ဂျပန်-မြန်မာ ပူးပေါင်းအကောင်အထည်ဖော်ဆောင်နေသည့် သီလဝါအထူး စီးပွားရေးဇုန်၌ ဂျပန်ကားကုမ္ပဏီ နှစ်ခု ရင်းနှီး မြုပ်နှံမှု ပြုလုပ်ထားရာ အိမ်နီးချင်းနိုင်ငံများမှ ကားအပိုပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီများလည်း ထပ်မံဝင်ရောက် လာမည့်အခြေအနေ ရှိကြောင်း Myanmar Japan Thilawa Development Ltd (MJTD)၏ အမှုဆောင် အရာရှိချုပ် Mr. Tomoyasu SHIMIZI က ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၆ ရက်နေ့က သီလဝါ အထူးစီးပွားရေးဇုန်ရှိ MJTD ရုံး၌ မီဒီယာများနှင့် တွေ့ဆုံရာတွင် ဧရာဝတီ ၏ မေးမြန်းချက်ကို ထိုသို့ ပြောကြားခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် ဂျပန်ကားကုမ္ပဏီ ဆူဇူကီးနှင့် တိုယိုတာ ကားကုမ္ပဏီတို့သည် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားပြီး ဆူဇူကီးကားကုမ္ပဏီက Swift ၊ Ertiga နှင့် Ciaz ကား အမျိုးအစားများကို ထုတ်လုပ် လျက်ရှိကာ တိုယိုတာကား ကုမ္ပဏီကလည်း ၂၀၂၁ ခုနှစ် ကားထုတ်လုပ်ရေးလုပ်ငန်းများ စတင်နိုင် မည်ဖြစ်ကြောင်း သိရသည်။
ဆူဇူးကီးကားကုမ္ပဏီက ၂၀၁၅ခုနှစ်မှ စတင်ကာ သီလဝါအထူးစီးပွားရေးဇုန်တွင် ကားထုတ်လုပ်ခဲ့ပြီး ၂၀၁၈ခုနှစ်တွင် ကားအစီးရေ ၁၀၅၀၀ ခန့် ထုတ်လုပ်ခဲ့ပြီး ပြည်တွင်းဈေးကွက်သို့ ဖြန့်ချီရောင်းချခဲ့ ကာ လာမည့်နှစ်တွင်လည်ူ ကားအမျိုး အစား အသစ်များလည်း ထပ်မံတိုးချဲ့ထုတ်လုပ်သွား ရန်လည်း စီစဉ်လျက်ရှိကြောင်း Suzuki (Myanmar) Motor ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ Mr.Keiichi ASANO ကလည်း ဧရာဝတီသို့ ပြောသည်။
“ ပြည်တွင်းမှာ ရောင်းအား ကောင်းလာတာနဲ့အမျှ ကျနော်တို့က တိုးချဲ့ ထုတ်လုပ်ဖို့အတွက်ကို စက်ရုံ ကိုတိုးချဲ့ပြင်ဆင် နေတယ်။ အခုက ကားအစီးရေ တသောင်းကျော်လောက် ထုတ်တယ် နောက်ဆိုရင် တသောင်းခွဲပေါ့ ဒါမှ မဟုတ်လည်း အဲ့ဒီထက် ပိုထုတ်လာနိုင်တဲ့အတွက် ကြိုပြီးပြင်ဆင်လုပ်ဆောင် နေတယ်” ဟု ဆိုသည်။
လက်ရှိအချိန်တွင် ဆူဇူကီးကားစက်ရုံအတွက် လိုအပ်သော ကားအစိတ်အပိုင်းများကို ထိုင်းနိုင်ငံအပါ အဝင် အိမ်နီးချင်း နိုင်ငံတချို့မှ တင်သွင်းကာ သီလဝါအထူးစီးပွားရေးဇုန်တွင် SKD စနစ်ဖြင့် တပ်ဆင်ပြီး ပြည်တွင်းသို့ ရောင်းချ လျက်ရှိ ကြောင်း သိရသည်။
အဆိုပါကားထုတ်လုပ်သော ဂျပန်ကုမ္ပဏီနှစ်ခုသည် သီလဝါတွင် ရင်းနှီးမြှုပ်နှံထားသော မြေဧက အကျယ်အဝန်းအထိ ကားစက်ရုံများကို အပြည့်အဝ တိုးချဲ့ပြီးစီးပါက ရှေ့လာမည့်နှစ်များတွင် ကုမ္ပဏီ နှစ်ခုမှ ကားအစီးရေ နှစ်သိန်းကျော် အထိ ထုတ်လုပ်နိုင်ကြောင်း သီလဝါအထူးစီးပွားရေးဇုန်အတွက် အကြံပေးအဖြစ် လုပ်ဆောင်နေသော ဂျပန်အပြည်ပြည် ဆိုင် ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA မှ Mr.Yoichi MATSUI ကလည်း မီဒီယာများသို့ သီလဝါအထူး စီးပွား ရေးဇုန်အခြေအနေ များကို ရှင်းပြရာ၌ ထည့်သွင်းပြောကြားခဲ့သည်။
ယင်းကြောင့် သီလဝါအထူးစီးပွားရေးဇုန်တွင် ကားစက်ရုံများမှ ကားထုတ်လုပ်မှုကို တိုးချဲ့ ထုတ်လုပ် လာမည့်နှင့် အမျှ ကားအစိတ်အပိုင်းထုတ်လုပ်သော စက်ရုံများသည် လာရောက်ရင်းနှီးမြှုပ်နှံမှုကြမည့် အခြေအနေကောင်းများ ရှိနေကြောင်း၊ အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားသော လုပ်ငန်းများသည် ပြည်ပသို့ ပို့ကုန်တင်ပို့သည့် လုပ်ငန်း များထက် ပြည်တွင်းဈေးကွက်တွင် လိုအပ် ချက်ရှိသော ကုန်ပစ္စည်းထုတ်လုပ်သော လုပ်ငန်းများက ပိုမိုများပြားကြောင်း ၎င်းက ဆက်ပြောသည်။
လက်ရှိအချိန်တွင် သီလဝါအထူးစီးပွားရေးဇုန်၌ နိုင်ငံပေါင်း ၁၉ နိုင်ငံမှ စက်မှုကုန်ထုတ်လုပ်မှု လုပ်ငန်းများ နှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်း ၁၁၀ ကျော် ရင်းနှီးမြှုုပ်နှံလျက်ရှိပြီး လုပ်ငန်း ၇၆ ခုမှာ လုပ်ငန်းစတင် လည်ပတ်နေပြီဖြစ်ကာ ကျန်လုပ်ငန်း များမှာ တည်ဆောက်ရေး လုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ယင်းလုပ်ငန်းများတွင် ကား နှင့် ကားအပိုပစ္စည်း ထုတ်လုပ်သော စက်ရုံပေါင်း ၅ ခုကျော်အထိ ရှိကြောင်း MJTD ထံမှ သိရသည်။
ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာ ခြင်းသည် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် များစွာအထောက်အကူဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု တခု ရောက်ရှိလာခြင်းသည့် ၎င်းနှင့်ဆက်စပ်သည့် အခြားလုပ်ငန်းများပါ ထပ်မံဝင်ရောက်လာနိုင်မည် ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ဧရာဝတီသို့ ပြောသည်။
“ရင်းနှီးမြှုပ်နှံမှုက ပြည်ပကိုပဲ ပို့ပို့ ပြည်တွင်းမှာပဲ ရောင်းရောင်း ရင်းနှီးမြှုပ်နှံမှု လာတယ်ဆိုကတည်း က ကောင်းတယ်။ ကားလုပ်ငန်းတွေဆိုရင် ပြည်တွင်းဈေးကွက်အလားအလာရှိရင် ပြည်တွင်းအတွက် အရင်ထုတ်ရောင်းမယ် အဲ့ဒီကနေ တဆင့် ပြည်ပကို တင်ပို့ ရောင်းချဖို့ ထပ်တိုးချဲ့လာမယ်” ဟု ဆိုသည်။
အစိုးရ၏ တပတ်ရစ်ကားအဟောင်းများ တင်သွင်းမှုလျှော့ချနေသည့် မူဝါဒအရ နှင့် ရန်ကုန်လိုင်စင်ကို ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သောကားများ (SKD စနစ်ဖြင့်) ကိုသာ ထုတ်ပေးနေခြင်းကြောင့် အများပြည်သူများက ပြည်ပမှ တင်သွင်းသည့် ကားများထက် SKD စနစ်ဖြင့်ထုတ်လုပ်သော ကားအသစ်များကို စိတ်ဝင်စားမှုမြင့်တက်လျက်ရှိနေကြောင့် ကားလုပ်ငန်း ရှင်များက ပြောဆိုကြသည်။
လတ်တလောတွင် ပြည်တွင်း၌ SKD စနစ်ဖြင့် ကားထုတ်လုပ်နေသည့် နာမည်ကြီးကားကုမ္ပဏီ တချို့မှာ ဂျပန်ကားကုမ္ပဏီ Suzuki ၊ Nissan ၊ ကီုရီးယား ကားကုမ္ပဏီ KIA ၊ Hyundai ၊ အမေရိကန်ကားကုမ္ပဏီ FORD ဖြစ်ပြီး တရုတ်ကားကုမ္ပဏီ များ အပါအဝင် ပြည်တွင်း ကုမ္ပဏီပေါင်း ၁၇ ခုခန့်က ကားထုတ်လုပ်သည့် လုပ်ငန်းများကို ရင်းနှီးမြှုပ်နှံလျက်ရှိသည်။
ယင်းသို့ ကားထုတ်လုပ်ရေး လုပ်ငန်း အများအပြား မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားပြီးဖြစ်ခြင်းနှင့် SKD စနစ်ဖြင့် ကား အသစ်များကိုအရစ်ကျစနစ်များဖြင့်အလွယ်တကူဝယ်ယူလာနိုင်ခြင်းတို့ကြောင့် ကားအသစ်ဈေးကွက်သည် ပြည်တွင်း၌ ပိုမိုအားကောင်းလာနိုင်မည်ဖြစ်၍ အဆိုပါလုပ်ငန်းများ နှင့် ဆက်စပ်သော ကားအစိတ်အပိုင်းထုတ်လုပ်သော လုပ်ငန်းများ သည်လည်း ရင်းနှီးမြှုပ်နှံလာကြမည့် အလာအလားကောင်းရှိနေကြောင်း လုပ်ငန်းရှင်များကလည်း ဆိုသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် သြဂုတ်လအတွင်း၌ ဂျပန်-အမေရိကန် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်သို့ တက်ရောက်အမှာစကားပြောကြားပြီး ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာရန် ဖိတ်ခေါ်မှုများ ပြုလုပ်ခဲ့ကာ သီလဝါအထူးစီးပွားရေးဇုန်သို့လည်း ပထမဦးဆုံးအကြိမ်အဖြစ် သွားရောက် လေ့လာခဲ့သည်။
မြန်မာနိုင်ငံသည် အထူးစီးပွားရေးဇုန်သုံးခုကို အကောင်အထည်ဖော်လျက်ရှိပြီး ရန်ကုန်မြို့ရှိ သီလဝါ အထူးစီးပွားရေးဇုန် တခုသာ စတင်လည်ပတ်လျက်ရှိပြီး ရခိုင်ပြည်နယ်တွင် ကျောက်ဖြူအထူး စီးပွားရေးဇုန် နှင့် တနင်္သာရီတိုင်းတွင် ထားဝယ်အထူးစီးပွားရေးဇုန် များကို အကောင်အထည်ဖော်ရန် လုပ်ဆောင်နေဆဲဖြစ်သည်။