မဲခေါင်ဒေသတွင်း ကုန်စည်သယ်ယူထောက်ပံ့ ပို့ဆောင်ရေး ရေရှည်ရှင်သန်မှု စီမံကိန်းတွင် ပါဝင်နိုင်ရန်အတွက် အစိမ်းရောင် ကုန်စည်သယ်ယူပို့ဆောင်ရေး မူဝါဒ ချမှတ်နိုင်ရေး အစိုးရထံ တင်ပြသွားမည်ဟု မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MIFFA) ထံမှ သိရသည်။
MIFFA အလုပ်အမှုဆောင်ကော်မတီ အဖွဲ့ဝင် ဦးသန်းအောင်က “မဲခေါင်ဒေသတွင်း ၅ နိုင်ငံထဲမှာ ကျနော်တို့က အဝန်းအဝိုင်းကို ကြည့်ပြီးတော့မှ ဈေးကွက်တခု ရှာဖွေဖို့ လိုပါတယ်။ နိုင်ငံတွင်းဖြတ်ကျော်မယ်ဆိုရင် လုပ်ငန်းအဖွဲ့အစည်းတွေ ချိတ်ဆက်ဖို့ လိုပါတယ်။ ဟိုဘက် ဥပဒေ၊ ဒီဘက် ဥပဒေ သိရှိဖို့ လိုပါတယ်။ ဒါကြောင့် စီးပွားရေးတွေကို တဖက်နိုင်ငံနဲ့ ကိုယ့်နိုင်ငံနဲ့ ချိတ်ဆက်ပြီး လုပ်ကြပါ။ အစိုးရအနေနဲ့ အချင်းချင်း G to G လုပ်ဖို့အတွက် ကျနော်တို့ အောက်မှာရှိနေတဲ့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင် အချင်းချင်းလည်း ချိတ်ဆက်ပြီး လုပ်ကြပါ”ဟု ပြောသည်။
အဆိုပါ စီမံကိန်းတွင် လောင်စာဆီ အကျိုးရှိစွာ အသုံးချရေး၊ ကုန်စည်သယ်ယူပို့ဆောင်သော SME (အသေးစားနှင့် အလတ်စား) စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် နည်းပညာ ငွေကြေးကူညီမှု ရှိစေရန်အတွက် ပြင်ဆင်ဆောင်ရွက်ရမည့် အပိုင်းများကို ပို့ချခြင်း၊ Business Plan ဆောင်ရွက်ရမည့်အပိုင်းများကို ဆောင်ရွက်ခြင်းနှင့် အစိမ်းရောင်ကုန်စည် သယ်ယူပို့ဆောင်ရေး မူဝါဒများ ရေးဆွဲနိုင်ရန် ဆောင်ရွက်ခြင်းတို့ ပါဝင်ပြီး ဂျာမနီ-မြန်မာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ GIZ က အကောင်အထည် ဖော်နေခြင်း ဖြစ်သည်။
လုပ်ငန်းရှင်များက အစိုးရသို့တင်ပြမည့် အစိမ်းရောင် ကုန်စည်သယ်ယူပို့ဆောင်ရေးမူဝါဒတွင် ကုန်စည်သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းရှင်နှင့် လုပ်သားများ အနေနှင့် လောင်စာဆီအား အကျိုးရှိစွာ အသုံးပြုနိုင်ရေး၊ လောင်စာဆီကြောင့် ထွက်ရှိသည့် ကာဗွန်ဒိုင်အောက်ဆိုဒ် လျော့ချရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စသည့် အကြောင်းအရာများ ပါဝင်သည်။
ယင်းမူဝါဒ ရေးဆွဲရေးအတွက် ပုဂ္ဂလိကနှင့် ဆွေးနွေးသော အချက်များကို ယင်းကဏ္ဍနှင့် ဆက်စပ်သူများကိုလည်း ချပြသွားမည်ဖြစ်ကာ ကုန်စည်ပို့ဆောင်ရေးကဏ္ဍတွင် ပတ်သက်နေသည့် ယာဉ်လုပ်ငန်းရှင်များ၊ လုပ်သားများအနေဖြင့် ဘေးအန္တရာယ် ကင်းရှင်းမှုကို ပိုမိုနားလည်ကာ လောင်စာဆီ ချွေတာသုံးစွဲရမည့် ကိစ္စရပ်များကို နားလည်လာနိုင် မည်ဟု မြန်မာနိုင်ငံဆိုင်ရာ GIZ အဖွဲ့ Coordinator (ညှိနှိုင်းရေးမှူး) ဒေါ်ပြည့်ပြည့်ပွင့်က ပြောသည်။
၎င်းက “ဒီစီမံကိန်းက ဥရောပသမဂ္ဂက နေပြီးတော့ ၉၀ ရာခိုင်နှုန်း တာဝန်ယူပြီးတော့ ဂျာမနီနိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ၁၀ ရာခိုင်နှုန်း ထောက်ပံ့ပေးထားတာ ဖြစ်ပါတယ်။ အခု မြန်မာနိုင်ငံမှာ အစိမ်းရောင်ကုန်စည် သယ်ယူပို့ဆောင်ရေး မူဝါဒတွေရဖို့ ပုဂ္ဂလိကပိုင်းကို ဆောင်ရွက်ပေးနေပါတယ်” ဟု ရှင်းပြသည်။
စီမံကိန်း နည်းပညာပိုင်းကို GIZ က တာဝန်ယူ ဆောင်ရွက်နေခြင်းဖြစ်ပြီး မြန်မာအပါအဝင် မဲခေါင်ဒေသတွင်း နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ ထိုင်း၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့တွင်လည်း တပြိုင်နက်တည်း ဆောင်ရွက်နေပြီ ဖြစ်ကာ စီမံကိန်း ကုန်ကျစရိတ်မှာ ယူရိုငွေ ၂ ဒသမ ၄ သန်း ရှိသည်ဟု သိရသည်။
ထို့ပြင် အခြားနိုင်ငံများနှင့် စီးပွားရေးအရ ကုန်စည်သယ်ယူပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်သည့်အခါတွင်လည်း မြန်မာနိုင်ငံရှိ ကုန်စည်ပို့ဆောင်ရေး SME လုပ်ငန်းများအတွက် များစွာ အကျိုးရှိနိုင်မည်ဖြစ်ကာ သတင်း အချက်အလက်များအတွက် GMS Logistic database (မဲခေါင်ဒေသတွင်း နိုင်ငံများ ထောက်ပံ့ပို့ဆောင်ရေး ကုမ္ပဏီများအတွက် အပြန်အလှန်အသုံးချသည့် ဝက်ဘ်ဆိုဒ်) ကို အသုံးပြုမည် ဖြစ်သည်။
MEKONG INSTITUTE ၏ Program Specialist (စီမံကိန်းဆိုင်ရာ ကျွမ်းကျင်သူ) Mr. Quan Anh Nguyen က “အစိမ်းရောင်ကုန်စည် သယ်ယူပို့ဆောင်ရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံက ကုမ္ပဏီတွေ သိရှိဖို့ မူဝါဒ ချမှတ်ဖို့ တင်ပြ သွားမယ်။ အခုဆိုရင် ဘာဖြစ်နေလဲဆိုတော့ အသွားမှာတော့ ကုန်ရတယ်။ အပြန်ကျရင် ကားတွေက ကုန်မရဘူး။ ဒီလိုဆိုရင် ဆီလည်း အလကား ကုန်တယ်။ အပြန်မှာ ကုန်မပါတဲ့အတွက် ဘယ်သူ့မှလည်း အကျိုးမရှိဘူး။ ဒါကြောင့် GMS database ဝင်ပြီး စီးပွားရေးလုပ်ငန်းရှင်တွေ အချင်းချင်း ချိတ်ဆက်နိုင်တယ်” ဟု ပြောသည်။
မဲခေါင်ဒေသတွင်း ကုန်စည်သယ်ယူထောက်ပံ့ ပို့ဆောင်ရေး ရေရှည်ရှင်သန်မှု စီမံကိန်းတွင် မြန်မာနိုင်ငံ ပါဝင်နိုင်ရေးအတွက် မူဝါဒ ရေးဆွဲကိစ္စများအပြင် အခြားသော အခက်အခဲများစွာ ရှိနေသေးပြီး အဓိက စိန်ခေါ်မှုမှာ လုပ်ငန်းရင်းနှီးမတည်ငွေပင် ဖြစ်သည်ဟု MIFFA ကလည်း ဆိုသည်။