လေယာဉ်တင် သင်္ဘောတစင်းကို တိုက်ခိုက်ရန် ဒရုန်းများက ပျားကောင်များကဲ့သို့ အုပ်စုဖွဲ့ပျံသန်းကြခြင်း သို့မဟုတ် ဒုံးပျံ တိုက်ခိုက်မှုအပြီးတွင် ဖျက်ဆီးခံခဲ့ရသည့် ပြေးလမ်းတခုကို စစ်သားများက အမြန်ဆုံး ပြုပြင်နိုင်မည့် နည်းလမ်းပြသရန် ပျံတက်သွားကြခြင်းတို့က စိတ်ကူးယဉ် သိပ္ပံဇာတ်လမ်းများထဲမှ အဖြစ်များ မဟုတ်တော့ပါ။ သူတို့က ဉာဏ်ရည်တု နည်း ပညာ (AI) ဖြင့် ထိန်းချုပ်သည့် လက်နက်များ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပြိုင်ဆိုင်နေကြသော အမေရိကန်၊ တရုတ် နှင့် ရုရှား တို့၏ အစီအစဉ်တွင် ပါဝင်နေကြသည်။
ယခုအခါ စစ်ဘက်ဆိုင်ရာ AI စနစ်များတွင် တိုးတက်မှု အရှိန်မြင့်လာခြင်းနှင့် အတူ ၎င်းတို့ကို ထိန်းချုပ်စီမံရန် နိုင်ငံတကာ ဥပဒေများနှင့် ပတ်သက်၍ အကြီးအကျယ်ဆွေးနွေးမှုများ ရှိလာရသည်။ အပြောင်းအလဲ ကြီးမားစွာ ပေါ်ပေါက်စေနိုင်သည့် အဆိုပါ လက်နက်များသည် စောင်ကြည့် ထိန်းချုပ်မှု အနည်းငယ် ပြုလုပ်ပေးရုံဖြင့် စစ်မြေပြင်အတွင်းသို့ သူတို့ဖာသာ လမ်းရှာဝင်ရောက်နိုင်ကြမည့် အသွင်ရှိပါသည်။
ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သည့် ကလေးတယောက်သာ မွေးရမည့် စနစ်ကြောင့် မိဘများက သူတို့ကို တိုက်ပွဲအတွင်းသို့ စေလွှတ်ရန် ဆန္ဒမရှိကြသည့် တဦးတည်းသော သားသမီးများသာ အမြောက်အများ ရှိနေသော တရုတ်နိုင်ငံအတွက် လူမဲ့ စနစ်များက အလွန်အရေးကြီးပါသည်။ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (PLA) က ဖျက်သိမ်းရန် သက်တမ်းစေ့နေပြီ ဖြစ်သော တင့်ကားဟောင်းများကို အဝေးထိန်းစနစ်ဖြင့် ထိန်းချုပ်သည့် စက်ရုပ်များအဖြစ်သို့ ပြောင်းလဲရန် ဆောင်ရွက်နေသည်။ AI နည်းပညာကို သုံးစွဲခြင်းအားဖြင့် အဆိုပါ တင့်ကားတဖြစ်လဲ စက်ရုပ်များတွင် လူသား၏ ပါဝင်ပတ်သက်မှု လုံးဝ လိုအပ်လိမ့်မည် မဟုတ်ပါ။
အသက်အရွယ်ကြီးရင့်သူများပြားလာသည့် တိုင်းပြည် လူဦးရေမှ တပ်သားသစ်စုဆောင်းရန် အခက်အခဲနှင့် ရင်ဆိုင်နေ ရသော ဂျပန်နိုင်ငံမှ ကာကွယ်ရေးတပ်ဖွဲ့များ အတွက်လည်း အဆိုပါ နည်းပညာက စိတ်ဝင်စားစရာ ဖြစ်သည်။
သို့သော်လည်း AI နည်းပညာနှင့် ထိန်းချုပ်သည့် လက်နက်များ ပိုမို ခေတ်မီဆန်းပြားလာခြင်းက ပိုမို၍ ကြီးကျယ်သော ဆိုးကျိုးလည်း ဖြစ်နိုင်ပါသည်။ ပြီးခဲ့သည့် မတ်လက ကုလသမဂ္ဂတွင် ပြုလုပ်သော ထိုကိစ္စနှင့် ပတ်သက်သည့် အစည်း အဝေးတခုတွင် ဂျပန်က AI နှင့် အပြည့်အဝထိန်းချုပ်ပြီး လူသား၏ ဝင်ရောက် စွက်ဖက်မှုမပါဝင်ဘဲ သေစေနိုင်လောက် အောင်ပြင်းထန်သည့် အင်အားကို အသုံးပြုသော ကိုယ်တိုင်ဆုံးဖြတ်နိုင်သည့် ဖျက်အားပြင်း လက်နက်စနစ်များအပေါ် နိုင်ငံတကာ ထိန်းချုပ်ကန့်သတ်မှုများပြုလုပ်ရန် တောင်းဆိုခဲ့သည်။
အကယ်၍ လုံလောက်သည့် ကြည့်ရှုစောင့်ရှောက်မှု မပါဝင်ဘဲ ပုံစံထုတ်ခဲ့ သို့မဟုတ် အသုံးပြုခဲ့ပါက ကိုယ်တိုင် ဆုံးဖြတ် နိုင်သည့် ဖျက်အားပြင်း လက်နက်များက စစ်ပွဲဥပဒေသများ၏ အခြေခံဖြစ်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နိယာမများကို အနည်းငယ်မျှသာ အလေးထားသည့် လူသတ်စက်ရုပ်များဖြစ်လာမည့် အန္တရာယ် ရှိပါသည်။ စစ်တပ်များ သို့မဟုတ် အစိုးရများက AI စနစ်များ၏ စွမ်းဆောင်ရည်အပေါ် အလွန်တရာ ယုံကြည်အားထားလာနိုင်ခြင်းက ၎င်းတို့ကို ပဋိပက္ခများ စတင်ရန် ပိုမိုဆန္ဒရှိလာစေခြင်း သို့မဟုတ် ၎င်းတို့ကို အဆုံးသတ် ရပ်ဆိုင်းပစ်နိုင်မည့် အခွင့်အလမ်းများကို အလွယ်တကူ မျက်ကွယ်ပြုမိစေခြင်းတို့ ဖြစ်လာစေနိုင်ပါသည်။
AI လက်နက်များ၏ ဖြစ်လာနိုင်ဖွယ်ရှိသော အန္တရာယ်များကြောင့် အရပ်ဘက် အဖွဲ့အစည်းများ၏ ကန့်ကွက်မှုများ ပေါ်ပေါက်လာစေခဲ့သည်။ စစ်တပ်နှင့် အတူ AI စီမံကိန်းများတွင် ပါဝင်ဆောင်ရွက်နေသော Google ကဲ့သို့သော ကုမ္ပဏီများ မှာ ဝန်ထမ်းများ၏ ဆန့်ကျင်မှုများနှင့် ရင်ဆိုင်ခဲ့ကြရပြီး ဖြစ်သည်။
Google ၏ အမှုဆောင် အရာရှိချုပ်ဟောင်း Eric Schmidt က လူသားများသည် ထွက်ပြေးနေသော လူသတ်စက်ရုပ်များကို ထိန်းချုပ်နိုင်စွမ်း ရှိကြလိမ့်မည်ဟု ကြိုတင်ခန့်မှန်းခဲ့သည်။ အမေရိကန် စစ်တပ်အတွင်းတွင် အချို့က AI လက်နက်များ အသုံးပြုရာတွင် လူသားပါဝင်ပတ်သက်မှု အခြေအနေတခုကို မပြုလုပ်နိုင်ပါက ယခုအခါ AI သုတေသန အများစု ပြုလုပ်နေသည့် ပုဂ္ဂလိက ကဏ္ဍတွင်းမှ အင်ဂျင်နီယာများ၏ ပူးပေါင်းဆောင်ရွက်မှု ရရှိရေး အခက်အခဲ ရှိလာနိုင်သည်ဟု စိုးရိမ်နေကြသည်။
သို့သော်လည်း ထိုနယ်ပယ်တွင် အသာရရှိရေး ဝါရှင်တန်၊ ဘေဂျင်းနှင့် မော်စကိုတို့က ယှဉ်ပြိုင်နေကြသည်နှင့်အမျှ လူသတ်စက်ရုပ်များနှင့် ပတ်သက်၍ စိုးရိမ်ကြောက်လန့်မှုများက အရှိန်လျော့ကျ မသွားသေးဘဲ ရှိနေသည်။
ဥပမာပြရလျှင် အကယ်၍ အမေရိကန်က ပြည်သူလူထု၏ ထင်မြင်ချက်များကို အလေးထား၍ ၎င်း၏ AI လက်နက်များတွင် လူသားပါဝင်မှုကို သတ်မှတ်ပြဌာန်းလိုက်မည် ဆိုလျှင် တရုတ်နိုင်ငံအတွက် အပြည့်အဝ ကိုယ်ပိုင်ဆုံးဖြတ်နိုင်သည့် စနစ်များ အပြီးသတ် ဆုံးဖြတ်ချက် ချမှတ်ရန် ပိုမို မြန်ဆန်သွားစေလိမ့်မည် ဖြစ်သည်။ ထိုသို့ဖြစ်လာခဲ့ပါက အမေရိကန်အနေဖြင့်လည်း ၎င်း၏ ကိုယ်ပိုင်စနစ်များတွင် AI က ဆုံးဖြတ်ချက်များ အားလုံးကို လူထိန်းချုပ်မှု မပါဘဲ ပေးလုပ်ရန် သွေးဆောင်မှု ဖြစ်သွားနိုင်သည်။
စစ်ရေးတွင် AI ကို အသုံးပြုခြင်းက နယူကလီးယားလက်နက်များ ပေါ်ပေါက်လာခြင်းနှင့် အလားတူသည့် အဓိကကျသော ဖောက်ထွက် အောင်မြင်မှုတခုအဖြစ် ဖော်ပြလေ့ရှိသည်။ သို့သော်လည်း အမေရိကန်နှင့် ဆိုဗီယက်ကြားမှ စစ်အေး တိုက်ပွဲကာလဖြစ်သည့် ၁၉၇၀ နှစ်များအတွင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သည့် Henry Kissinger ကဲ့သို့သော လေ့လာစောင့်ကြည့်သူများကမူ AI လက်နက်များက ပို၍ပင် ထိန်းချုပ်ရန် ခက်ခဲကြောင်း တွေ့ရှိလာရနိုင်သည်ဟု စိုးရိမ်နေကြသည်။
သူတို့တွင် ပြင်းထန်သော အဖျက်စွမ်းအားရှိသော်လည်း နယူကလီးယား လက်နက်များက သူတို့၏ ကိုယ်ပိုင်စွမ်းဆောင် ရည်များကို တိုးတက်အောင် လုပ်နိုင်သည့် အစွမ်းများ မရှိကြပါ။ ကိုယ်တိုင်ဆုံးဖြတ်နိုင်သည့် စနစ်များက နောက်ဆုံးတွင် ပြင်ပမှ သွင်းအားမပါဝင်ဘဲ သူတို့ဖာသာ အဆင်မြှင့်တင် မွမ်းမံမှုပြုလုပ်ခြင်း သို့မဟုတ် အလားတ ူစွမ်းရည်ရှိသော ပုံစံတူ များကို သူတို့ဖာသာ တည်ဆောက်မှုများ ပြုလုပ်လာမည်ကို အချို့က စိုးရိမ်နေကြသည်။
အကြီးစား ထုတ်လုပ်မှုများ ပြုလုပ်ရန် ကျယ်ပြန့်၍ သိသာမြင်သာသော စက်ရုံများ လိုအပ်သည့် နယူကလီးယား ဒုံးပျံများကဲ့သို့ မဟုတ်ဘဲ AI လက်နက်များကို ဖုံးကွယ်ရန် များစွာလွယ်ကူသည့် အဖွဲ့ငယ်လေးများဖြင့် ထုတ်လုပ်နိုင်ပါသည်။
လူသားတို့၏ သဘာဝအတိုင်း ပိုပိုကြီးမားသော လုံခြုံစိတ်ချရမှုကို လိုချင်သည့် ဆန္ဒနှင့် ရန်ဘက်က ရှေ့ရောက်သွားမည် ကို စိုးရမ်ကြောက်လန့်ခြင်းတို့က လက်နက် အသစ်များ တီထွင် ထုတ်လုပ်မှုကို မောင်းနှင်နေကြသည်။ ထို့ကြောင့်ပင် ကမ္ဘာပေါ်တွင် နယူကလီးယား လက်နက်များ ရောက်လာခဲ့သည်။ ယခု ပို၍ပင် ပြဿနာရှိကြောင်း သက်သေပြနိုင်သည့် နည်းပညာသစ်ကို ဆောင်ကျဉ်းရန် ကြိုးစားကြ ပြန်သည်။
၎င်းတို့ကို ဖန်တီးခဲ့ပြီးနောက်ပိုင်း ၇၄ နှစ်အတွင်းတွင် အနုမြူဗုံးများကို ၂ ကြိမ်သာ အသုံးပြုခဲ့သည်။ ထို၂ ကြိမ်က အနုမြူလက်နက်များ၏ ကြောက်မက်ဖွယ်ကောင်းပုံကို ကမ္ဘာသို့ ပြသခဲ့သောကြောင့် ဖြစ်ပါသည်။ AI လက်နက်များ၏ ခြိမ်းခြောက်မှုနှင့် သူတို့ကို ထိန်းကျောင်းရန် ခက်ခဲခြင်းများကို နားလည်အောင် ဝေမျှခြင်းက ၎င်းတို့ကို ထိန်းသိမ်းစောင့်ကြည့်မှုအောက်တွင် ထားရှိနိုင်ရေးသို့ ဦးတည်သည့် ပထမဆုံးခြေလှမ်းကို ကိုယ်စားပြုပါလိမ့်မည်။ ဤနည်းပညာက လူသားတို့၏ ဉာဏ်ပညာနှင့် ရေရှည်မျှော်တွေးနိုင်မှုအတွက် မည်သည့်အခါတွင်မျှ မရှိခဲ့ဖူးသော စမ်းသပ် ချက်တခု ဖြစ်ပါလိမ့်မည်။
(Nikkei Asian Review ပါ AI arms race risks rise of uncontrollable killer robots ကို ဆီလျော်အောင် ဘာသာပြန်သည်။)
You may also like these stories:
မလေးရှား ထွက်မည့် ဒုက္ခသည်လှေများ ဘင်္ဂလားဒေ့ရှ် စောင့်ကြပ်တားဆီးနေ
ထိုင်းကြည်းတပ် အမေရိကန် သံချပ်ကာ ကားများ ဝယ်ယူရန် သဘောတူညီမှုရရှိ
IMF ထံမှ ဒေါ်လာ ၆ ဘီလီယံ ပါကစ္စတန် ငွေချေး
၂၀၁၉ ခုနှစ်တွင် တတိယကမ္ဘာစစ် စတင်နိုင်သောနေရာ ၅ ခု