အသက် ၇၇ နှစ်အရွယ် ဒေါ်သန်းရွှေတယောက် အိမ်အပေါ်ထပ်မှာ ကတူးစကားနဲ့ ဘုရားရှိခိုး၊ မေတ္တာပို့၊ အမျှဝေနေချိန်မှာ အိမ်အောက်ထပ်က မြေးတသိုက်ကတော့ မြန်မာဇာတ်ကား ကြည့်နေကြပါတယ်။
တချိန်က ကတူးစကားသံတွေ ဝေစည်ခဲ့တယ်ဆိုတဲ့ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်အင်းရှိတဲ့ အင်းတော်မြို့အလွန် နန့် ဆင်ကျွန်းတောကျေးရွာက လက်ရှိအခြေအနေပါ။
ငယ်ငယ်တုန်းကတော့ မိသားစုနဲ့ ကတူးစကားပြောလာပြီး ယောင်နောက်ဆံထုံးပါလာကတည်းက ကတူးစကားပြောဖော် ငတ်တယ်လို့ အဘွားဒေါ်သန်းရွှေက ဆိုပါတယ်။ ကတူးစကားပြောမှ အားရတယ်ဆိုပေမယ့်လည်း ငယ်ကျွမ်းဆွေက ကတူး စကားမတတ်၊ “ပြောရင်တော့ နားလည်ပါတယ်ဟ”လို့ ရယ်ကျဲကျဲ ဆိုလာသူက ၇၇ နှစ်အရွယ် အဘိုး ဦးကံဦး။
ငယ်စဉ်က ရွာကဘုန်းကြီးကျောင်းမှာ စာသင်တော့ ကတူးစကားပြောရင် ကြောင်ချေးကျုံး၊ ခွေးချေးကျုံးဖို့ ပြစ်ဒဏ်ပေးလို့ ကတူးစကားမပြောတော့ရာကနေ မြန်မာစကားပဲပြောလာခဲ့တာ ခုချိန်ထိ။
အဘိုးတို့ငယ်စဉ်က မြန်မာဘုန်းတော်ကြီးကျောင်းမှာ စာသင်ရတော့ မြန်မာစကားပြောလာ၊ သားသမီးလက်ထက် ရောက် တော့ အခြေခံပညာကျောင်းတွေ ဖွင့်လာ။ မြန်မာစာတတ်တဲ့ဆရာ၊ ဆရာမတွေ သင်ကြားပေးလို့ မြန်မာစကားကြွယ်ပြီး ကတူးစကားပြောတတ်တဲ့လူငယ်တွေ ရှားလာပါတယ်။
“ကတူးစကား ငါတို့ပြောတတ်လည်း သူတို့မပြောတတ်တော့ ဗမာလို ပြောရတယ်၊ သားသမီးကျတော့လည်း ကတူးစကား ပြောရမှာ ရှက်တယ်ဆိုပြီး ဗမာစကားပဲပြောတတ်တယ်”လို့ အသက် ၇၇ နှစ်အရွယ် ဒေါ်သန်းရွှေက ပြောပါတယ်။
ခုချိန်မှာ ကတူးစကားပြောနေဆဲ ကျေးရွာတွေရှိပေမယ့် ပြောတတ်တဲ့သူ တဖြည်းဖြည်း လျော့ပါးလာတဲ့အတွက် နောင်တ ချိန်မှာ ကတူးစကားပြောတဲ့သူတွေ မရှိမှာကို တွေးပူပါပြီ။ ကတူးစကား ကွယ်ပျောက်ရင် ကတူးလူမျိုးလည်း ဒီကမ္ဘာပေါ်က နေ တဖြည်းဖြည်း ပျောက်ကွယ်သွားမှာကို စိုးရိမ်လာနေကြပါပြီ။
မိမိကိုယ်ကို ချစ်မြတ်နိုးသူဟု အနက်အဓိပ္ပာယ်ရတဲ့ သက်လူမျိုးအုပ်စုမှာ ပါဝင်သည့် ကတူးလူမျိုးများဟာ တကောင်းထိ ရောက်လာပြီးတဲ့အခါ မြန်မာနိုင်ငံအထက်ပိုင်း မဲဇာမြစ်ဝှမ်းသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ပါတယ်။ ယခုအခါ စစ်ကိုင်းတိုင်းဒေသ ကြီး ပင်လယ်ဘူးမြို့နယ်၊ အင်းတော်မြို့နယ်၊ ဗန်းမောက်မြို့နယ်နဲ့ ကသာမြို့များတွင် အများဆုံးနေထိုင်လျက်ရှိပါတယ်။
ကတူးလူမျိုးများ နေထိုင်တဲ့ကျေးရွာတွေမှာ ရွှေထွက်တဲ့အပြင် ဆားထွက်တဲ့ဒေသတွေမို့ ရွှေကျင်၊ ဆားချက်၊ တောင်သူလုပ် ငန်းတွေနဲ့ အသက်မွေးပါတယ်။ ညောင်ရမ်းခေတ်မှ ကုန်းဘောင်ခေတ်ထိလည်း မြန်မာဘုရင်တွေထံ ရွှေခွန်များ ဆက်သ ခဲ့တယ်။
ကုန်းဘောင်ခေတ်အရောက်မှာတော့ ကတူးလူမျိုးရွှေမှူးများဟာ မင်းနေပြည်တော် အရောက်အပေါက်များလာတာရယ်၊ ကတူးဒေသကို သာသနာပြုဆရာတော်များ သီတင်းသုံးကာ မြန်မာစာပေသင်ကြားရေးကို ဘုန်းတော်ကြီးကျောင်းများက တာဝန်ယူသင်ကြားပေးတာရယ်ကြောင့် ကတူးလူမျိုးတို့အတွက် မြန်မာစာနဲ့အကျွမ်းတဝင်ရှိတယ်လို့ မောင်ကျော်ရှင်း ရေး သားထားတဲ့ ကတူးနဲ့ကနန်းအလှ စာအုပ်မှာ ဖော်ပြထားပါတယ်။
အဖေကို အဝါး၊ အမေကို အမယ်၊ အစ်ကိုကို အမူး၊ အစ်မကို အသေးလို့ခေါ်ဆိုကြတဲ့ ကတူးစကားဟာ အခြေချနေထိုင်တဲ့ နေရာဒေသကွဲတဲ့အလျောက် ကတူးစကား လေယူလေသိမ်း၊ အပေါ့အလေး၊ အတန်ငယ် ကွဲပြားတယ်။ ပြီးတော့ ကတူးစ ကားတွေမှာ သက်၊ မြန်မာ၊ ကနန်း၊ တမန်၊ ရှမ်း၊ ကချင်၊ ချင်း စသော တိုင်းရင်းသားတို့ရဲ့ဘာသာစကားတွေလည်း အ ထိုက်အလျောက် ရောနှောနေတယ်လို့ ကတူးနဲ့ကနန်းအလှစာအုပ်မှာ ဖော်ပြထားပါတယ်။
ခုအချိန်မှာ ကတူးလူမျိုးတွေဟာ ဗမာစကားပဲပြောလာတဲ့အတွက် ကတူးစကားလုံးတွေ အသုံးနည်းပြီး ကွယ်ပျောက်လာ ပြီလို့ ကတူးအမျိုးသားအဖွဲ့ဗဟို ကော်မတီဝင် ဦးမောင်ကြည်က ဆိုပါတယ်။ အသက် ၆၀ အရွယ်လူကြီးပိုင်းတွေထဲမှာ ကတူးစကား ပြောတတ်သူတွေ ရှိပေမယ့် အသုံးအနှုန်းတွေ နည်းလာတော့ ရှေးဘိုးဘွားတွေ သုံးခဲ့ကြတဲ့ ကတူးစကား ၃၀ ရာခိုင်နှုန်းလောက် ပျောက်ကွယ်သွားပြီလို့ ၎င်းက ပြောပါတယ်။
ကတူးတွေရဲ့ရိုးရာထုံးစံတွေ ယဉ်ကျေးမှုနဲ့ပတ်သက်တဲ့စကားလုံးတွေ အဓိက ကွယ်ပျောက်ကုန်တာဖြစ်ပါတယ်။
စာသင်ကျောင်းတွေမှာ စာသင်လို့မရတော့ ကတူးစကားပြောရင် အရိုက်ခံရတဲ့အခါ ကတူးစကား မပြောကြတော့တာလို့ အသက် ၄၂ နှစ်အရွယ် ဦးတုတ်ဖေက သူ့ငယ်ဘဝအကြောင်းက အဖြစ်အပျက်ကို ပြန်ပြောပြတာပါ။ ကျောင်းမှာ မပြော ရတော့ အိမ်မှာလည်း မပြောဖြစ်တော့ပေမယ့် အဲဒီအချိန်တုန်းက ကျောင်းမှာပဲ ဗမာစကားပြော၊ အိမ်မှာတော့ ကတူးစကား ပဲပြောရမယ်ဆိုတဲ့ တင်းတင်းကျပ်ကျပ်တားမြစ်တဲ့ ကတူးမိသားစုတွေ ရှိခဲ့တယ်။
အဲဒီလို မိသားစုတွေကတော့ သားစဉ်မြေးဆက် ကတူးစကားကို ပြောတတ်ကြတယ်လို့ ဦးတုတ်ဖေက ပြောပြပါတယ်။ ဦး တုတ်ဖေ အတွက်ကတော့ အဘိုးအဘွားတွေက အိမ်မှာ ကတူးစကားပြောတဲ့အတွက် သူတို့ရှိစဉ်က နားထောင်ခဲ့ရလို့ ကတူးစကား အနည်းငယ်ပြောတတ်ခဲ့တာပါ။ ဒါပေမယ့် မိဘတွေကတော့ ကတူးစကား မပြောတတ်တဲ့အတွက် အပြင်မှာ ကတူးစ ကားပြောတတ်တဲ့ သူငယ်ချင်းတွေ တွေ့မှပဲပြောဖြစ်ကြတယ်၊ ဒါတောင် အကုန်လုံးမပြောတတ်ပါဘူးလို့ ဦးတုတ် ဖေက ဆိုပါတယ်။
ခုချိန်မှာတော့ ဦးတုတ်ဖေက သူ့သားသမီးတွေ ကတူးစကားပြောတတ်အောင် ဗမာစကားနဲ့ ကတူးစကားကို တွဲသင်ပေးနေ တယ်လို့ ဆိုပါတယ်။
အသက် ၂၅ နှစ်အရွယ် ကိုဇင်မင်းထွန်းကတော့ ကတူးစကားပြောတတ်ဖို့ သင်ရဦးမယ်လို့ ဆိုပါတယ်။အသက် ၄၀နဲ့ အထက်ရှိတဲ့ ကတူးလူမျိုးတွေကတော့ ကတူးစကားကို ပြောတတ်သေးတယ်။
ဒီနောက်ပိုင်း အသက်အရွယ်တွေက ဒူးစကားကို ကျွမ်းကျွမ်းကျင်ကျင် မပြောတတ်ကြလို့ လူငယ်တွေကို အရာဝထ္ထုတခု ပြပြီး ဗမာစကားနဲ့ပြောရတယ်။ ပြီးရင် ကတူးလို ဘယ်လို ပြောရတယ်၊ ဗမာလိုပြောတဲ့စကားတွေကို ကတူးလို ဘယ်လို ပြောရတယ်ဆိုပြီး ပြောရင်းနဲ့ သင်ပေးရတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် စက်တောကျေးရွာမှာ နေ ထိုင်တဲ့ ကတူးအမျိုးသားအဖွဲ့ ဥက္ကဌ ဦးဝင်းရွှေက ဆိုပါတယ်။
“ခုချိန်မှာ ကတူးစကား အပြောနည်းတယ်ဆိုပေမယ့် အနာဂတ်မှာ ကတူးစာပေရှိရင် စကားမပျောက်နိုင်ဘူး”လို့လည်း ၎င်း က ဆိုပါတယ်။
နှစ်ပေါင်း ရှည်ကြာနေထိုင်လာကြတဲ့ ကတူးတိုင်းရင်းသားတွေရဲ့စာပေဆိုတာကို အထောက်အထား အခုချိန်ထိ မတွေ့ခဲ့လို့ စာပေ သီးခြားမရှိဘူးလို့ လက်ခံထားကြပါတယ်။ လက်လှမ်းမီတဲ့သမိုင်း အထောက်အထားတွေမှာတော့ ကတူးနဲ့ ပတ် သက်တဲ့အကြောင်းအရာ အဖြစ်အပျက်တွေကို မြန်မာစာနဲ့ မှတ်တမ်းတင်ကြတယ်။ ယနေ့ခေတ် အရောက်မှာတော့ ကတူး မျိုးဆက်သစ်တွေက ကတူးစာပေ ပေါ်ပေါက်လာရေး ကြိုးပမ်းနေကြပါပြီ။
ကတူးစကားတွေ သုတေသနပြုလို့ စာပေတီထွင်ထားကြတဲ့ပညာရှင်တွေ လေးဦးလောက်ရှိတယ်။ တီထွင်ထားတဲ့စာပေ လေးခုက ပညာရှင်ပေါ်မူတည်ပြီး တခုနဲ့တခု စကားလုံးရေးသားပုံ မတူညီကြပါဘူး။ အင်္ဂလိပ်လို၊ ရောမလို၊ ပျူ စတဲ့ စာ လုံးတွေနဲ့ တီထွင်ထားကြတယ်။
ပညာရှင်တွေ တီထွင်ထားကြတဲ့ ဘယ်လိုစာပေမျိုးကို ရယူသုံးစွဲမယ်ဆိုတာ ပင်လယ်ဘူး၊ အင်းတော်၊ ဗန်းမောက်၊ ကသာ စတဲ့ ကတူးလူမျိုးအများစုနေထိုင်တဲ့ ဒေသခံတွေအကြား သဘောတူညီမှုမရရှိသေးပါ။ ပညာရှင်တွေ ဖန်တီးထားတဲ့ က တူးစာတွေကို သူ့အကြိုက်ကိုယ့်အကြိုက် ကွဲပြားနေတဲ့အတွက် တရားဝင်စာပေတခုရယ်လို့ မသတ်မှတ်နိုင်သေးပါဘူး။
ယနေ့ခေတ်ရောက်ချိန်မှာတော့ မြန်မာနိုင်ငံရဲ့အခြေခံပညာကျောင်းတွေမှာ တိုင်းရင်းသားစာပေကို သင်ကြားခွင့်ရရှိနေပါ ပြီ။ ကျောင်းတွေမှာ ကတူးစကားပြောခွင့်၊ သင်ကြားခွင့်ရရှိတဲ့အချိန်မှာတော့ ကတူးစာပေရယ်လို့ သတ်မှတ်နိုင်ခြင်းမရှိလို့ ကတူးလူငယ်မျိုးဆက်သစ်တွေ မသင်ကြားနိုင်သေးပါဘူး။
ကတူးစာပေတခုကို အောက်ခြေမှာ ညှိနှိုင်းပြီး တင်ပြလာခဲ့ရင် ကတူးစာပေတရပ် ပေါ်ပေါက်လာရေးနဲ့ စာပေသင်ကြားရေး အတွက် ဆောင်ရွက်ပေးဖို့ အသင့်ရှိနေတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နန်းမွှေးမွှေး ခင်က ပြောပါတယ်။
တီထွင်ထားတဲ့စာပေတွေထဲက ကတူးစာပေတရပ် သတ်မှတ်နိုင်ဖို့ ပင်လယ်ဘူး၊ အင်းတော်၊ ဗန်းမောက်မြို့နယ်မှ ကတူး လူငယ်သုံးဦးစီနဲ့ ကသာမြို့နယ်က နှစ်ဦးပါဝင်တဲ့အဖွဲ့တခုကို ဖွဲ့နေပါပြီလို့ ကတူးအမျိုးသားအဖွဲ့ကနေ သိရပါတယ်။
အဲဒီအဖွဲ့ကို လူငယ်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး လက်ရှိတီထွင်ထားတဲ့ ကတူးစာပေလေးမျိုးကို သူတို့တွေ အတူတူ စု ပေါင်း လေ့လာပြီး အားသာချက်၊ အားနည်းချက်တွေ ကြည့်ပြီး အကောင်းမွန်ဆုံးစာပေ သတ်မှတ်ဖို့ ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။
“သတ်မှတ်မယ့်စာပေတခုကို လူထု (ကတူးတိုင်းရင်းသားများ) ကြိုက်ဖို့က စိန်ခေါ်မှုတခုပဲ” လို့ စာပေပေါ်ပေါက်ဖို့ ဆောင် ရွက်မယ့်အဖွဲ့ထဲမှာ ပါဝင်တဲ့ အသက် ၃၇ နှစ်အရွယ် ကိုအောင်အောင်က ဆိုပါတယ်။
“ကတူးစာပေအတွက် တီထွင်ထားတဲ့ ပညာရှင်လေးယောက်လုံး စုစည်းပြီး လိုအပ်ချက်ရှိနေတာတွေကို ဝိုင်းဝန်းပြင်ဆင် ပြီး အသိအမှတ်ပြုစေချင်တယ်၊ ရှိထားတဲ့စာပေတခုချင်းကို သုံးစွဲလို့မရရင် ပညာရှင် လေးဦးလုံးက တီထွင်ထားတဲ့စာပေ တွေထဲက အကောင်းဆုံးသောနည်းစနစ်တွေ ယူပြီး အကောင်းဆုံးစာပေ တီထွင်ပေးစေချင်တယ်။ တခုတည်းသောစာပေ ပေါ်ထွန်းလာရေး ဒီလေးဦးကို လုပ်စေချင်တယ်”ဟု ကတူးအမျိုးသားအဖွဲ့ ဗဟိုကော်မတီဝင် ဦးမောင်ကြည်က ဆိုတယ်။
ကိုယ့်လူမျိုး၊ ကိုယ့်စကား မပျောက်ကွယ်ဖို့ စာပေတခု သတ်မှတ်သင်ကြားပေးနိုင်မယ့်မနက်ဖြန်ကို ကတူးတမျိုးသားလုံးက မျှော်လင့်နေကြပါတယ်။