စတော့ရှယ်ယာ ရောင်းဝယ်မှုပြုရာတွင် ရှယ်ယာပိုင်ရှင်များကို ခိုင်မာသည့်အကာအကွယ် ပေးနိုင်မည့် ငွေကြေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးဥပဒကို ဖြည့်စွက်ပြင်ဆင်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင် (SECM) က ပြောသည်။
စတော့ရှယ်ယာအိတ်ချိန်းတွင် ရှယ်ယာရောင်းချသည့် ကုမ္ပဏီများက ပွင့်လင်းမြင်သာမှုရှိမှသာ ရင်းနှီးမြှုပ်မည့်သူများ၊ ရှယ်ဝယ်ယူမည့်သူများက ကုမ္ပဏီ၏ စိတ်ချယုံကြည်မှုကိုကြည့်၍ ဝယ်ယူမည်ဖြစ်သောကြောင့် ထိုဥပဒေတွင် ပြဌာန်းချက်သစ်များကို ဖြည့်စွက်ရန် စီစဉ်နေခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်(SECM) အဖွဲ့ဝင် ဦးဌေးချွန်က ပြောသည်။
ဇွန်လ ၂၁ ရက်က ရန်ကုန်စတော့အိတ်ချိန်းရုံးတွင် ပြုလုပ်သည့် IFC (International Finance Corporation)၊ မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင် (SECM) နှင့် မြန်မာနိုင်ငံ ငွေချေးသက်သေခံ လက်မှတ် လုပ်ငန်းကြီးကြပ်သူများက အများပိုင်စာရင်းတင်ထားသော စတော့ရှယ်ယာကုမ္ပဏီများ ပွင့်လင်းမြင်သာစေရန် ကူညီခြင်းဆွေးနွေးပွဲတွင် ၎င်းက ပြောဆိုခြင်း ဖြစ်သည်။
ဦးဌေးချွန်က“လက်ရှိ ဥပဒေတွေမှာ စတော့နဲ့သက်ဆိုင်တဲ့ ပွင့်လင်းမြင်သာမှု တိုးတက်ရမယ်ဆိုတဲ့အပိုင်းမှာ လက်ရှိဥပဒေ၊ နည်းဥပဒေ၊ အမိန့်လုပ်ထုံး လုပ်နည်းတွေကို ထပ်မံပေါင်းစပ်ရမယ်။ ဖြည့်စွက်ပြင်ဆင်သင့်ကို ပြင်ဆင်ရမှာ ဖြစ်တယ်။ အခုဥပဒေမှာလဲ အကာအကွယ်ပေးတာတွေ ပါတယ်။ လက်ရှိတည်ဆဲဥပဒေက perfect မဟုတ်ဘူး။ လိုအပ်ချက်တွေကို လေ့လာပြီး နည်းပညာပိုင်းပူးပေါင်းပြီး ပြင်ဖို့လုပ်တာ’’ ဟု ပြောသည်။
ပြည်တွင်းကုမ္ပဏီများ စီမံအုပ်ချုပ်မှု တိုးတက်ကောင်းမွန်ပြီး၊ ကုမ္ပဏီများ ပွင့်လင်းမြင်သာမှုရှိရေးတွင် ရင်းနှီးမြှုပ်နှံသူ (ရှယ်ယာ ထည့်ဝင်ဝယ်ယူလိုသူ) က ဝယ်ယူမည့် ကုမ္ပဏီကို အုပ်ချုပ်သည့်ဒါရိုက်တာ၊ စီမံခန့်ခွဲအုပ်ချုပ်မှုပုံစံ မည်သည့်လုပ်ငန်းများကို အဓိကလုပ်ကိုင်ကြောင်း၊ ကုမ္ပဏီ၏ လက်ရှိအခက်အခဲများ၊ ဆုံးရှုံးနိုင်သည့် အချက်များ၊ ရေရှည် စီမံကိန်းများ အကြောင်းနှင့် ရင်းနှီးမြှုပ်နှံလျှင် ရရှိလာနိုင်သည့် အကျိုးအမြတ်များကို ကုမ္ပဏီ၏ဝက်ဆိုက်မှဖြစ်စေ ထုတ်ပြန်အသိပေးခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
ရန်ကုန်စတော့အိတ်ချိန်း ပေါ်ပေါက်မှသာ ငွေကြေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ဥပဒေကို ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။ သို့သော် လက်တွေ့လုပ်ဆောင်ရာ၌ လိုအပ်သည်များ ရှိနေသဖြင့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ကြေငြာစာနှင့် ညွှန်ကြားချက်များကိုပါ ပြင်ဆင်သွားမည်ဟု ၎င်းက ဆက်ပြောသည်။
စတော့ဈေးကွက်ကြီးကြပ်ရေး ဥပဒေများ ပြင်ဆင်ရာတွင် အချိန်အားဖြင့် ၁၈ လမှ ၂၄ လအတွင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်းနှင့် နည်းပညာများ ကူညီပေးရန် IFC နှင့် SECM တို့က နားလည်မှုစာချွန်လွှွှာ(MOU) ရေးထိုးထားကြောင်း ဦးဌေးချွန်က ဆိုသည်။
ရှယ်ယာဝယ်ယူသည့် လုပ်ငန်းရှင်များ Invester Protectial မဆုံးရှုံးစေရန် ထိုဥပဒေကို ပြဌာန်းခဲ့ခြင်းဖြစ်ပြီး လက်ရှိလုပ်ငန်းဆောင်ရွက်မှု အခက်အခဲများအပေါ် မူတည်၍ လိုအပ်သည့် နည်းပညာပိုင်းနှင့် ပူးပေါင်းပြင်ဆင်သင့်သည့် အပိုင်းများကို IFC နှင့် ပူးပေါင်းပြင်ဆင်သွားမည်ဟု သိရသည်။