အမေရိကန် နိုင်ငံရေး သိပ္ပံပညာရှင် ဖရန်စစ်ဖူကူယားမားက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို သူတွေ့ဖူးသမျှထဲမှာ ပထမဆုံး လူမျိုးရေးဝါဒီ သမ္မတ တယောက်ပဲလို့ အင်တာဗျူးတခုမှာ ဝေဖန်ဖူးပါတယ်။
ထရမ့်လက်ထက် ရောက်ခါမှ အမေရိကားမှာ ခေါင်းထောင်လာတဲ့ လူဖြူအမျိုးသားရေးဝါဒ (White Nationalism) နဲ့ ၂၀၁၃ လောက်ကတည်းက စတင်ခဲ့တဲ့ လူမည်းအခွင့်အရေးလှုံ့ဆော်မှု (Black Lives Matter Movement) တွေ အကြား အားပြိုင်လာတဲ့ ဝိသေသ နိုင်ငံရေးအကြောင်းကို ဖူကူယားမား ရေးထားတဲ့ Identity Politics ဆိုတဲ့စာအုပ်ထဲမှာဖတ်ရပါတယ်။
မတူကွဲပြားတဲ့ အုပ်စုတွေရဲ့ ဝိသေသနိုင်ငံရေး အားပြိုင်မှုကြောင့် ဒီမိုကရေစီကို အားပျော့ ချည့်နဲ့စေတဲ့ အခင်းအကျင်းတွေ ဖြစ်လာစေတယ်လို့ ဖူကူယားမားက ဆိုပါတယ်။
အမှန်တကယ်တော့ ကိုလိုနီခေတ်အလွန် ကာလကတည်းက ကိုလိုနီလက်အောက် ကျရောက် ဖူးတဲ့ နိုင်ငံအတော်များများမှာ တိုင်းရင်းသားမျိုးနွယ်စု ကွဲပြားမှုအပေါ် အခြေခံတဲ့ ဝိသေသ နိုင်ငံရေး စတင်ခဲ့ပါတယ်။
ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ ဥရောပကိုလိုနီ စနစ်ဟာ မြောက်နဲ့တောင် အမေရိက၊ ကာရေဘီယန်၊ အာဖရိက၊ သြစတြေးလျနဲ့ အာရှ-ပစိဖိတ် ဒေသတွေမှာ တိုင်းရင်းသား မျိုးနွယ်စုတွေကို အုပ်စု၊ အဆင့်အတန်း သတ်မှတ်ခွဲခြားမှုတွေ ဖြစ်စေခဲ့တဲ့ အကြောင်းတရားတခု ဖြစ်တယ်လို့ နော်ဝေနိုင်ငံသား မနုဿဗေဒပညာရှင် Thomas Hylland Eriksen က ပြောခဲ့ဖူး ပါတယ်။
ဒါကို ဒေသစကားနဲ့ပြောရင်တော့ သွေးခွဲအုပ်ချုပ်မှု (Divide and rule) လို့လည်း ပြောကြပါတယ်။ မြန်မာပြည်မှာ တောင်တန်းပြည်မ ခွဲခြားအုပ်ချုပ်တာ၊ ရဝမ်ဒါမှာ တူဆီနဲ့ ဟူတူခွဲခြားအုပ်ချုပ်တာ၊ တောင်အာဖရိကမှာ လူဖြူလူမည်း ခွဲခြားအုပ်ချုပ်တာ မျိုးတွေပေါ့။
၁၉၄၇ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗြိတိသျှနန်းရင်းဝန် အက်တလီ ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့နဲ့ တွေ့ချိန်မှာ ဗိုလ်ချုပ်က ဒီအချက်ကို ပွင့်ပွင့်လင်းလင်း ထောက်ပြခဲ့ဖူးပါတယ်။
“ယခုအခါ မြန်မာပြည်မနှင့် နယ်ခြား ဒေသများတွင် တကွဲတပြားစီ ဖြစ်နေရသည်မှာ ဘုရင်အစိုးရ အဆက်ဆက် ဆောင်ရွက်ချက် မဟုတ်သည့်တိုင် မြန်မာပြည်ကို အုပ်ချုပ်သွားခဲ့ကြသော ဗြိတိသျှ အရာရှိများ၏ မူဝါဒကြောင့်ဖြစ်ပါသည်”
နယ်မြေပိုင်ဆိုင်မှုနဲ့ လူမျိုးစုဖြစ်တည်မှုအပေါ် အခြေခံတဲ့ ဝိသေသနိုင်ငံရေးဟာ ကိုလိုနီခေတ် နှောင်းပိုင်း မြန်မာပြည် လွတ်လပ်ရေး မရခင် စပ်ကူးမတ်ကူးကာလ ကတည်းက စတင်ခဲ့ပါတယ်။ အဲဒီ ဝိသေသနိုင်ငံရေးရဲ့ နောက်ကွယ်မှာ “ဗြိတိသျှအရာရှိတွေရဲ့ မူဝါဒ” လွှမ်းမိုးမှု ရှိတယ် ဆိုတာကို အုပ်ချုပ်ရေး အစီရင်ခံစာများကို ကိုးကားပြီးရေးထားတဲ့ သမိုင်းမှတ်တမ်း စာအုပ် တချို့မှာလည်း တွေ့နိုင်ပါတယ်။
၁၉၄၆ ခုနှစ်ထဲမှာ မြန်မာပြည်ဘုရင်ခံ ဆာဒေါ်မန်စမစ်နဲ့ နယ်ခြားဒေသ အရာရှိတွေဟာ မြစ်ကြီးနား မြို့မှာ ကချင်ခေါင်းဆောင်များနဲ့ တွေ့ဆုံခဲ့ပါတယ်။ နယ်ခြားဒေသ ညွှန်ကြားရေးဝန် စတီဗင်ဆင်က လွိုင်ကော်မြို့မှာ ကရင်နီစောဖျားတွေ၊ ကရင်နီခေါင်းဆောင် တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ သူတို့ရေးဆွဲထားပြီးဖြစ်တဲ့ နယ်ခြားဒေသ အုပ်ချုပ်ရေး ဥပဒေသစ်အကြောင်း တိုင်းရင်းသား ခေါင်းဆောင်တွေကို ရှင်းပြခဲ့ပါတယ်။
မတ်လကုန်ပိုင်းလောက်မှာ ရှမ်းပြည်နယ် ပင်လုံမြို့မှာ ပထမဆုံးအကြိမ် နယ်ရှင်စော်ဘွားများ ပါဝင်တဲ့ အစည်းအဝေးတခု ကျင်းပဖို့ စီစဉ်ခဲ့ကြပြီး မြန်မာနိုင်ငံရေးသမား တွေထဲက ဂဠုန်ဦးစောနဲ့ ဗိုလ်ချုပ်အောင်ဆန်း တို့ကို ဖိတ်ကြားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအစည်းအဝေးကို ဗိုလ်ချုပ်အောင်ဆန်း မတက်ရောက်ခဲ့ပါဘူး။
ဦးအုန်းဖေ (ရှမ်းပြည်နယ် ဦးစီးအဖွဲ့ဝင်ဟောင်း) ရေးသားတဲ့ ပင်လုံစစ်တမ်း စာအုပ်မှာ “၄၆ ခုနှစ် ပင်လုံကွန်ဖရင့်၏ အဓိကပန်းတိုင်မှာ Frontier Areas Regulation (1946) ခေါ် နယ်ခြား ဒေသများဆိုင်ရာ စည်းမျဉ်းဥပဒေကို မြန်မာပြည်ဘုရင်ခံ ရှေ့မှောက်တွင် ရှမ်း၊ ကချင်၊ ချင်းနှင့် ကရင်နီ နယ်ကိုယ်စားလှယ်၊ အကြီးအကဲ၊ စော်ဘွားမြို့စားတို့က အတည်ပြုလက်ခံသည်ကို တရားဝင် လက်မှတ်ရေးထိုး ကြေညာရန်ဖြစ်သည်” လို့ ရေးသားထားပါတယ်။
အောင်ဆန်း-အက်တလီစာချုပ်ချုပ်ဆိုဖို့ လန်ဒန်မသွားခင်မှာ စော်ဘွားများနဲ့ ညှိနှိုင်းဖို့ သွားရောက် ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရှမ်းပြည်နယ် ခရီးစဉ်အပြီးမှာ ညောင်ရွှေစော်ဘွားက သဘောထား ကြေညာချက် စာတမ်းတစောင် ထုတ်ပြန်ခဲ့ပါတယ်။ ဒီကြေညာချက်မှာ ပါဝင်တဲ့အချက် တချို့ကို ပင်လုံစစ်တမ်း စာအုပ်မှာ ထည့်သွင်းဖော်ပြ ထားပါတယ်။
အဲဒီအချက်တွေကတော့ ရှမ်းပြည်ကို မြန်မာပြည်နဲ့တန်းတူ တချိန်တည်း လွတ်လပ်ရေးပေးဖို့၊ ရှမ်းပြည်ကို ဗြိတိသျှအင်ပါယာ အတွင်း ဒိုမီနီယံအဆင့်အတန်း ပေးဖို့၊ စော်ဘွားနဲ့လူထု အညီအမျှ ပေါင်းပြီး ရှမ်းပြည်လွှတ်တော်ဖွဲ့ဖို့၊ ကုလသမဂ္ဂအဖွဲ့ဝင်ဖို့နဲ့ ရှမ်းတပ်မတော် ဖွဲ့ဖို့ဆိုတဲ့ အချက်တွေ ပါပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ အင်္ဂလိပ်အစိုးရတို့ မြန်မာပြည် လွတ်လပ်ရေးအတွက် အကြိတ်အနယ် ဆွေးနွေးနေတဲ့ အချိန်မှာပဲ “ဗိုလ်ချုပ်ဟာ ရှမ်းပြည်ရဲ့ ကိုယ်စားလှယ် မဟုတ်တဲ့အကြောင်းနဲ့ နယ်ခြား ဒေသအရေး ဆွေးနွေးဖို့ ရှမ်းပြည်နယ် စော်ဘွားများကိုပဲ သီးသန့် ဖိတ်ကြားဆွေးနွေးဖို့” ကြေးနန်းတစောင် ဗြိတိသျှနန်းရင်းဝန် ရုံးကို ရောက်လာခဲ့ဖူးပါတယ်။
မြန်မာပြည် လွတ်လပ်ရေး ကြိုးပမ်းနေစဉ်ကာလမှာ ပေါ်ပေါက်ခဲ့တဲ့ ဝိသေသ နိုင်ငံရေးဟာ နယ်မြေ ပိုင်ဆိုင်မှုနဲ့ လူမျိုးစုဖြစ်တည်မှုအပေါ် အခြေခံတဲ့ ပဒေသရာဇ်လက်ကျန် စော်ဘွားများရဲ့ ဝိသေသ နိုင်ငံရေးသာ ဖြစ်ခဲ့ပြီး နိုင်ငံသား တဦးခြင်းစီရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ တန်းတူညီမျှမှုကို အကာအကွယ် ပေးနိုင်တဲ့ ဒီမိုကရေစီ အခွင့်အရေးတွေအပေါ် အခြေခံပြီး မစဉ်းစားခဲ့ကြဘူး ဆိုတာ ပေါ်လွင်ခဲ့ပါတယ်။
ဗမာတိုက်ပုံဝတ်ထားတဲ့ စစ်အုပ်ချုပ်ရေး
မြန်မာပြည်ရဲ့ ဝိသေသနိုင်ငံရေးကို ဖြစ်ပေါ်စေတဲ့ အကြောင်းတရား တွေထဲမှာ အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့ အရာရာ ဗမာမှုပြုခြင်း မူဝါဒ (Burmanization Policy) ကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုပါလိမ့်မယ်။ လက်ရှိ ဒီမိုကရေစီ အကူးအပြောင်းကာလ မှာတော့ ဦးနေဝင်းရဲ့ ဗမာမှုပြုခြင်း မူဝါဒကို ဗမာလူမျိုးကြီးဝါဒလို့ သုံးစွဲလာကြပါတယ်။
၁၉၆၀ ပြည့်နှစ်လောက်က သန်းခေါင်စာရင်းအရ လူဦးရေ သန်း၂၀ လောက်ပဲ ရှိသေးတဲ့ မြန်မာ နိုင်ငံမှာ အင်ဒီးယန်းနွယ်ဖွား ၅သိန်းလောက်နဲ့ တရုပ်နိုင်ငံသား ၃ သိန်းလောက် ရှိခဲ့ဖူးပါတယ်။ ဗြိတိသျှ ကိုလိုနီအစိုးရ လက်ထက်ကတည်းက နေလာခဲ့တဲ့ နိုင်ငံ့လူဦးရေရဲ့ ၄ ရာနှုန်းလောက်ရှိတဲ့ လူမျိုးခြားတွေဟာ ဦးနေဝင်းရဲ့ ဗမာမှုပြုခြင်း မူဝါဒ (Burmanization Policy) ကြောင့် မူရင်း နိုင်ငံတွေကို ပြန်ပို့ခံခဲ့ရတယ်ဆိုတာကို ကိုလံဘီယာ တက္ကသိုလ်က ပညာရှင် Robert Holmes က Politics of Burmanization ဆိုတဲ့ စာတမ်းထဲမှာ ၁၉၆၇ ခုနှစ်လောက် ကတည်းက ရေးခဲ့ဖူး ပါတယ်။
ဦးနေဝင်းအစိုးရဟာ ကိုလိုနီဆန့်ကျင်ရေး ကာလက သုံးခဲ့တဲ့ မျိုးချစ်စိတ်ဓာတ် မြှင့်တင်ရေး ဝါဒ ဖြန့်ချိရေး ဆောင်ပုဒ်တခု ဖြစ်တဲ့ “ဗမာစာသည် တို့စာ” ဆိုတဲ့ အနောက် ဆန့်ကျင်ရေးမူကို ဆက်ကျင့်သုံးပြီး နိုင်ငံခြားဘာသာစကား၊ တိုင်းရင်းသား ဘာသာစကား သင်တန်းကျောင်းတွေ အားလုံး ရပ်ပစ်ခဲ့ပါတယ်။ နိုင်ငံခြား သတင်းစာတိုက်တွေကို ဝါဒဖြန့်ချိရေး သတင်းမှားတွေ ထုတ်လို့ ဆိုပြီး ပိတ်ပစ်တယ်၊ ပြည်သူပိုင် သိမ်းပစ်တယ်။ အစိုးရပိုင် သတင်း အေဂျင်စီ တခုထောင်ပြီး မြန်မာနိုင်ငံရဲ့ ဘက်မလိုက် နိုင်ငံခြားရေးမူဝါဒနဲ့ မဆန့်ကျင်တဲ့ သတင်းတွေကိုပဲ ဖြန့်ခွင့် ပြုတယ်။
ပုဂ္ဂလိကပိုင် လုပ်ငန်းတွေကို ပြည်သူပိုင်သိမ်းပစ်တာ၊ နိုင်ငံခြား ကုမ္ပဏီတွေကို နိုင်ငံပိုင် လုပ်ပစ်တာ တွေကြောင့် နိုင်ငံ့စီးပွားရေး ကမောက်ကမ ဖြစ်လာပါတယ်။ ဦးနေဝင်းရဲ့ တပါတီ အာဏာရှင် ကာလ ၂၆ နှစ်လုံးလုံး ကျင့်သုံးခဲ့တဲ့ တံခါးပိတ် စီးပွားရေးမူဝါဒကြောင့် တိုင်းပြည် စီးပွားရေး ခြွတ်ခြုံကျလာခဲ့တယ်။
မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဉ်တို့၊ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်တို့ ဆိုတာတွေဟာ ဗမာတိုက်ပုံဝတ်ထားတဲ့ စစ်အုပ်ချုပ်ရေး စနစ်သာဖြစ်တယ်လို့ ပြောရမယ် ထင်ပါတယ်။ မြန်မာပြည်ဟာ ပဒေသရာဇ်ခေတ်နဲ့ ကိုလိုနီခေတ်က လွန်မြောက်ခဲ့ ပေမယ့်လည်း တပါတီ အာဏာရှင်စနစ်နဲ့ စစ်အာဏာရှင်စနစ် အောက်မှာ နောက်ထပ် အနှစ် ၅၀ နီးပါး ကြာခဲ့ပြန်ပါတယ်။
ဦးနေဝင်းရဲ့ ဗမာမှုပြုခြင်း မူဝါဒက ဗမာလူများစုနဲ့ တိုင်းရင်းသား လူနည်းစုတွေအကြား နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု မညီမျှမှုတွေ၊ တဖက်စောင်းနင်း ဖြစ်မှုတွေ ဖြစ်ပေါ်လာစေခဲ့ ပါတယ်။ ဒါကြောင့်မို့လည်း တဖက်မှာ ဦးနေဝင်းက ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒကို ဝိသေသနိုင်ငံရေး အနေနဲ့ အသုံးချပြီး မဆလ စနစ်ကို ထူထောင်နေတဲ့ အချိန်မှာ တဖက်မှာလည်း တိုင်းရင်းသား လူမျိုးရေးဝါဒ (Ethno-nationalism) အားကောင်းလာခဲ့ပါတယ်။
ဗမာဘုရင်ကို ပုန်စားတဲ့ ပဒေသရာဇ် စော်ဘွားတွေလိုပဲ တိုင်းရင်းသား ဒေသအသီးသီးမှာ လက်နက်ကိုင် တော်လှန်ရေး လုပ်ကြတဲ့ တိုင်းရင်းသား စစ်ခေါင်းဆောင်တွေ အလျှိုလျှို ပေါ်ထွက် လာကြပါတယ်။ ဒီလိုနဲ့ပဲ မြန်မာပြည်တွင်းစစ်မီးဟာ နှစ် ၇၀ ကျော်တဲ့အထိ တငွေ့ငွေ့လှိုက်လောင် နေတုန်းပါပဲ။
မြန်မာ့ဒီမိုကရေစီနဲ့ ဝိသေသနိုင်ငံရေး
နိုင်ငံရေးသိပ္ပံပညာရှင် ဖူကူယားမားကတော့ လက်ရှိကမ္ဘာ့နိုင်ငံရေးက စီးပွားရေးတွေ ဝါဒရေးရာတွေ အပေါ်မှာ သိပ်အခြေမခံတော့ဘဲ၊ ဝိသေသတွေအပေါ်မှာ ပိုပြီးတော့ အခြေခံ လာတယ်လို့ ပြောပါတယ်။ အမေရိကားမှာ လူဖြူအမျိုးသားရေးဝါဒ အားကောင်းလာတာ၊ မွတ်စလင် ကမ္ဘာမှာ အစ္စလမ် ဝိသေသပြု နိုင်ငံရေး အားကောင်းလာတာ၊ အာရှနိုင်ငံတွေဖြစ်တဲ့ သီရိလင်္ကာတို့၊ မြန်မာတို့လို နိုင်ငံတွေမှာ အစွန်းရောက်ဗုဒ္ဓဝါဒ အရှိန်မြင့် လာတာတွေကို သူက နမူနာ ပေးပါတယ်။
ဒီမိုကရေစီ နိုင်ငံတွေမှာ လက်ဝဲယိမ်းတဲ့ အုပ်စုတွေက ဖိနှိပ်ခံရတဲ့ အုပ်စုတွေဖြစ်တဲ့ တိုင်းရင်းသား မျိုးနွယ်စုတွေ၊ ရွှေ့ပြောင်း အခြေချသူတွေနဲ့ ဒုက္ခသည်တွေ၊ အမျိုးသမီးတွေနဲ့ LGBT အုပ်စုတွေရဲ့ အခွင့်အရေးကို မြှင့်တင်တဲ့သူတွေ ဖြစ်လာကြတယ်။ လက်ယာယိမ်းတွေ ကတော့ အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက်လိုတဲ့ အမျိုးသားရေးဝါဒီတွေ ဖြစ်လာကြတယ်လို့ ဖူကူယားမားရဲ့ ဝိသေသနိုင်ငံရေး (Identity Politics) စာအုပ်ထဲမှာ ရေးထားပါတယ်။
မြန်မာ့ဒီမိုကရေစီ အကူးအပြောင်း ကာလမှာတော့ ဘက်နှစ်ဘက်စလုံးက နိုင်ငံရေးသမားတွေရဲ့ ဝိသေသ နိုင်ငံရေးအားပြိုင်မှု သိသိသာသာ အားကောင်းလာတာ တွေ့ရပါတယ်။
၂၀၁၀ နောက်ပိုင်းမှာ ယူနီဖောင်းချွတ် စစ်ဗိုလ်ချုပ်ဟောင်းကြီးများ ဦးဆောင်တဲ့ အစိုးရတရပ်က အကြောက်တရား တွေကြောင့် တနိုင်ငံလုံး နှုတ်ဆိတ်နေခဲ့ရတဲ့ ကာလတခုတုန်းက စနစ်တကျ အချိန်ယူပြီး ရေးဆွဲထားခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေနဲ့ အညီ ဆက်လက်အုပ်ချုပ်ဖို့ ကြိုးစားကြ ပြန်ပါတယ်။ တပ်မတော်ဟာ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍဆိုတဲ့ နိုင်ငံ့အိမ်ဦးခန်းမှာ တာဝန် ထမ်းဆောင် နေတုန်းပါပဲ။
အဲဒီလိုပဲ ၂၀၁၀ နောက်ပိုင်းမှာ မီဒီယာလွတ်လပ်ခွင့်တွေ ဖွံ့ဖြိုးတိုးတက်လာတယ်၊ အသိအမြင် ဖွင့်ပေးတဲ့ အရပ်ဖက် အဖွဲ့အစည်းတွေ အပြိုင်းအရိုင်း ပေါ်ပေါက်လာကြတယ်။ နိုင်ငံရေး နိုးကြားမှုတွေ လူထုကြားမှာ တဖွားဖွား ပေါ်လာတယ်။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာရော၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာပါ အတိုက်အခံပါတီ NLD အနိုင်ရခဲ့ပြီး တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာနှုန်းကလွဲလို့ လူထု ရွေးကောက်တင်မြှောက် လိုက်တဲ့ အရပ်သား ကိုယ်စားလှယ် အများစု ပါဝင်တဲ့ အစိုးရသစ် တရပ်ကို ဖွဲ့နိုင်ခဲ့ပါတယ်။
အသိအမြင် ပွင့်လင်းလာတာနဲ့အမျှ လူထုကြားမှာ အကြောက်တရား တွေလည်း လျော့ပါးလာခဲ့တဲ့ အတွက် အမျိုးသမီး အခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေး၊ LGBT အခွင့်အရေးစတဲ့ ဖိနှိပ်ခံခဲ့ရတဲ့ အုပ်စုတွေရဲ့ အရေးကို ဆောင်ရွက်လာကြတဲ့ အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေ ဟာလည်း ပိုပြီး အားကောင်းလာကြပါတယ်။
ကိုလိုနီခေတ် နှောင်းပိုင်း မြန်မာပြည်က ဝိသေသနိုင်ငံရေးရဲ့ နောက်ကွယ်မှာ ကိုလိုနီစနစ် လက်မည်းကြီး ရှိခဲ့သလို၊ လက်ရှိဒီမိုကရေစီ အကူးအပြောင်းကာလရဲ့ ဝိသသနိုင်ငံရေး နောက်မှာလည်း လက်မည်းကြီးတချို့ ရှိနေပါသေးတယ်။
လက်မည်းကြီး တွေဟာ တခါတလေမှာ မျိုးနွယ်စု အခွင့်အရေးဆိုတဲ့ ခေါင်းစဉ် အောက်က လာတတ်ပါတယ်။ တခါတလေမှာတော့ ဘာသာရေးဆိုတဲ့ မျက်နှာဖုံး စွပ်ပြီး ရောက်လာတတ် ပါတယ်။ ဝိသေသနိုင်ငံရေးကို သုံးပြီး အချင်းချင်း သွေးကွဲအောင် လုပ်လို့ရသလို၊ ညီညွတ် အောင်လည်း လုပ်လို့ရတယ်လို့ ဖူကူယားမားက ဆိုပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်က ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေအကြား သဘောတူ ချုပ်ဆိုခဲ့ကြတဲ့ ပင်လုံကတိကဝတ်တွေ အကြောင်း ဒီကနေ့ ပြောဆိုကြတဲ့အခါမှာ “ကိုယ်ပိုင် အုပ်ချုပ်ရေး” နဲ့ ပတ်သက်တဲ့ ကတိကဝတ်ကိုသာ အဓိကထား ပြောဆိုကြပြီး စာချုပ်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဆန္ဒအရ ထည့်သွင်းထားခဲ့တယ် ဆိုတဲ့ ဒီမိုကရေစီရဲ့ အခြေခံမူ တချက်ကို ရည်ညွှန်းပြောဆိုတာ သိပ်မတွေ့ရပါဘူး။
အဲဒီအချက်ကတော့ “နယ်စပ်ဒေသများ၏ နယ်သူနယ်သားတို့သည် ဒီမိုကရေစီနိုင်ငံများတွင် အခြေခံများ အဖြစ် အသိအမှတ်ပြုထားသော အခွင့်အရေးများကို ခံစားနိုင်ခွင့် ရှိစေရမည်” ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။
လက်ရှိ အချိန်မှာတော့ တဖွဲ့ချင်း၊ တအုပ်စုချင်း၊ နယ်မြေဒေသတခုချင်းရဲ့ ရပိုင်ခွင့်ကို အခြေခံတဲ့ ဝိသေသ နိုင်ငံရေးထက်စာရင် နိုင်ငံသား တယောက်ချင်းစီရဲ့ အခွင့်အရေးကို အကာအကွယ် ပေးနိုင်တဲ့ ဒီမိုကရေစီ ဝိသေသကို အခြေခံတဲ့ နိုင်ငံရေးမျိုးကသာ မြန်မာနိုင်ငံနဲ့ အဆီလျော်ဆုံး ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။
(ဆောင်းပါးရှင် မွန်မွန်မြတ်သည် စာရေးဆရာမ တဦးဖြစ်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဖယပ် တက္ကသိုလ်တွင် Peace Building PhD program တက်ရောက် သင်ယူနေသူဖြစ်သည်။)