ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ ဆောက်လုပ်ရေး ကန်ထရိုက်တာလိုင်စင်အတွက် စရန်ပေးသွင်း ထားရသည့် ငွေကျပ်သိန်း ၅၀၀ အား အတိုးခံစားခွင့်မရရှိမှုနှင့် ပတ်သတ်ပြီး မြို့တော်ဝန်ထံ တင်ပြမည်ဖြစ်ကြောင်း လိုင်စင်ရ ကန်ထရိုက်လုပ်ငန်းရှင်များက ပြောသည်။
ဆောက်လုပ်ရေးလုပ်ငန်းတခုသည် အဆောက်အအုံတခု ဆောက်လုပ်မည်ဆိုပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံ ကန်ထရိုက်တာလိုင်စင်အတွက် စရန်ငွေ ပေးသွင်းရလေ့ရှိကြောင်း၊ ယခင်မြို့တော်ဝန်ဟောင်း ဦးကိုလေး လက်ထက်က ထိုစရန်ငွေများအပေါ် အတိုးနှုန်း ခံစားခွင့်ပြုခဲ့သော်လည်း မြို့တော်ဝန် ဦးအောင်သိန်းလင်း လက်ထက် ရောက်ချိန်၌ အတိုးနှုန်းကို ခံစားခွင့်မပြုတော့ဘဲ အဖွဲ့အစည်းတခုတွင် ရန်ပုံငွေထည့်ဝင်သည်ဟုဆိုကာ ယနေ့ထိတိုင် ခံစားခွင့် ဖြတ်တောက်ခဲ့သည့်အပေါ် ယခုမြို့တော်ဝန်သစ်ထံ တင်ပြတောင်းဆိုမည်ဟု ကန်ထရိုက်လုပ်ငန်းရှင်များက ပြောသည်။
ထိုအခြေအနေများနှင့် ပတ်သက်ပြီး ကမ္ဘာ့ဘုရင် အပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေးနှင့် ရောင်းဝယ်ရေး ကုမ္ပဏီလီမီတက် ဥက္ကဋ္ဌဦးကိုကိုအောင်က “ မြို့တော်ဝန်ဦးကိုလေး လက်ထက်မှာ သိန်း ၅၀ စရန်ပေးရာကနေ သိန်း ၁၀၀ အထိ စရန်ငွေ ပေးလာရတယ်။ ဦးအောင်သိန်းလင်း လက်ထက်ရောက်တော့ သိန်း ၄၀၀ ထပ်သွင်းခိုင်းတော့ စရန်က သိန်း ၅၀၀ ဖြစ်သွားတယ်။ အရင်တုန်းက အတိုးပေးခဲ့ပြီး ဦးအောင်သိန်းလင်းလက်ထက်မှာ ရတဲ့အတိုးတွေကို မပေးတော့ဘဲ အဖွဲ့အစည်းတခုရဲ့ ရန်ပုံငွေဆိုပြီး ထုတ်သုံးလိုက်တယ်လို့ ဆိုတယ်။ အဲဒီနောက်ပိုင်း မရခဲ့တာ ဒီနေ့အထိပဲ။ ဒါကို အစိုးရသစ်ရဲ့ မြို့တော်ဝန်အသစ်ကို တင်ပြသွားမယ်” ဟု ပြောသည်။
လက်ရှိချိန်၌ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်မည်ဆိုပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ ကန်ထရိုက်လိုင်စင်အတွက် ပေးသွင်းနေရသည့် စရန်ငွေနှုန်းထားမှာ အကြီးတန်း ကန်ထရိုက်တာ လိုင်စင်ကြေး စရန်ငွေအဖြစ် ကျပ်သိန်း ၅၀၀၊ အငယ်တန်း ကန်ထရိုက်တာ လိုင်စင်ကြေး စရန်ငွေအဖြစ် သိန်း ၂၀၀ ပေးသွင်းရသည်ဟု ကန်ထရိုက်တာ လုပ်ငန်းရှင်များက ပြောသည်။
အကြီးတန်းလိုင်စင်ရ ကန်ထရိုက်တာ တဦးဖြစ်သည့် ဦးအောင်နိုင်က “ ကျနော်တို့ကတော့ ကန်ထရိုက်လိုင်စင်ကြေးသိန်း ၅၀၀ ပေးခဲ့ရတာ ၃ နှစ်လောက် ရှိနေပြီ။ လုပ်ငန်းလုံးဝမလုပ်တော့လို့ လိုင်စင်ကို ပြန်ထုတ်ရင် ဒီငွေပြန်ရမယ်။ မထုတ်ခင်မှာတော့ သူတို့ဆီအပ်ထားတဲ့ သိန်း ၅၀၀ က အတိုးကို ခံစားခွင့်ပြုတာ မရှိဘူး။ ဒါကို နဂိုတည်းက တင်ပြချင်တဲ့သူလည်း ရှိတယ်။ သိသိချည်းနဲ့ပဲ ထားခဲ့လိုက်ရတာ”ဟု ဆိုသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန ( အဆောက်အအုံ) ဒုတိယ အင်ဂျင်နီယာမှူး ဦးနေဝင်းက ကန်ထရိုက်လိုင်စင်အတွက် ပေးသွင်းထားရသည့် စရန်ငွေ ကျပ်သိန်း ၅၀၀ အပေါ် အတိုးခံစားခွင့် မရှိခြင်းသည် နိုင်ငံတော်ပေါ်လစီဖြင့်သာ ပြောင်းလဲနိုင်ပြီး စည်ပင်အနေဖြင့် လုပ်ဆောင်၍မရကြောင်း ဧရာဝတီကို ပြောသည်။
“ငွေအသေအနေနဲ့ ဘဏ်မှာထားတယ်။ အတိုး ပေးတာမပေးတာ မသိဘူး။ အတိုးက အရင်က ပေးဖူးတယ်။ နောက်ပိုင်းမှာ ငွေကို အရှင်မထားတော့ဘူး။ စီးပွားရေးဘဏ်မှာ အပ်ထားတယ်။ ဒါကို နိုင်ငံတော်ပေါ်လစီနဲ့ ပြောင်းမှရမှာ ကျနော်တို့က ပြောင်းလို့မရဘူး” ဟု ၎င်းက ဆိုသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတွင် စရန်ငွေ ကျပ်သိန်း ၅၀၀ ပေးသွင်း၍ လိုင်စင်တင်ထားသည့် ကန်ထရိုက်တာဦးရေ ၉၈၁ ဦးရှိပြီး လိုင်စင်မတင်ဘဲ လုပ်ကိုင်နေသည့် အင်ဂျင်နီယာသောင်းချီ ရှိနေကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ တရားဝင်လိုင်စင်ရရှိထားသည့် ကန်ထရိုက်များသည် “ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လိုင်စင်ရကန်ထရိုက်တာများအသင်း” (YCDC L/C Association) ဖွဲ့စည်းရန် သြဂုတ်လ ၃၁ ရက်တွင် ဖိတ်ခေါ်ခဲ့ပြီး ထိုအဖွဲ့အစည်းမှတ်ပုံတင်ရန်အတွက် ရန်ကုန်တိုင်း အစိုးရအဖွဲ့ထံ လျှောက်ထားမည်ဟု သိရသည်။
အထက်ပါအသင်း ဖွဲ့စည်းရခြင်းသည် ရန်ကုန်မြို့တော် စည်ပင်နယ်နိမိတ်အတွင်း အဆောက်အအုံများ ဆောက်လုပ်ရာ၌ အရည်အသွေးပြည့် အဆောက်အအုံများ ဖြစ်စေရန်၊ မြို့တော်အင်္ဂါရပ်နှင့်အညီ လိုအပ်သည့် စည်းမျဉ်းဥပဒေများကို အကြံပြု ဆွေးနွေးနိုင်ရန်နှင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အခက်အခဲရှိပါက ပူးပေါင်းဖြေရှင်းရန် ရည်ရွယ်ပြီး လိုင်စင်ရ ကန်ထရိုက်တာများအသင်းကို ဖွဲ့စည်းခြင်းဖြစ်သည်ဟု ၎င်းတို့က ပြောသည်။