ထု၊ ကျန် ၃ အုပ်က ဝတ္ထုတို ပေါင်းချုပ်တွေပါ။
တခြားစာအုပ်တွေကို ကြည့်မယ်ဆိုရင်လည်း စလင်ဂျာ နှစ်သက်တဲ့ ဂရိ ကဗျာဆရာ ဆက်ဖိုး ရဲ့စာအုပ်နဲ့ ဂျပန် စာရေးဆရာတွေ ရေးတဲ့ ဟိုက္ကူ ကဗျာတွေပါပဲ၊ ဒီစာအုပ်တွေကို စလင်ဂျာက သဘောကျတယ်။
သူ့ရဲ့ ပထမဆုံး ဝတ္ထုတွေကို အမြဲဖော်ပြလေ့ရှိတာက နယူးယောက်ကာ မဂ္ဂဇင်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၇ နှစ် အကြာ မှာ သူဟာ နောက်ဆုံးဝတ္ထုတို တပုဒ်ကိုရေးခဲ့ပါတယ်။
စာပေလောကမှာ နာမည်အကြီးဆုံးနဲ့ အထင်ရှားဆုံးကတော့ “လေလွင့်သူ” The Catcher in the Rye စာအုပ်ပါပဲ။
ဒီစာအုပ်ကို ၁၉၅၁ ခုနှစ်က ထုတ်ဝေခဲ့တယ်၊ စာပေလောကမှာတော့ ပြဿနာ အဖြစ်ဆုံးနဲ့ အပြောဆုံး ဝတ္ထုဖြစ်တယ်။ အမေရိကန် စာပေလောကကို အပြောင်းအလဲဖြစ်သွားစေတဲ့ စာအုပ်ဖြစ်ပါတယ်။
၁၉၁၉ ခုနှစ်က မွေးဖွားခဲ့တဲ့ ဂျေဒီ စလင်ဂျာ ဟာ ၂၀၁၀ ဇန်နဝါရီ ၂၇ မှာ ကွယ်လွန်ခဲ့ပါပြီ။ သူကွယ်လွန်တော့ အသက် ၉၁ နှစ်ရှိပါပြီ။ အလွန်ထင်ရှားတဲ့ စာရေးဆရာကြီး ဂျေဒီ စလင်ဂျာဟာ လေလွင့်သူ စာအုပ်တအုပ်ပဲ လုံးချင်း အဖြစ် ရေးခဲ့ပါတယ်။ ကျန်တာကတော့ ဝတ္ထုတို ပေါင်းချုပ်တွေ ဖြစ်ပါတယ်။
သူ့နာမည်ရင်းက ဂျာရုန်း ဒေးဗစ် စလင်ဂျာ ဖြစ်ပြီး ၁၉၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့က နယူးယောက် စီးတီးမှာ မွေးဖွား ခဲ့ သူ ဖြစ်ပါတယ်။ အမေက စကော့လူမျိုး၊ အဖေက ဂျူးလူမျိုးပါ။ အဖေက စားကုန်သောက်ကုန်တွေကို တင်ပို့တဲ့ အလုပ် လုပ်တယ်။
လေလွင့်သူ ဝတ္ထုစာအုပ်ထဲကလိုပဲ သူဟာငယ်ငယ် ကတည်းက ကျောင်းပြေးတဲ့သူပါ။ သူ့မိဘတွေက အလွတ်ပညာ သင် ကျောင်းမှာထားတယ်။ အဲ့ဒီမှာ သူမတက်ချင်တော့ စာမေးပွဲကျတယ်ဆိုရင် သူကျောင်းပြေးတော့တာပဲ။
နောက်သူဟာ ဖီလာဒယ်ဖီးယားမှာ ရှိတဲ့ ဘဲလီဖော့ စစ်တက္ကသိုလ်ကနေ ဘွဲ့ရခဲ့ပါတယ်။ ဒီနောက် သူဟာ စာရေးတာ ကို ဝါသနာပါတဲ့ အတွက် စာရေးဆရာ တယောက် ဖြစ်လာခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ် ကာလမှာ အမေရိကန် တပ်မတော် ခြေလျင်တပ်မှာ ပါဝင်ပြီး ဥရောပတခွင်မှာ တိုက်ပွဲဝင်ခဲ့တယ်။ ၁၉၄၆ ခုနှစ် စစ်ကြီးပြီးတော့ မင်ဟက်တန်ကို ပြန်လာပြီး နယူးယောက်ကာ သတင်းစာမှာ ပုံမှန် စာရေးတော့တာပါပဲ။
လေလွင့်သူ ဝတ္ထုကြီးကို ၇ လကြာအောင် သူရေးခဲ့တယ်။ ဒီဝတ္ထုဟာ နယူးယောက် တိုင်းမ် သတင်းစာကြီးရဲ့ အရောင်း ရဆုံး ဘက်ဆဲလား ဖြစ်ခဲ့ပါတယ်။ အသက် ၁၆ နှစ်အရွယ် ကျောင်းသားလေး တယောက် စာမေးပွဲကျလို့ ကျောင်းက ထွက်ပြေးသွားတဲ့ အကြောင်းပါပဲ။
စလင်ဂျာဟာ ၁၉၅၃ ခုနှစ်မှာ ကောနစ်မြို့မှာ အိမ်လေးတအိမ် ဆောက်နေတယ်။ သူ့အိမ်မှာ အုတ်နံရံ အမြင့်ကြီးတွေ ကာလိုက်တယ်။ အတတ်နိုင်ဆုံး အပေါင်းအသင်းတွေနဲ့ အဆက်ဖြတ်ပြီး တယောက်တည်းနေတယ်။
၁၉၅၅ ခုနှစ် ရောက်တော့ သူဟာ ရက်ကလစ် ကျောင်းမှာ အတူကျောင်းတက်ခဲ့ဖူးတဲ့ ကလဲယာ ဒေါက်ကလပ် ဆိုတဲ့ အသက် ၁၉ နှစ် အရွယ်မိန်းကလေးနဲ့ လက်ထပ်ခဲ့တယ်။ သူတို့အိမ်ထောင်မှာ သားသမီး၂ယောက် ထွန်းကားခဲ့ပြီး ၁၉၆၇ ခုနှစ် ကျတော့ ကွာရှင်းခဲ့ပါတယ်။
ဒီနောက် စလင်ဂျာဟာ ယေးလ်က ဂျွိုက်မေးနတ် ဆိုတဲ့ မိန်းကလေးနဲ့ အတူနေခဲ့ကြတယ်။ ဂျွိုက်က သူ့ရဲ့ ဘဝ မှတ် တမ်း အဖြစ်နဲ့ At Home in the World ဆိုတဲ့ စာအုပ်ထဲမှာ စလင်ဂျာအကြောင်း၊ စလင်ဂျာရဲ့ အကျင့်စရိုက် ပုံပန်း သ ဏ္ဍာန်ကို ရေးဖွဲ့ထားခဲ့ပါတယ်။
စလင်ဂျာဟာ သူ့ဘဝကို ရုန်းကန်ရင်းနဲ့ ထင်ရှားတဲ့ စာရေးဆရာတယောက် ဖြစ်လာတာပါ။ သူရေးတဲ့ လေလွင့်သူ စာအုပ်ကို ဖတ်ကြည့်ရင် သူ့ရဲ့ စရိုက်၊ ပွင့်လင်းဖြောင့်မတ်မှု စတာတွေကို တွေ့ရမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် သူဟာ ပါရမီ ရှိတဲ့ စာရေးဆရာ တယောက်ဖြစ်ပါတယ်။
စလင်ဂျာက “ကျနော်ဟာ အောင်မြင်တာကို သဘောကျပါတယ်၊ လူတိုင်းမှာရှိတဲ့ သူတို့ရဲ့ တာဝန်ကိုလည်း လက်ခံပါ တယ်၊ အောင်မြင်တာကို ဘာကြောင့် သဘောကျတာလဲ ဆိုတော့ ကျနော်ဟာ ကျနော့်ကို ချီးကျူး ဂုဏ်ပြုတာ၊ သြဘာ ပေးတာတွေကို ကြိုက်ပါတယ်။ တခါတလေလည်း ရှက်ရွံ့တာဖြစ်ပါတယ်၊ အဲ့ဒီလိုချီးကျူး ဂုဏ်ပြုတာ၊ သြဘာ ပေးတာတွေ ကြားရင်း ဖျားချင်သလို ဖြစ်လာတယ်၊ ဒါဟာ ကျနော် သတ္တိမရှိတာလည်း ဖြစ်ချင်ဖြစ်ပါလိမ့်မယ်” လို့ ပြောခဲ့ ဖူးပါတယ်။
ဂျေဒီ စလင်ဂျာရဲ့ The Catcher in the Rye ဝတ္ထုကို ဆရာမြသန်းတင့်က “လေလွင့်သူ” ဆိုတဲ့ အမည်နဲ့ ဘာသာ ပြန် လိုက်ပါတယ်။ အဲ့ဒီမှာ ဆရာမြသန်းတင့်က “ဂျေဒီ စလင်ဂျာ ရေးတဲ့ ဂျုံခင်းထဲမှာ လိုက်ဖမ်းသူ The Catcher in the Rye ဆိုတဲ့ ဝတ္ထုကို ကျနော်ဖတ်တာ ကြာလှပါပြီ၊ ဒီစာအုပ်လေးကို တွေ့ပုံနဲ့ ဖတ်မိပုံကလည်း နည်းနည်းဆန်းပါတယ်၊ တနေ့မှာ ဗိုလ်ချုပ် လမ်းထောင့်နဲ့ ၂၇ လမ်းထောင့်နားက ကုလားစာအုပ်ဆိုင်လေး တဆိုင်ကို ကျနော်ဝင်ကြည့်မိတယ်၊
စာအုပ်ဆိုင်ကသေးသေး ကလေးပါ၊ စာအုပ်တွေကို ဟိုလျှောက်လှန်၊ ဒီလျှောက်လှန်လုပ်ပြီး ဒီစာအုပ်ကလေးကို သွား တွေ့တာပါပဲ။ ကျနော် အဲ့ဒီဝတ္ထုကို ကြိုက်သွားတယ်၊ ကျနော်တို့ လူငယ်တွေ ဖတ်စေချင်လာတယ်၊ မြန်မာပြန်ဖို့ စိတ် ကူး ခဲ့တယ်၊ အကြောင်းကြောင်းကြောင့် မပြန်ဖြစ်ခဲ့ပါဘူး။
၁၉၆၀ ပြည့်နှစ်လောက်က မျိုးဆက်တွေ လူကြီးဖြစ်သွားပေမယ့် ကျနော့်ဒီစာအုပ်ကို မြန်မာမပြန်ဖြစ်ခဲ့ဘူး၊ ၁၉၈၀ ပြည့် နှစ် မျိုးဆက်တွေကိုမြင်ရတော့ ကျနော်ဒီစာအုပ်ကို သတိရမိတယ်၊ ဒီတော့ ကျနော် ချက်ချင်း ဒီစာအုပ်ကို ကောက်ပြီး မြန်မာပြန် ဖြစ်ခဲ့တယ်။
ဒီစာအုပ်ဟာ ကျနော်တို့ရှေ့မှာတင်ပဲ ခေတ်သစ် ဂန္တဝင်စာအုပ် စာရင်းထဲ ဝင်သွားတယ်။ တချို့က ဒီစာအုပ်ဟာ လူငယ်တွေရဲ့စိတ္တဗေဒကို ဖော်ပြတဲ့ စာအုပ်၊ တချို့က ဒီစာအုပ်ဟာ အခုခေတ်စားနေတဲ့ ဘဝ ပဓာန ဝါဒရဲ့ အဓိပ္ပာယ် ကိုဖွင့်ထားတဲ့ စာအုပ်၊ တချို့ကလည်း ဒီစာအုပ်ဟာ လူငယ်ပြုပြင်ရေး စာအုပ်၊ တချို့ကလည်း ဒီစာအုပ်ဟာ အနုပညာ လက်ရာမြောက်တဲ့ ဝတ္ထုကောင်းတပုဒ်လို့ ပြောကြတယ်” လို့ လေလွင့်သူ စာအုပ်ရဲ့အမှာစာမှာ ရေးထားခဲ့ပါတယ်။
အသက် ၁၆ နှစ်အရွယ် ကျောင်းသားလေးဖြစ်တဲ့ ဟိုးလ်ဒင်း ကောလ်ဖီးလ် စာမေးပွဲကျတဲ့အတွက် ကျောင်းထုတ်ခံရ တယ်။ ဒါကြောင့် နယူးယောက်က အိမ်ကို ပြန်ရင်း လမ်းမှာသူတွေ့ကြုံ ဖြတ်သန်းခဲ့ရတာတွေကို ရေးထားတာပါ။
ကျောင်းသားလေး ကောလ်ဖီးလ်ရဲ့ စိတ်တွင်းက ခံစားချက်ကို လွတ်လွတ်လပ်လပ် ကလေးတယောက်ရဲ့ ဟန်ပန်နဲ့ ရေးထားတဲ့အတွက် ဝတ္ထုဟာ အသက်ဝင်နေပါတယ်။
၁၆နှစ် အရွယ်ကလေးရဲ့ စိတ်ကူး၊ ရောက်ရာပေါက်ရာ သွားချင်တဲ့အတွေး၊ အချုပ်အခြယ် အကန့်အသတ် မရှိတဲ့ အတွေးတွေကို ရေးထားတဲ့အတွက် ဆရာတွေနဲ့ ရှေးရိုးစွဲတွေက ဒီဝတ္ထုကို မကြိုက်ကြပါဘူး။ ဒီဝတ္ထုကို ချီးကျူးတဲ့ သူတွေက ချီးကျူးတယ်၊ လွတ်လပ်ပွင့်လင်းပြီး တော်လှန်ချင်စိတ်ရှိတဲ့ လူတွေက ဒီဝတ္ထုကို သဘောကျကြတယ်။
၁၉၆၀ ခုနှစ်တွေကနေ ၇၀ ပြည့်နှစ်တွေအထိ လေလွင့်သူ စာအုပ်ကို လက်မခံသူ အများအပြား ပေါ်ပေါက်လာပါ တယ်။
စာရေးဆရာ ဖေမြင့်ရဲ့ စာအုပ်ကမ္ဘာ စာအုပ်ထဲမှာ –
“၁၉၇၈ ခုနှစ် ဝါရှင်တန်ပြည်နယ်၊ အီဆာကွာမြို့မှ ဆန့်ကျင်သူများက ဒီစာအုပ်၌ တော်လှန်လိုသော စိတ်ကူး၊ အတွေး အမြင် များ ပါဝင်ကြောင်း၊ ညစ်ညမ်းစကား၊ ဆဲရေးု တိုင်းထွာ စကားများမှာ စုစုပေါင်း ၇၈၉ ကြိမ်မျှ ပါဝင်ကြောင်း၊ ဒီ စာအုပ်သည် စာသင်ကျောင်းများ၌ ကွန်မြူနစ် အတွေးအခေါ်များ ခြေကုတ်ရရန် ပြုလုပ်သော အစီအစဉ်များတွင် တခု အပါအဝင်ဖြစ်ကြောင်း ပြောဆို၍….သို့သော် နှစ်သက်သူတို့ ဘက်ကလည်း သဲသဲမဲမဲ၊ စွဲစွဲလမ်းလမ်းပင် နှစ်သက်ခဲ့ ကြ သည်။
မြောက်မြားလှစွာသော အရွယ်ရောက် လူငယ်များအဖို့ Catcher ဝတ္ထုသည် သြဇာအလွှမ်းမိုးဆုံး စာအုပ်ဖြစ်ခဲ့သည်။ တချို့ အသိုင်းအဝိုင်းတွင်မူ Catcher သည် ကြည်ညိုလေးစားဖွယ်၊ လွန်လွန်ကဲကဲ အလေးအမြတ် ပြုခြင်းခံရသည့် အဆင့်သို့ ရောက်ရှိခဲ့သည်။
စာပေသုတသီတို့ စုစည်းဖော်ပြတတ်သည့် Cult Auther စာရင်း၊ Cult Book စာရင်းတွင် စလင်ဂျာနှင့် Catcher ဝတ္ထုတို့ ထိပ်တန်းက ပါလေ့ရှိသည်။
၁၉၈၀ ပြည့်နှစ်တွင် ဘီတဲလ်(စ်) အဖွဲ့ကို တည်ထောင်သူတဦးဖြစ်သည့် ကမ္ဘာကျော် ရော့ခ် တေးဂီတသမား ဂျွန်လင်နွန် ကို လုပ်ကြံ သတ်ဖြတ်မှုဖြစ်ပွားရာ ဒီကိစ္စတွင် Catcher ဝတ္ထုအမည်က တွဲဖက်ပါလာသည်။
အကြောင်းက သေနတ်သမား ချက်(ပ်)မန်း (Mark David Chapman) သည် Catcher ဝတ္ထုကို အရူးအမူး စွဲလမ်း နှစ်သက်သူ ဖြစ်သည်။ သူ့ကိုယ်သူ ဟိုးလ်ဒင်း ကောလ်ဖီးလ် ဟု မှတ်ယူနေသူ ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာ သည်။
ချက်မန်းသည် စိတ်အခြေအနေ ယိုယွင်းကာ ဂျွန်လင်နွန် ကို လုပ်ကြံရန် ကြံစည်လာသည်။ လပိုင်း အလိုတွင် သူ့ ဘာသာ လက်မှတ် ထိုးသည့်အခါ ဟိုးလ်ဒင်း ကော်လ်ဖီးလ် ဟု ထိုးလာပြီး ဇနီးသည်ကိုလည်း မိမိအမည်ကို စာချုပ် စာတမ်းနှင့်တကွ တရားဝင်ပြောင်းလဲမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ဆိုသည်။
ဂျွန်လင်နွန်ကို လုပ်ကြံမည့်နေ့တွင် Catcher ဝတ္ထု အသစ်တအုပ်ဝယ်ပြီး စာအုပ်ပေါ်၌ “ဖော်ပြပါတို့သည်ကား ကျွနု်ပ် ၏ ထွက်ဆိုချက်ပင် ဖြစ်သည်”ဟု ရေးသားကာ “ဟိုးလ်ဒင်း ကောလ်ဖီးလ်” ဟု လက်မှတ် ရေးထိုးခဲ့သည်။
ဂျွန်လင်နွန်ကို သေနတ်နှင့် ပစ်သတ်ပြီး ရဲများ ရောက်မလာခင်တွင် ဒီစာအုပ်ကိုပင် ထိုင်ဖတ်နေသည်ဟု ဆိုလေ သည်”လို့ ဆရာဖေမြင့်က ရေးထားပါတယ်။
ဂျေဒီ စလင်ဂျာ ကွယ်လွန်ချိန်မှာ အသက် ၉၁ နှစ်ရှိပါပြီ။ သူ့ကို နယူးယောက် စီးတီးမှာ ၁၉၁၉ ခုနှစ်က မွေးဖွားပြီး ၁၉၃၂ ခုနှစ်မှာ နယူးယောက်မြို့က မက်ဘာနီကျောင်းမှာ ပညာသင်ကြားခဲ့ပါတယ်။
အဲဒီနောက် ပင်ဆယ်လ် ဗေးနီးယားမှာ ရှိတဲ့ ဘယ်လီဖော့ စစ်တက္ကသိုလ်မှာ ပညာသင်ကြားခဲ့ပါတယ်။ ၁၉၃၆ ခုနှစ် ရောက်တော့ နယူးယောက် တက္ကသိုလ်မှာ ပညာဆက်သင်ခဲ့တယ်။ ဒါပေမယ့် စာမေးပွဲကျလို့ ၁၉၃၇ ခုနှစ်မှာ ထွက်ခဲ့တယ်။
၁၉၃၉ မှာ သူဟာ ကိုလံဘီယာ တက္ကသိုလ်မှာ ညနေသင်တန်းတွေကို တက်ရောက်ခဲ့တယ်။ အဲ့ဒီမှာ Story မဂ္ဂဇင်းက အယ်ဒီတာဖြစ်တဲ့ ဝှစ်ဘားနက်ရဲ့ တပည့်ဖြစ်လာပြီးနောက်လည်း သူဟာ စလင်ဂျာရဲ့ ဆရာရင်း ဖြစ်လာခဲ့ပါတယ်၊
၁၉၄၀ မှာ သူရဲ့ ဝတ္ထုဖြစ်တဲ့ The young Folks ဝတ္ထု ပုံနှိပ်ဖော်ပြခြင်းခံခဲ့ရတယ်။ သူ အမေရိကန် တပ်မတော်ရဲ့ အမှတ် ၄ ခြေလျင် တပ်မမှာ တာဝန် ထမ်းဆောင်ခဲ့တာဟာ ၁၉၄၂ ခုနှစ်ဖြစ်တယ်။ စစ်ကာလတုန်းက စစ် သတင်း ထောက် လုပ်နေတဲ့ အားနက်စ် ဟဲမင်းဝေး နဲ့ တွေ့ဆုံခဲ့ပါတယ်။
၁၉၄၈ ခုနှစ်မှာ စာတွေပြန်ရေးလာတဲ့ အချိန်မှာတော့ နယူးယောက်ကာ မဂ္ဂဇင်းထဲမှာ ဝတ္ထုတိုတွေ အဆက် မပြတ် ရေး ခဲ့တယ်။
လေလွင့်သူ The Catcher in the Rye ကိုတော့ ၁၉၅၁ ခုနှစ်မှာ ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ သူရေးတဲ့ Nine Stories စာအုပ် ကိုတော့ ၁၉၅၃ မှာ ပုံနှိပ်ထုတ်ဝေခဲ့တယ်။
နယူူးယောက်ကာ မဂ္ဂဇင်းမှာ ၁၉၅၅ ခုနှစ်ကနေ ၁၉၅၇ ခုနှစ်အထိ ရေးခဲ့တဲ့ ဝတ္ထုတိုတွေကို Franny and Zooey ဆိုတဲ့ နာမည်နဲ့ ၁၉၆၁ ခုနှစ်မှာ ပုံနှိပ်ထုတ်ဝေခဲ့တယ်။
၁၉၆၃ ခုနှစ်ကျတော့ ၁၉၅၅ ခုနှစ်မှာရေးတဲ့ Raise High the Roof Bean, Carpenters ဝတ္ထု နဲ့ Seymour ; An Introduction (1959) ၂ ပုဒ်ကို စာအုပ်တအုပ် အဖြစ် ထုတ်ဝေခဲ့ပါတယ်။
သူနောက်ဆုံး ရေးခဲ့တဲ့ဝတ္ထုတို Hapworth 16, 1924 ကို ၁၉၆၅ ခုနှစ်မှာ နယူးယောက်ကာ မဂ္ဂဇင်းမှာဖော်ပြ ခဲ့ပါတယ်။ ဂျေဒီ စလင်ဂျာဟာ ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီလ ၂၇ ရက်နေ့မှာ သူနေတဲ့ ကောနစ်မှာပဲ ကွယ်လွန်သွားခဲ့ပါ တယ်။ ။
ထက်မြက် သည် ရန်ကုန် အခြေစိုက် စာရေးဆရာ တဦး ဖြစ်ပြီး လက်ရှိ ပြည်တွင်းတွင် ထုတ်ဝေနေသည့် စာနယ်ဇင်း မီဒီယာများ တွင် နိုင်ငံရေး စာပေများကိုလည်း ရေးသားနေသော စာရေးဆရာ တဦးဖြစ်ပါသည်။