အာဏာရှင်ခေတ်တလျှောက် မြေယာသိမ်းယူမှု အမြောက်အမြားရှိခဲ့တဲ့မြန်မာနိုင်ငံမှာ ၂၀၁၃ ခုနှစ်အထိ သိမ်းယူခဲ့တဲ့ မြေဧကပေါင်း ၅ ဒဿမ ၃သန်း ရှိတယ်လို့ ပြီးခဲ့တဲ့နှစ် Global Witness က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒီမြေဧကပမာဏဟာ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့ရဲ့ ၃၅ ဆရှိပါတယ်။ ဒီလိုသိမ်းယူလိုက်တဲ့ မြေတွေကိုတော့ ပြည်တွင်းက ခရိုနီကုမ္ပဏီတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို စိုက်ပျိုးရေးလုပ်ငန်းလုပ်ဆောင်ဖို့ ဆိုပြီး ချပေးခဲ့တာ ဖြစ်တယ်လို့ လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
နယ်သာလန်အခြေစိုက် TNI (Transnational Institute )ရဲ့ အစီရင်ခံစာမှာလည်း စစ်ပွဲဖြစ်နေတဲ့ မြန်မာနိုင်ငံမြောက်ပိုင်းက မြေယာသိမ်းယူမှုတွေ အကြောင်းနဲ့ စစ်ပွဲတွေကြောင့် ဒေသခံတွေ ရှောင်တိမ်းနေရတဲ့အချိန်မှာ ကုမ္ပဏီတွေ၊ တရုတ် နိုင်ငံက စီးပွားရေးသမားတွေဝင်ရောက် သိမ်းယူခဲ့ကြတဲ့အကြောင်း ဖော်ပြထားပါတယ်။
မြေယာအလွဲသုံးစားမှု ပြဿနာတွေဟာ အခုလို စီးပွားရေး တံခါးဖွင့်ပြီး ရင်းနှီးမြုပ်နှံမှုတွေကို ဖိတ်ခေါ်တဲ့အခါမှာ ကြီးမား တဲ့ အတားအဆီးကို ဖြစ်ပေါ်စေပါတယ်။ ဒီအခက်အခဲတွေကို လက်ရှိအစိုးရ ကျော်လွှားနိုင်မှာလား။ ဘယ်လိုကျော်လွှား မလဲ။
ရင်းနှီးမြှုပ်နှံမှုအတွက် အဟန့်အတား
နိုင်ငံတကာမှာ ရင်းနှီးမြှုပ်နှံမှုတခုလုပ်ရင် မြေကြီးအတွက် ထည့်ဝင်ရတဲ့ပမာဏ (Land value)က ၂၀ ရာနှုန်းလောက်ပဲရှိ ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ၃၀ ရာနှုန်း နဲ့ ၄၀ရာနှုန်း ကြားရှိနေပါတယ်။ ဒါဟာ ရင်းနှီးမြှုပ်နှံမှုအတွက်တော့ ကြီးမား တဲ့ အတားအဆီးဖြစ်နေပါတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာပဲဖြစ်ဖြစ်၊ ပြည်တွင်းပဲဖြစ်ဖြစ် မြေဈေးကို လျှော့ချမယ်ဆိုရင် အသုံးမပြုဘဲ ပစ်ထားတဲ့ မြေတွေကို ပြန်သိမ်းပြီး သင့်တော်တဲ့ ဈေးနှုန်းတခုခုနဲ့ ချပေးတာမျိုး လုပ်သင့်တယ်လို့ မြင်ကြပါတယ်။
“ကျနော်တို့ အခြားနိုင်ငံတွေရဲ့ ဥပမာကို ကြည့်ဖို့လိုမယ်။ ဥပမာ ဗီယက်နမ်ဆိုရင် Investor ကို အလကားနီးပါး ပေးလိုက် တာတောင်ရှိတယ်။ မြန်မာနိုင်ငံကတော့ မြေကြီးပေါ်မှာ အမြတ်စားရတဲ့ တဒင်္ဂကိုပဲ သာယာနေကြတယ်။ မြေက တကယ် ရှားတာမဟုတ်ဘူး။ လက်ဝါးကြီးအုပ်မှုတွေ များနေတာ။ ဒီလို လက်ဝါးကြီးအုပ်မှုတွေကို ဖယ်ရှားပြီးတော့ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုကို ဆွဲမယ်ဆိုရင်တော့ အကျိုးရှိနိုင်တယ်”လို့ စိမ်းလန်းအမိမြေရဲ့ အမှုဆောင်ဒါရိုက်တာဖြစ်တဲ့ ဦးဝင်းမျိုးသူက ပြောပါတယ်။
ဒီနေရာမှာ မြေဈေး လျော့နိုင်ရုံတခုတည်း မဟုတ်ဘဲ အခြားအကြောင်းအချက်တွေလည်း အကျုံးဝင်နေသေးတယ်လို့ မြင်တဲ့အမြင်ရှိပေမယ့် သေချာတာတခုကတော့ မြေဈေးကြီးတဲ့အတွက် ပြည်တွင်းက အသေးစားလုပ်ငန်းတွေ ကိုယ်တိုင်လည်း လုပ်လို့ကိုင်လို့မရတဲ့ အနေအထားရှိနေတယ်လို့ ဆိုပါတယ်။
စက်ရုံမငှားနိုင်၊ ရုံးခန်းတွေမဖွင့်နိုင် ဖြစ်နေကြတဲ့အတွက် မြေကို ဈေးသက်သက်သာသာနဲ့ရအောင်တော့ နိုင်ငံတော်က Subsidized Rate နဲ့လုပ်ပေးဖို့ လိုအပ်တယ်လို့ မြင်တဲ့အမြင်တွေလည်း ရှိပါတယ်။
အစိုးရသစ်လက်ထက်မှာတော့ စက်မှုဇုန်တွေမှာ မြေတွေကိုယူပြီး ဒီအတိုင်းပစ်ထားတာကို ရန်ကုန်တိုင်းအစိုးရက စာရင်းကောက်နေတယ်ဆိုတဲ့အသံထွက်ပေါ်လာပေမယ့် အထပ်မြင့်တိုက်တွေကို စစ်ဆေးအရေးယူတာမျိုး အဖျားရှူးသွား မလားလို့ စိုးရိမ်နေတာလည်း ရှိပါတယ်။
လေ့လာသုံးသပ်သူတွေကတော့ မြေယာစီမံခန့်ခွဲမှုကို သေချာလုပ်မှရမယ်။ မြေယာစီမံခန့်ခွဲမှုဟာ နိုင်ငံတကာရင်းနီးမြှုပ် နှံမှုနဲ့ရော ပြည်တွင်းရင်းနှီးမြှုပ်နှံမှုနဲ့ရော တိုက်ရိုက်အချိုးကျနေတယ်လို့ သုံးသပ်ကြပါတယ်။
“မကြာခင်က ထိုင်ဝမ်က စီးပွားရေးတဖွဲ့လာတယ်။ စက်မှုဇုန်ဆောက်ဖို့ ဧက ၂၀၀ လောက်လိုတယ်။ သူတို့က အိမ်ထောင် ပရိဘောဂစက်ရုံထောင်ချင်တယ်။ ထောင်ဖြစ်ရင် ဒေသခံအလုပ်သမား ငါးထောင်၊ ခြောက်ထောင်လောက် အလုပ်ရမယ်။ နောက်တခုက Value Chain ကြီးတခုလုံး ဒီမှာရမယ်ဆိုတော့ ကျနော်တို့က အရမ်း ဖြစ်ချင်တယ်။ ဒါပေမယ့် မြေက ဒီမှာရ ဖို့ မလွယ်ပါဘူး” လို့ ဦးဝင်းမျိုးသူက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိအချိန်အထိ မြေနဲ့ပတ်သက်တဲ့မူဝါဒတွေကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မလုပ်နိုင်သေးတဲ့ အကြောင်း မြန်မာနိုင်ငံရင်နှီးမြှုပ်နှံမှု ကော်မရှင်အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားထားပါတယ်။
“မြေယာနဲ့ပတ်သက်ရင် ဥပဒေပိုင်းဆိုင်ရာတွေရော၊ လုပ်ထုံးလုပ်နည်းပါ ပြင်ရမယ့်ဟာတွေ ရှိနေသေးတယ်။ ရင်းနှီးမြှုပ်နှံ သူတွေကလည်း မြေကို အခြေပြုပြီးမှ လုပ်ရတဲ့အခါကျတော့ တိကျတဲ့ မူဝါဒ မထွက်သေးသရွေ့ဝင်ရောက်လာဖို့ ခက်ခဲ နေဦးမယ်”လို့ သူက ပြောခဲ့ပါတယ်။
၂၀၁၆ ခုနှစ် ဇန်နဝါရီလက မြန်မာနိုင်ငံရဲ့မြေယာအသုံးချမှုမူဝါဒ (National Land Use Policy) ထွက်ပေါ်လာခဲ့ပါတယ်။ ပြည်ထောင်စုအစိုးရကို တင်ထားတဲ့ အဆင့်သာရှိနေပါသေးတယ်။ ဥပဒေတရပ်အနေနဲ့ ထွက်ပေါ်လာနိုင်ခြင်း မရှိသေးပါ ဘူး။
၂၀၁၆ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ်အကြား မြန်မာနိုင်ငံရဲ့ရင်နှီးမြှုပ်နှံမှုပမာဏကို နှစ်စဉ် ဒေါ်လာခြောက်ဘီလျံ ရရှိဖို့ မျှော်မှန်း ထားပါတယ်။ ဒါပေမယ့် ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ ဝင်ရောက်လာတဲ့ ပမာဏက အမေရိကန် ဒေါ်လာ၂ ဒဿမ ၀၆ ဘီလျံ (နိုဝင်ဘာလလယ် အထိ ) သာ ရှိနေပါသေးတယ်။
မြေဈေးကို ဘယ်လို ထိန်းချုပ်မလဲ
မြေယာကဏ္ဍမှာ တနိုင်ငံလုံးကို ခြုံကြည့်ပြီး ကဏ္ဍအလိုက်အကဲဖြတ်( Sector Evaluation) ရမယ့် အပိုင်းက ပြည်ထောင် စုရဲ့အပိုင်းဖြစ်ပါတယ်။ ဒါကြောင့် မြေဈေးတွေမြင့်တက်တာကို ဘယ်လိုလုပ်သင့်သလဲဆိုတာ ပြည်ထောင်စုက ဆုံးဖြတ်ရ မှာပါ။ နိုင်ငံတကာမှာတော့ အခွန်နဲ့ ထိန်းလေ့ ရှိပါတယ်။
ပထမအချက်အနေနဲ့မြေဈေးတက်တာ Project တွေကြောင့် တက်တယ်ဆိုရင် နိုင်ငံတကာမှာ Betterment Tax ကောက်လေ့ ရှိပါတယ်။ Betterment Tax ကို ၇၀ ရာနှုန်းအထိ ကောက်တတ်ပါတယ်။
ဒုတိယအချက်က နှစ်စဉ်နှစ်တိုင်း တန်ဖိုးကို ကြေညာရပါတယ်။ အဲဒီတန်ဖိုး အပေါ်မှာ Properties Gain Tax ကောက်ပါ တယ်။ ဒီနှစ်မှာ သိန်း ၁၀၀ ဈေးပေါက်တဲ့ အိမ်တလုံးဟာ နောက်နှစ်မှာ သိန်း ၁၂၀ ဈေးပေါက်ရင် ထပ်တိုး သိန်း၂၀ အပေါ် မှာ အခွန်ထပ်ကောက်ပါတယ်။
တတိယအချက်ကတော့ မြေကွက်လပ်တွေရှိရင် Idle Tax အနေနဲ့ပျမ်းမျှအားဖြင့် ၅ ရာခိုင်နှုန်းလောက် ကောက်လေ့ရှိ ပါတယ်။ ဥပမာအားဖြင့် သိန်းတထောင်တန် မြေတကွက်ကို နှစ်၂၀ ပစ်ထားရင် အစိုးရကို နောက်ထပ် သိန်းတထောင် ထပ်ပေးရပါတယ်။
ဒါတွေက မြေကစားလို့မရအောင် ချုပ်ကိုင်ထားတာတွေပါ။ ရန်ကုန်မှာတော့ သူဌေးက မြေကို ကိုင်ထားပြီး ကြိုက်ဈေးရမှ ရောင်းပါတယ်။ ဒါကို ဘယ်သူမှ အရေးယူမယ့်သူလည်း မရှိပါဘူး။ အရေးယူရကောင်းမှန်းလည်း မသိပါဘူး။ မြေပိုင်ရှင် စနစ်ကို လက်ခံထားသလိုမျိုး ဖြစ်နေပါတယ်။
မြေယာပေါ်လစီနဲ့ ပတ်သက်ရင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ( MIC )က တိုက်ရိုက်မကိုင်တွယ်ဘဲ သစ်တောရေး ရာဝန်ကြီးဌာနကသာ ကိုင်တွယ်နေတယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ဒုတိယညွန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောပါတယ်။ ဥပဒေထွက်မလာသေးတဲ့ အတွက် MIC ရဲ့လုပ်ငန်းတွေအပေါ်မှာ အထောက်အကူပြု နေသလား၊ ဆန့်ကျင်နေသလားဆိုတာပြောဖို့ စောနေသေးတယ်လို့လည်း သူက ပြောပါတယ်။
သတင်းရပ်ကွက်မှာ အမြဲလိုလို ကြားနေရတာက “အစိုးရမှာ မြေမရှိဘူး”ဆိုတဲ့ အသံပဲ ဖြစ်ပါတယ်။ ဒီပြဿနာကို ဖြေရှင်း ရေးအတွက် မြေအသုံးချမှုပေါ်လစီကို ပြောင်းဖို့၊ ဒါမှမဟုတ် အိမ်ခြံမြေ သန်းခေါင်စာရင်း ကောက်ဖို့၊ ဒါမှမဟုတ်ရင် ယူထားတဲ့သူတွေက မြေပြန်ပေးဖို့ စသဖြင့် အကြံပေးတတ်ပါတယ်။
မြေယာအသုံးချမူပေါ်လစီကို ပြောင်းတဲ့အခါ တဖက်စောင်းနင်းဖြစ်ရင် လယ်သမားက ဆန္ဒပြနိုင်ပါတယ်။ အိမ်ခြံမြေ သန်းခေါင်စာရင်းကောက်မယ်ဆိုရင်လည်း အစိုးရက သတ္တိရှိဖို့လိုပါတယ်။ မြန်မာနိုင်ငံရဲ့မြေဧရိယာကတော့ ၂၆၁၂၂၇ စတုရန်းမိုင်ထက် ထပ်ချဲ့လို့ မရနိုင်တော့ပါဘူး။
စီမံခန့်ခွဲမှု လွဲမှားနေသလား
မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အကျယ်အဝန်းအားဖြင့် ၄၀ မြောက် အကြီးဆုံးနိုင်ငံပါ။ ဂျာမနီနဲ့ အီတလီ နှစ်နိုင်ငံပေါင်းထားတာနဲ့ အတူတူလောက်ရှိပါတယ်။ ဒါပေမယ့် ဂျာမနီနဲ့ အီတလီမှာ မြန်မာနိုင်ငံလို အိမ်ခြံမြေ ပြဿနာ မရှိပါဘူး။ မြေပိုင်ဆိုင်မှု ပိုကြီးတဲ့ မြန်မာနိုင်ငံမှာ ဒီ ပြဿနာရှိနေရတဲ့အချက်က တခုခုလွဲမှားနေတာကို ပြနေပါတယ်။
“မြန်မာနိုင်ငံရဲ့ ပြဿနာက မြေမရှိလို့ဖြစ်နေတဲ့ ပြဿနာ မဟုတ်ဘူး။ ဒီမြေတွေကို ဘယ်လို မှန်မှန်ကန်ကန်နဲ့ အသုံးချမလဲ ဆိုတဲ့ ပြဿနာပဲ” လို့ အိမ်ခြံမြေဈေးကွက် သုတေသနလုပ်ခဲ့တဲ့ Consilium Company ရဲ့ဥက္ကဌ David Proctor က ထောက်ပြဖူးပါတယ်။
မြန်မာနိုင်ငံမှာ မြေယာကို ကိုင်ထားတဲ့ ဝန်ကြီးဌာန လေးခု ရှိပါတယ်။ သစ်တောရေးရာဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့ ဖြစ်ပါတယ်။
“မြေနဲ့ပတ်သက်ရင် မြေယာအသုံးချမူဝါဒကို သစ်တောက ရေးဆွဲပါတယ်။ လယ်ဆည်ကို စိုက်ပျိုး ရေးက ကိုင်ပါတယ်။ အိုးအိမ်၊ စည်ပင်၊ ထွေအုပ်၊ မြေစာရင်းတို့က မြို့ပြမြေ ( urban land )ကို သုံးကြပါတယ်။ ဒီဌာန လေးခုကို ပူးပေါင်းလို့ မရဘူးဖြစ်နေတယ်”လို့ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတဦးက ပြောပါတယ်။
မြေဈေးနှုန်းတွေဟာ မြို့တွင်းမြို့နယ်တွေမှာ တပေပတ်လည်ကို ၁၅ သိန်းနဲ့ သိန်း ၂၀ ကြားမှာ ရှိနေပါတယ်။ စက်မှုဇုန် တွေမှာတော့ တကယ်ဖွံ့ ဖြိုးနေရင် တဧကကို သိန်းငါးထောင်လောက်ရှိနေပါတယ်။
“ပြောရရင်တော့ မြေဈေးက ကျမသွားဘူး။ မြန်မာနိင်ငံမှာ မြေဈေး အမြင့်ဆုံးက ၂၀၁၃- ၂၀၁၄ ကာလပါ။ အခုလည်း ကျ လားဆိုတော့ မကျပါဘူး။ မြို့သစ်ဘက်က အကွက်လေးတွေလောက်ပဲ ကျတယ်။ မြေကိုင်ထားတဲ့သူတွေက မြေထုတ်မ ရောင်းလည်း ပြဿနာတော့ မရှိဘူး။ ဘဏ်မှာ အပေါင်ထားပြီး ငွေချေးလို့ရတယ်။ ဒါကြောင့် ဈေးကွက်အေးပေမယ့် ထုတ် မရောင်းကြသလို ဈေးလည်းမကျဘူး” လို့ ယူနတီအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းရဲ့ ဒါရိုက်တာ ဦးဇော်ဇော်က ပြော ပါတယ်။
တဦးချင်းဝင်ငွေ (Per capital GDP) အမေရိကန် ဒေါ်လာ ၁၂၀၀ ဝန်းကျင်လောက်သာ ရှိတဲ့နိုင်ငံ၊ ရင်းနှီးမြှုပ်နှံမှုတွေ ကျ ဆင်းနေတဲ့ နိုင်ငံ၊ ဆင်းရဲမွဲတေမှု ၂၆ ရာနှုန်း ရှိတဲ့ နိုင်ငံတနိုင်ငံမှာ ယခုလောက်အထိ မြေဈေးတွေ မြင့်တက်နေတာကို အစိုးရက တကယ်ထိန်းချုပ်နိုင်ပါ့မလား။
ဆင်းရဲမွဲတေမှုမြင့်တက်ပြီး မြေယာလက်ဝါးကြီးအုပ်မှုတွေ ရှိနေတဲ့ရန်ကုန်မြို့မှာ ကျူးပြဿနာတွေလည်း ဖြစ်ပေါ်နေပါ တယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနက ရရှိတဲ့ သတင်းတွေအရဆိုရင်တော့ ရန်ကုန်မြို့မှာရှိတဲ့ လူဦးရေ ၆ သန်းထဲက တ သန်းကျော်လောက်ရဲ့နေအိမ်တွေဟာ စံမမီ အိမ်ရာ (slum)တွေဖြစ်နေတယ်လို့ သိရပါတယ်။ လူမနေသင့်တဲ့ အိမ်ရာတွေ လို့အနက်ဖွင့်ရင် မမှားပါဘူး။
မြေယာပြဿနာကို မဖြေရှင်းပေးနိုင်ရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့ ခက်ခဲနေဦးမှာပါ။ မြေယာ လက်ဆုပ်ပြီးမှ ထမင်းစားရတဲ့ လူတန်းစားတရပ်အတွက်လည်း စိန်ခေါ်မှုတွေ ရှိနေဦးမှာပါ။ ဆင်းရဲမွဲတေမှုကို လျှော့ချမယ်ဆိုရင်တော့ ဒါဟာကြီးမားတဲ့ အတားအဆီးပါပဲ။
လယ်မြေတွေကို လန(၃၉) ထုတ်ပေးတဲ့ အတွက်ကြောင့် လယ်သမားတွေနဲ့ ပဋိပက္ခဖြစ်နေတာတွေလည်း ရှိပါတယ်။ လန (၃၉) ဟာ လယ်ယာမြေကို အခြားနည်းနဲ့ အသုံးချခွင့်ပါ။ လန( ၃၉) ကိုထုတ်ပေးတာကတော့ လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဌာနအောက်မှာရှိတဲ့ လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီနဲ့ ပြည်ထဲရေးဝန်ကြီးဌာနအောက်က ထွေ/အုပ်ရုံးတို့ပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ၂၂ ရက်နေ့က ကျင်းပတဲ့ စီးပွားရေးလုပ်ငန်းရှင်များနဲ့တွေ့ဆုံပွဲမှာ “အရင်တုန်းက ကိုယ့်အတွက် လုပ်ခဲ့တဲ့သူတွေ၊ ယခုသူများအတွက် မလုပ်နိုင်ဘူးလား”လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းထုတ်ခဲ့ပါတယ်။
ခရိုနီလို့အခေါ်ခံနေတဲ့ စီးပွားရေးလုပ်ငန်းရှင်များကို မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဖွံ့ဖြိုးမှုမိတ်ဖက်အဖြစ် ပူး ပေါင်းဖို့ ဖိတ်ခေါ်လိုက်တာပါ။ ဒီအထဲမှာ မြေအမြောက်အမြားပိုင်ဆိုင်နေတဲ့အတွက် အဝေဖန်ခံနေရသူတွေ ပါဝင်ပါတယ်။ ဒီမြေရှင်ကြီးများအနေနဲ့ဖွံ့ဖြိုးရေးမိတ်ဖက်ဖြစ်ချင်ရင်တော့ ကြိုက်ဈေးရမှ ရောင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်ကို ဖျက်ပြီး ပိုင် ဆိုင်ထားတဲ့ မြေကို ထည့်ဝင်ဖို့ သဒ္ဒါတရားထက်သန်မှသာဖြစ်နိုင်ပါလိမ့်မယ်။
မြေယာဆိုတာ အကန့်အသတ်နဲ့ရှိနေတဲ့ပစ္စည်း ဖြစ်သလို နိုင်ငံသားအားလုံးနဲ့ မျှဝေခံစားရတဲ့ ပစ္စည်းမျိုးပါ။ အများစု ကျောချစရာ မြေမရှိတဲ့ အနေအထားထိ လက်တဆုပ်စာလူတစုက မြေအမြောက်အမြားကို လက်ဝါးကြီး အုပ်ထားခြင်းဟာ ခေတ်သစ်မြေရှင်စနစ်ကို ဖန်တီးနေခြင်းသာ ဖြစ်ပါတယ်။
ဒီမြေရှင်စနစ်ကြောင့် စီးပွားရေးဆုတ်ယုတ်မှုတွေ၊ ဆင်းရဲချမ်းသာကွာဟမှုတွေ ပိုကြီးမားလာမှ ဖြစ်သလို ဒီမိုကရေစီ လမ်း ကြောင်းဟာလည်း အကောက်အကွေ့အမတ်အစောက်တွေ ပိုများလာမယ်လို့မြင်မိပါတယ်။