သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်း B နယ်မြေတွင် ပါဝင်နေသည့် ဒေသခံများက စီမံကိန်းလုပ်ငန်းများ အမြန်ဆုံးဖော်ဆောင်ရန် ဆန္ဒပြတောင်းဆိုခဲ့ရာ မြန်မာ-ဂျပန် သီလဝါဖွံ့ဖြိုးတိုးတက်ရေး လီမီတက် ( MJTD) က ရန်ကုန်တိုင်း ဒေသကြီး အစိုးရနှင့် ညှိနှိုင်း၍ အမြန်ဆုံး ဆောင်ရွက်သွားမည်ဟု ပြောဆိုလိုက်သည်။
“ကျနော်တို့ဘက်က အမြန်ဆုံး လုပ်ချင်တဲ့ဆန္ဒ ရှိတယ်။ တင်ပြလာတဲ့ အခြေအနေကို သဘောတူတယ်။ မြန်မာအစိုးရဘက်က လူကြီးတွေနဲ့ ဆွေးနွေးသွားဖို့ ရှိတယ်။ တတ်နိုင်သလောက် မြန်မြန်လုပ်ပေးဖို့ ဆက်ပြီး ဆွေးနွေးသွားပါမယ်” ဟု မြန်မာ-ဂျပန် သီလဝါ ဖွံ့ဖြိုးတိုးတက်ရေးလီမီတက်၏ ( MJTD) အုပ်ချုပ်မှုဒါရိုက်တာ Mr.Takashi YANAI က ဒေသခံများကို ပြောသည်။
သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်း B တွင် ပါဝင်နေသည့် အေးမြသီတာနှင့် ရွှေဖြောက်ကျေးရွာ ၂ ရွာမှ ဒေသခံရွာသား ၁၅၀ ခန့်က စီမံကိန်းလုပ်ငန်းများ အမြန်ဆုံး စတင်လုပ်ကိုင်ပါရန် နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းက လုပ်ကိုင်ခွင့်ရ မြန်မာ-ဂျပန် သီလဝါ ဖွံ့ဖြိုးတိုးတက်ရေးလီမီတက် (MJTD) ရုံးချုပ်ရှေ့တွင် ဆန္ဒပြတောင်းဆိုခဲ့ရာ MJTD ဘက်မှ တာဝန်ရှိသူများက ဒေသခံများကို ခေါ်ယူပြီး ရုံးခန်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
ထိုစီမံကိန်း B ပါ ကျေးရွာ ၂ ရွာမှ ဒေသခံရွာသား ၉၀ ရာခိုင်နှုန်းခန့် ထိုစီမံကိန်း လုပ်ဆောင်ရန် သဘောတူမှု ပြုထားသော်လည်း ကျန်ရှိနေသည့် ၁၀ ရာခိုင်နှုန်းက ကန့်ကွက်နေသောကြောင့် ရန်ကုန်တိုင်း အစိုးရက ညှိနှိုင်းမှု အဆင်ပြေမှသာ စီမံကိန်း ဆက်လက်ဆောင်ရွက်ရန် ညွှန်ကြားခဲ့ရာ ၁ နှစ်ကျော် ကြာမြင့်နေပြီဖြစ်၍ ယခုကဲ့သို့ ဆန္ဒပြရခြင်း ဖြစ်သည်ဟု ဒေသခံ အေးမြသီတာ ကျေးရွာသား ဦးကျော်မိုးက ပြောသည်။
“ကန့်ကွက်တဲ့သူတွေ ရှိနေတဲ့အတွက် ဇုန်ဖွံ့ဖြိုးရေးလုပ်တာ နှောင့်နှေးတယ်။ ဒီစီမံကိန်းကို မြန်မြန်ဖြစ်စေချင်တယ်။ စောင့်နေတာ ၁ နှစ် ကျော်လောက် ရှိနေပြီ” ဟု ၎င်းက ဆိုသည်။
MJTD က ဒေသခံရွာသားများကို စီမံကိန်းပါ လယ်တဧကလျှင် ကျပ်သိန်း ၂၅၀၊ မြေတကွက်လျှင် ကျပ်သိန်း ၅၀၊ မလေးရှားပိတောက် တပင်လျှင် ၅၀၀၀ နှုန်းဖြင့် သတ်မှတ်ပေးလျော်ရန် လက်မှတ်ရေးထိုး သဘောတူထားကြသော်လည်း ထိုသို့ကန့်ကွက်မှုများ ရှိနေ၍ ယနေ့အချိန်ထိ လျှော်ကြေးငွေ လက်ခံမရရှိကြသောကြောင့် ဒေသခံများ စုပေါင်းပြီး ယနေ့တွင် ဆန္ဒပြတောင်းဆိုခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောပြသည်။
ဒေသခံများကျေးရွာသားများ စုပေါင်းတောင်းဆိုရာတွင် သီလဝါစက်မှုဇုန် အမြန်ဆုံး အကောင်အထည် ဖော်ပေးရေး၊ ပြောင်းရွေ့နေရာ ချထားရေးများကို အမြန်ဆုံး လုပ်ဆောင်ပေးရန် အချက်များ ပါဝင်သည်ကို တွေ့ရသည်။ မြန်မာ- ဂျပန် နှစ်နိုင်ငံ သဘောတူညီမှုဖြင့် အကောင်အထည် ဖော်နေသည့် သီလဝါ အထူးစီးပွားရေးဇုန်သည် စုစုပေါင်းဟက်တာ ၂,၄၀၀ ရှိပြီး ဇုန် A အတွက် ၃၆၉ ဟက်တာ၊ ဇုန် B အတွက် ၇၀၀ ဟက်တာ လျာထားကြောင်း သိရသည်။
ကန့်ကွက်ကြသူအချို့မှာ ကျေးရွာသားမူလမြေပိုင်ရှင်များထံမှ လယ်ယာမြေကို တဆင့်ပြန်လည် ဝယ်ယူထားကြသူများ ဖြစ်ကြပြီး ၎င်းတို့က MJTD ဘက်က ပေးလျော်သည့် လယ်ယာမြေ ၁ ဧကလျှင် ကျပ်သိန်း ၂၅၀ အစား ကျပ်သိန်း ၆၀၀ ပေးလျော်ရန် တောင်းဆိုနေသဖြင့် နှစ်ဖက်ညှိနှိုင်းမှု အဆင်ပြေချင်း မရှိဘဲ စီမံကိန်းရပ်ဆိုင်းထားသည်မှာ ၁ နှစ်ကျော် ရှိပြီဖြစ်ကြောင်း ရွှေဖြောက်ကျေးရွာခံတဦးက ပြောသည်။