သက်ဆိုင်ရာနိုင်ငံအစိုးရများမှ အသိအမှတ်ပြုထားခြင်း မရှိသည့် ပြည်ပတက္ကသိုလ် ၂ ခု နှင့် ပူးပေါင်းပြီး အစိုးရအဆင့်မြင့်အရာရှိများကို မဟာဘွဲ့နှင့် သင်တန်းများပေးနေကြောင်း ပေါ်ထွက်လာပြီးနောက် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ကို စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် တောင်းဆိုမှုများ မြင့်တက်လာခဲ့သည်။
နိုင်ငံ့ဝန်ထမ်းများကို ရွေးချယ်ရေးနှင့် လေ့ကျင့်သင်တန်းပေးရေးတို့အတွက် တာဝန်ရှိသော အစိုးရအဖွဲ့အစည်းတခုဖြစ်သည့် ရာထူးဝန်အဖွဲ့နှင့် ပူးပေါင်းပြီး အစိုးရအရာရှိများကို သင်တန်းပေးနေသည့် အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီပြည်နယ် အခြေစိုက် Akamai တက္ကသိုလ်နှင့် ၎င်းနှင့် ဆက်စပ် အဖွဲ့အစည်းတခုဖြစ်သော မလေးရှားနိုင်ငံမှ EDS Business School နှစ်ခုသည် အဆင့်မမီသည့်ကျောင်းများဖြစ်ကြောင်း ပြီးခဲ့သည့်လအတွင်း အင်္ဂလန်နိုင်ငံ အောက်စဖို့တက္ကသိုလ်မှ မဟာတန်း မြန်မာ ကျောင်းသားတဦးက ဖော်ထုတ်ရေးသားခဲ့ပြီးနောက် ထိုသတင်းသည် ပြည်သူများအကြား ဂယက်ထလာခဲ့သည်။ အဆိုပါ တက္ကသိုလ်နှစ်ခုသည် သက်ဆိုင်ရာနိုင်ငံ အစိုးရများက တရားဝင် အသိအမှတ်ပြုထားခြင်း မရှိသည့် အဖွဲ့များဖြစ်သည်။
အဆိုပါ မဟာတန်း ကျောင်းသား ကိုနေယံဦးက Akamai တက္ကသိုလ်ကို ရိုက်ကူးထားသည့် ဗီဒီယိုကိုပါ သူ့ဖေ့စ်ဘွတ်အကောင့်တွင် တင်ခဲ့သည်။ ထိုဗီဒီယိုတွင် “ကုန်စုံဆိုင်သာသာ” သာရှိသည်ဟု သူပြောပြသည့် ၂ ထပ် အဆောက်အဦးတခုတွင် အခန်းငယ် ၂ ခုယူပြီး ဖွင့်ထားသည့် Akamai တက္ကသိုလ်ကို တွေ့ရသည်။ အဆိုပါ တက္ကသိုလ်၏ အမည်ကို ရေးထားသည့် A4 အရွယ်စာရွက်ကို ထိုအခန်းနှစ်ခန်း၏ တံခါးပေါ်တွင် ကပ်ထားသည်။ သူ၏ ပို့စ်ကို ဝေမျှသူ အများအပြားရှိခဲ့ပြီး ထိုကဲ့သို့ အဖွဲ့များနှင့် ပူးပေါင်းလုပ်ကိုင်ခဲ့သည့် ရာထူးဝန်အဖွဲ့ ၏ ဆုံးဖြတ်ချက်ကို အင်တာနက်သုံးစွဲသူ အမြောက်အမြားက မေးခွန်းထုတ်ခဲ့ကြသည်။
အစပိုင်းတွင် ရာထူးဝန်အဖွဲ့က ထိုသတင်းကို ချေပခဲ့သည်။ သူတို့၏ တရားဝင် ဝက်ဘ်ဆိုက် စာမျက်နှာတွင် ထို တက္ကသိုလ် ၂ ခုလုံးသည် အင်္ဂလန် အခြေစိုက် Accreditation Service for International Colleges (ASIC) မှ အသိအမှတ်ပြု လက်မှတ်ရရှိထားကြောင်း ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ဆိုးသည်မှာ ASIC သည်လည်း စီးပွားရှာ လုပ်စား သင်တန်းကျောင်းများကို အသိအမှတ်ပြုပေးသည် ဆိုသည့် စွပ်စွဲချက်များဖြင့် ရင်ဆိုင်နေရသော အဖွဲ့အစည်း ဖြစ်သည်။
ပြည်သူများက ဆိုရှယ်မီဒီယာတွင် ပြင်းထန်စွာ ဝေဖန်လာခဲ့ကြသည့် နောက်ပိုင်းတွင် ရာထူးဝန်အဖွဲ့က အဆိုပါ အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်မှုကို ဇန်နဝါရီလ ၄ ရက်နေ့က စပြီး ရပ်ဆိုင်းထားလိုက်ပြီဖြစ်ကြောင်း ဇန်နဝါရီလ ၉ ရက်နေ့တွင် ပြောခဲ့သည်။ ရာထူးဝန်အဖွဲ့ ဒုအမြဲတမ်းအတွင်းဝန် ဦးမြင့်ဆွေက ထိုအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို ပြန်လည်သုံးသပ်ကာ ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး အများလက်ခံနိုင်သော အဆင့်အတန်းရှိသည့် တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဧရာဝတီသို့ ပြောခဲ့သည်။ သို့သော် ယင်းသို့ ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်ပြီး ရာထူးဝန်အဖွဲ့က ပြည်သူသို့ ရှင်းလင်းပြောဆိုခြင်း မရှိသေးပေ။
တစုံတရာ ဖြေရှင်းမှု မရှိဘဲ ထိုသို့ပြုလုပ်လိုက်ခြင်းက ပြည်သူများကို ကျေနပ်နှစ်သိမ့်မှု မဖြစ်စေဘဲ ရာထူးဝန်အဖွဲ့ကို တာဝန်ယူမှုနှင့် ပွင့်လင်းမြင်သာမှု ရှိရန် တောင်းဆိုမှုများ ပို၍ညံစေခဲ့သည်။ ထိုအချိန်တွင် ရာထူးဝန်အဖွဲ့ နှင့် တွဲပြီး လုပ်ဆောင်မှုများ၊ တွေ့ဆုံမှုများကို ဝေေ၀ဆာဆာဖော်ပြခဲ့သည့် EDS Business School ၏ တရားဝင် Facebook စာမျက်နှာ ပျောက်သွားသည်။ ကျောင်း၏ ဝက်ဘ်ဆိုက်သည်လည်း ကျသွားသည်။
ပူးပေါင်းဆောင်ရွက်မှုတွေကို ရပ်လိုက်ပြီလို့ ပြောရုံနှင့် မလုံလောက်ဟု ကိုနေယံဦးက ဧရာဝတီသို့ ပြောသည်။
“ဒီအဖွဲ့အစည်းတွေနဲ့ ဘာကြောင့် အလုပ်လုပ်ခဲ့သလဲဆိုတာ ပြည်သူတွေကို ဖြေရှင်းဖို့တော့ လိုတယ်ဗျ။ ဒီကျောင်းနှစ်ကျောင်းအတွက် ကုန်သွားတဲ့ ပြည်သူ့ဘဏ္ဍာငွေတွေ ရှိတယ်။ သူတို့ဘတ်ဂျက်တွေ ဘယ်လောက်သုံးထားလဲ။ ဒီကျောင်းနှစ်ကျောင်းက အရည်အသွေးရှိတဲ့ ကျောင်းတွေ မဟုတ်ဘူး။ ပြည်သူ့ဘဏ္ဍာငွေတွေက အလကား ဆုံးရှုံးသွားတယ်” ဟု သူက ပြောသည်။

ပူးပေါင်းဆောင်ရွက်မှုအရ Akamai တက္ကသိုလ်နှင့် EDS Business School တို့က ၂၀၁၇ ခုနှစ်မှ စတင်၍ သင်တန်းအများအပြား ပို့ချခဲ့ကြောင်း ရာထူးဝန်အဖွဲ့၏ အချက်အလက်များအရ သိရသည်။
အစိုးရဌာနများမှ ညွှန်ကြားရေးမှူးများ၊ ဗဟိုဝန်ထမ်း တက္ကသိုလ်များမှ ဘာသာရပ်ပို့ချသူ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းရေးရာ ဦးစီးဌာနနှင့် ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေး ဦးစီးဌာန တို့မှ အရာထမ်းများသို့ သူတို့က “Strategic and Corporate Planning for a Public Sector Organization”၊ “Competencies for Transformational Leadership for Civil Service”၊ “Developing a Good to Great Culture for Civil Service” နှင့် “Effective Supervision and Team Leadership Methods for Civil Service” ကဲ့သို့သော သင်တန်းများ သင်ကြားပေးခဲ့သည်။
၂၀၁၇ ခုနှစ် မေလ ၈ ရက်မှ ၁၃ ရက်အတွင်းတွင်လည်း ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများမှ အမြဲတမ်း အတွင်းဝန်များအတွက် ခေါင်းဆောင်မှုဆိုင်ရာ သင်တန်းတခု ပေးခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် “နိုင်ငံ့ဝန်ထမ်း ခေါင်းဆောင်မှု စွမ်းရည်ဆိုင်ရာ မဟာဘွဲ့” (Master of Leadership in Civil Service) သင်တန်းကို စတင်ခဲ့သည်။
ရာထူးဝန်အဖွဲ့ ၏ ပြောရေးဆိုခွင့် ရှိသူ နှင့် လက်ထောက် အတွင်းဝန် ဒေါ်ချိုမာမြင့်က “ပူးပေါင်းဆောင်ရွက်မှု ရပ်ဖို့ကို သမ္မတရုံးက ညွှန်ကြားခဲ့တာမဟုတ်ဘဲ ဥက္ကဌကိုယ်တိုင် ဆုံးဖြတ်ခဲ့တာပါ” ဟု ဇန်နဝါရီလ ၁၀ ရက်နေ့က ဧရာဝတီသို့ ပြောသည်။ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဌ ဦးဝင်းသိမ်းသည် ၂၀၁၄ ခုနှစ်တွင် ယခုဝေဖန်ခံနေရသည့် Akamai တက္ကသိုလ်မှ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို ရရှိထားသူဖြစ်သည်။
ညွှန်ကြားရေးမှူးနှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ၂၅ ဦးခန့် တက်ရောက်နေသည့် ၂ နှစ်ကြာမြင့်မည့် မဟာဘွဲ့ သင်တန်းကိုလည်း ရပ်ဆိုင်းလိုက်ပြီးဖြစ်ကြောင်း ဒေါ်ချိုမာမြင့်က ပြောသည်။
ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုကို ရပ်တန့်ရန် ဆုံးဖြတ်လိုက်ခြင်းသည် ထိုတက္ကသိုလ်များက အဆင့်မမှီခြင်းကြောင့် ဆုံးဖြတ်လိုက်ခြင်းလားဟု မေးမြန်းသည့်အခါ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ဖြေဆိုရန် ငြင်းဆိုခဲ့သည်။
ဒေါက်တာဝင်းသိမ်း ဘယ်သူလဲ
စစ်ဘက် အရာရှိဟောင်းတဦးဖြစ်သည့် ဒေါက်တာဝင်းသိမ်းက ရာထူးဝန် ဥက္ကဋ္ဌဖြစ်မလာမီ မြန်မာနိုင်ငံ ကုန်သွယ် ရေကြောင်းကောလိပ်၏ ကျောင်းအုပ် ဖြစ်ခဲ့သည်။ သူက စစ်တက္ကသိုလ် DSA အပတ်စဉ်(၁၁) နှင့် အတူ သူ၏ စစ်ဘက်နောက်ခံကို စတင်ခဲ့သည်။ မြန်မာနိုင်ငံ၏ ယခင် စစ်အစိုးရလက်ထက်က တတိယမြောက် အာဏာအရှိဆုံး သူအဖြစ် ယူဆကြသည့် ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းနှင့် အပတ်စဉ် တခုတည်း ဖြစ်သည်။
ဦးဝင်းသိမ်းသည် ၂၀၁၂ ခုနှစ်တွင် ပြည်သူ့လွှတ်တော်၏ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်တွင် အဖွဲ့ ဝင်အဖြစ်လည်း တာဝန်ပေးအပ်ခြင်းခံခဲ့ရသူ ဖြစ်သည်။
လတ်တလောနှစ်များ အတွင်းတွင် ရာထူးဝန်အဖွဲ့က ဘတ်ဂျက် အများအပြား တိုးမြှင့်တောင်းခံခဲ့သည်။ ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေ (၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၁၈ ခုနှစ် မတ်လ ၃၀ ရက်အထိ) တွင် ကျပ်ငွေ ၉.၃ ဘီလီယံ တောင်းခံခဲ့သည်။ ၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စက်တင်ဘာ ၃၀ ရက်နေ့အထိ ၆ လ ကြားဖြတ် ဘတ်ဂျက်တွင် ကျပ်ငွေ ၄.၆ ဘီလီယံ တောင်းခံခဲ့သည်။
နောက်ဆုံး ၂၀၁၈-၁၉ ခုနှစ် ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေတွင် ရာထူးဝန်အဖွဲ့က ကျပ်ငွေ ၃၉ ဘီလီယံ တောင်းခံခဲ့သည်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၊ ဟိုတယ်နှင့် ခရီးသွား ၊ သာသနာရေးနှင့် ယဉ်ကျေးမှု၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး၊ စက်မှုနှင့် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနများမှ တောင်းခံသည့် ဘတ်ဂျက်ထက် ပိုများသော ပမာဏ ဖြစ်ပါသည်။
အထက်ဖော်ပြပါ တက္ကသိုလ်၂ ခုနှင့် သင်တန်းများပို့ချရာတွင် ဘတ်ဂျက် မည်မျှသုံးစွဲခဲ့သည်ဆိုခြင်း အပါအဝင် ဘဏ္ဍာရေး ကိစ္စများနှင့် ပတ်သက်၍ ဒေါ်ချိုမာမြင့်က သူအနေနှင့် “ပြောဆိုခွင့်မရှိကြောင်း” ဧရာဝတီသို့ ပြောသည်။

PS Business School ကို တည်ထောင်သူ ကိုမျိုးမင်းက ယခုကဲ့သို့ အသိအမှတ်ပြုခံထားရခြင်း မရှိသည့်အဖွဲ့များနှင့် ရာထူးဝန်အဖွဲ့က အစိုးရအရာရှိတွေကို လေ့ကျင့်သင်တန်းပေးနေသည်ကို ကြားသိရချိန်တွင် ထိတ်လန့် အံ့အားသင့်ခဲ့ရသည်ဟု ပြောသည်။
“တက္ကသိုလ်အတု ဘွဲ့အတုပြဿနာက တကမ္ဘာလုံးမှာ ဖြစ်နေတာ။ ဒါပေမယ့် မြန်မာနိုင်ငံမှာက အရှက်မရှိဘူး။ ပြင်ဆင်ဖို့ ဂရုမစိုက်ကြဘူး။ ဖြေရှင်းရမှာလေ။ မှားရင်မှားတယ် ဝန်ခံ။ ပြည်သူတွေကို လေးစားတယ်ဆိုရင် ရှင်းရှင်းလင်းလင်း ရှင်းပြဖို့ လိုတယ်။ ရပ်လိုက်ပြီလို့ ပြောရုံနဲ့ ပြဿနာကို အဲ့လောက်ဖြေရှင်းဖို့ လွယ်သလား။ ပေါ့ပေါ့ပျက်ပျက်နဲ့ ဆောင်ရွက်နေတယ်လို့ပဲ ယူဆတယ်” ဟု သူက ပြောသည်။
အကျိုးစီးပွား ဆက်နွယ်မှု
သက်ဆိုင်ရာနိုင်ငံ အစိုးရများက အသိအမှတ်ပြုခြင်း မရှိသည့် ကိစ္စအပြင် ကိုနေယံဦးက ထို “တက္ကသိုလ်” ၂ ခုနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့တို့အကြား သံသယဖြစ်ဖွယ် ဆက်နွယ်မှုများကိုလည်း တွေ့ခဲ့သည်။
ရာထူးဝန်အဖွဲ့ ဥက္ကဌ ဒေါက်တာ ဝင်းသိမ်းနှင့် သူ၏ တူဖြစ်သူ ဒေါက်တာဝင်းမင်းသိမ်း တို့သည် Akamai တက္ကသိုလ်နှင့် EDS Business School တို့နှင့် ယခင်ကတည်းက ပတ်သက်မှုများ ရှိခဲ့သည်။
ဒေါက်တာဝင်းမင်းသိမ်းက ၂၀၁၂ ခုနှစ်တွင် Yangon City Training Center (YCTC) အမည်ရှိ ကျောင်းတခုကို တည် ထောင်ခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ထိုကျောင်းကို Nanyeng International College ဟု အမည်ပြောင်းလဲခဲ့သည်။ သူက ရာထူးဝန်အဖွဲ့ ၏ ဗဟိုဝန်ထမ်းတက္ကသိုလ်တွင်လည်း ဧည့်ပါမောက္ခ အဖြစ် လုပ်နေသည်။ သူ၏ ဖခင်ဖြစ်သူ ဦးမင်းသိမ်းမှာ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ အဖွဲ့ဝင် တဦးဖြစ်သည်။
ဒေါက်တာဝင်းမင်းသိမ်းက ၂၀၁၃ ခုနှစ်နှောင်းပိုင်းလောက်တွင် Akamai တက္ကသိုလ်နှင့် EDS Business School တို့နှင့် စချိတ်မိပြီး သင်တန်းတွေ ပူးပေါင်းပေးဖို့ ဆွေးနွေးမှုများရှိခဲ့သည်ဟု ကိုနေယံဦး က ပြောသည်။
Akamai တက္ကသိုလ်က ဒေါက်တာဝင်းမင်းသိမ်းကို သူတို့၏ Asia program အတွက် လက်ထောက်ပါမောက္ခ အဖြစ် တာဝန်ပေးခဲ့သည်။ ၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် Akamai တက္ကသိုလ် က ထိုစဉ်က ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်ဖြစ်သူ ဦးဝင်းသိမ်းကို ပညာရေးဆိုင်ရာ ခေါင်းဆောင်မှုအတွက် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ (Ph.D. Doctor of Philosophy Honoris Causa in Educational Leadership) ကို ရန်ကုန်မြို့၌ ပေးအပ်ခဲ့သည်။
၂၀၁၆ ခုနှစ်တွင် ဒေါက်တာ ဝင်းမင်းသိမ်းနှင့် EDS Business School တို့က သင်တန်း အစီအစဉ်များအတွက် ဆွေးနွေးမှုများ ဆက်လက်ရှိခဲ့သည်ဟု ကိုနေယံဦးက ပြောသည်။ ၂၀၁၆ ခုနှစ် ဧပြီလတွင် ဦးဝင်းသိမ်းက ရာထူးဝန်အဖွဲ့ ဥက္ကဌအဖြစ် ခန့်အပ်ခြင်း ခဲ့ရသည်။ နောက်ပိုင်းတွင် သူက တက္ကသိုလ် ၂ ခုကို ရာထူးဝန်အဖွဲ့ နှင့် အတူ သင်တန်းများ ပေးရန် ခွင့်ပြုခဲ့သည်။
၂၀၁၇ ခုနှစ်တွင် EDS Business School က ဒေါက်တာ ဝင်းမင်းသိမ်းကို Presidential Award for Distinguished Achievement ဆုချီးမြှင့်ခဲ့သည်။
ယခုဆောင်းပါးအတွက် မှတ်ချက်ပေးရန် ဧရာဝတီက ဒေါက်တာဝင်းမင်းသိမ်းကို ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ဆက်သွယ်တောင်းခံခဲ့ရာ ဒေါက်တာဝင်းမင်းသိမ်းက ဇန်နဝါရီလ ၁၅ရက်နေ့ နေ့လည်ပိုင်းတွင် အင်တာဗျူး ပေးရန် လက်ခံခဲ့သည်။ သို့သော် အင်္ဂါနေ့မနက်တွင် ဒေါက်တာဝင်းမင်းသိမ်းက စာသင်ချိန်များ ပြည့်နေ၍ အင်တာဗျူး မပေးနိုင်တော့ကြောင်း သူ့ လက်ထောက်က အကြောင်းကြားခဲ့သည်။
ကိုနေယံဦးက ပြည်ထောင်စုရာထူးဝန်အဖွဲ့ကို စစ်ဆေးဖို့ လိုကြောင်း တောင်းဆိုသည်။
“ကျနော်တို့က ဒီမိုကရေစီကို သွားနေတဲ့အချိန်မှာ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးပုံစံ၊ လူထုကို ဗဟိုပြုတဲ့အုပ်ချုပ်ရေးပုံစံ ပွင့်လင်းမြင်သာမှုရှိတဲ့ အုပ်ချုပ်ရေးပုံစံ ရှိဖို့လိုတယ်။ အဲ့လိုအနေအထားများမှ ရာထူးဝန်အဖွဲ့ လုပ်နေတာက ဒီမိုကရေစီစနစ်နဲ့ လုံးဝလက်ခံလို့မရတဲ့ ပုံစံမျိုးဆိုတာ တွေ့ရတယ်” ဟု ပြောသည်။
သမ္မတရုံး၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ထံသို့ တိုင်စာများပေးပို့ပြီး ရာထူးဝန်အဖွဲ့ကို စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် တောင်းဆိုသွားမည်ဟု သူက ပြောသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ မွန်ပြည်နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်တဦး ဖြစ်သည့် ဦးမျိုးဝင်းက ကိုနေယံဦးနှင့် သဘောတူညီသည်။ သူက လွှတ်တော်တွင် အစိုးရဝန်ထမ်းများ လေ့ကျင့်ရေးတွင် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် လိုအပ်နေကြောင်း ထောက်ပြတောင်းဆိုခဲ့ဖူးသူ ဖြစ်သည်။
“ကျနော် တဦးတည်း သဘောအရဆိုရင်တော့ အစိုးရ အသိအမှတ် မပြုထားတဲ့ကျောင်းနဲ့ ချိတ်ဆက်တာ ချိတ်ဆက်တဲ့သူတွေက တာဝန်ယူမှု တာဝန်ခံမှု အပြည့်အ၀ ရှိရမယ်” ဟု သူက ပြောသည်။
သမ္မတရုံး နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်တို့ကလည်း ထိုအမှုကို သိရှိပြီးဖြစ်သည်။ နေပြည်တော်၌ ပြီးခဲ့သည့် အပတ်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတခုတွင် အဆိုပါကိစ္စနှင့် ပတ်သက်၍ သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အဆိုပါကျောင်းနှစ်ကျောင်းနှင့် ပူးပေါင်းဆောင်ရွက်မှုကို ရာထူးဝန်အဖွဲ့က ရပ်ဆိုင်းထားပြီးဖြစ်ကြောင်း သတင်းထောက်တဦး၏ မေးခွန်းကို ဖြေကြားသွားခဲ့သည်။
ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ဧရာဝတီက ဆက်သွယ်မေးမြန်းသည့်အခါ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အဖွဲ့ဝင်တဦးက အဆိုပါ ကိစ္စနှင့် ပတ်သက်၍ လောလောဆယ် စုံစမ်းစစ်ဆေးမှုလုပ်ရန် မရှိသေးကြောင်းနှင့် တိုင်စာရရှိပါက ကော်မရှင်၏ လုပ်ထုံးလုပ်နည်းအတိုင်း စိစစ်သွားမည်ဖြစ်ကြောင်း ပြောသည်။
(San Yamin Aung ၏ Calls Grow for Probe of Civil Service Board Following Fake Universities Scandal ကို ဘာသာပြန်ဆိုသည်။)