OnePlus အမှတ်တံဆိပ်က ပြည်တွင်းမှာ အသုံးပြုမှု နည်းသေးတယ် ဆိုပေမယ့် သူ့ရဲ့ မော်ဒယ်တွေက အရည်အသွေး ကောင်းမွန်မှုကြောင့် နိုင်ငံတကာ ဈေးကွက်မှာ လူကြိုက်များနေပါတယ်။ အထူးသဖြင့်တော့ Samsung Galaxy S မော်ဒယ်တွေ အပါအဝင် iPhone တွေနဲ့တောင် တန်းတူထားပြီး နှိုင်းယှဉ်ခံရမှုတွေ ရှိပါတယ်။ အရင်နှစ်ကတော့ OnePlus 5 မော်ဒယ် ထွက်ထားပြီး အခုနှစ် အတွက် အကောင်းဆုံး ဖုန်းဖြစ်လာမယ့် 6 ကတော့ မကြာခင် စတင် ရောင်းချတော့မယ် လို့ ဆိုပါတယ်။
OnePlus ရဲ့ မော်ဒယ်တွေကို အဓိက လူကြိုက်များရတဲ့ အကြောင်းကတော့ ဈေးနှုန်းချိုသာသလောက် တန်းမြင့် ဖုန်းတွေရဲ့ အရည်အသွေးနဲ့ နည်းပညာပိုုင်း အားကောင်း အဆင့်မီတာကြောင့်ပါ။ ကုမ္ပဏီကနေ ပထမဆုံုးဖုန်း One ကို ၂၀၁၄ အတွင်း စတင်ရောင်းချခဲ့ရာကနေ လက်ရှိ အချိန်ထိ ဈေးကွက် အခိုင်အမာ ရှိလာတာပါ။
အခုထိအောင် ကုမ္ပဏီ သက်တမ်း အတွင်း ဖုန်းမော်ဒယ် ၆ မျိုးထိ ထုတ်လုပ်ထားပြီ ဖြစ်ပါတယ်။ အခု 6 ကတော့ ၇ လုံးမြောက် မော်ဒယ် အဖြစ် ဈေးကွက်ဝင်လာမှာပါ။ ကု္ပမဏီရဲ့ CEO ဖြစ်သူ ပီတီလောင် (Pete Lau) ကတော့ မော်ဒယ်သစ်ကို မကြာခင် ရောင်းချတော့မယ် ဆိုတဲ့ အကြောင်းကို CNET နဲ့ အင်တာဗျူးမှာ ဖြေထားတာ တွေ့ရပါတယ်။ သူ့ရဲ့ ဖြေကြားချက် အရတော့ ဧပြီနဲ့ ဇွန်လအတွင်း ရောင်းချလာဖို့ ရှိနေတာပါ။
အရင်နှစ်က OnePlus 5 ဆိုရင်လည်း ဇွန်လ ၂၀ မှာ မိတ်ဆက်တယ်၊ ၂၇ ရက်မှာ စတင် ရောင်းချခဲ့တာပါ။ ဒါကြောင့် အခု မော်ဒယ်သစ်လည်း ဇွန်လထက်တော့ နောက်ကျဖို့ မရှိပါဘူး။
မော်ဒယ်သစ်က မျက်နှာပြင်ပြည့် စနစ်နဲ့ ဖြစ်မယ်လို့ သိရပြီး Samsung Galaxy S9 နဲ့ iPhone X တွေကို ဈေးကွက် အဓိက ပြိုင်ဆိုင်နိုင်အောင် ဖန်တီးထားမှာ ဖြစ်တယ် လို့ ဆိုပါတယ်။ Full-HD ရုပ်ထွက်ထိ ပြသပေးနိုင်မယ့် 1080x2160p နှုန်းရှိမယ့့် စနစ် ဖြစ်ပါလိမ့်မယ်။
Chip အထိုင်ပိုင်းက အခုနှစ် အတွက် ထွက်ရှိထားတဲ့ Snap Dragon 845 အထိုင် ဖြစ်မှာပါ။ မကြာသေးခင်ကမှ ဈေးကွက်ထဲမှာ စတင်ရောင်းချထားတဲ့ S9 မော်ဒယ်ရဲ့ နည်းပညာ အားလုံးနီးပါး သုံးနိုင်အောင် ထုတ်လုုပ် ဖန်တီးထား ပါလိမ့်မယ်။ Chip အထိုင်က နောက်ဆုံးထုတ် ဖြစ်လာတာနဲ့ အညီ ရှေ့ထွက် 835 အထိုင်ထက် ၂၅ ရာခိုင်နှုန်း ပိုမြန်မယ် လို့ ဆိုပါတယ်။
ဖုန်းမျက်နှာပြင်က ပုံမှန် မော်ဒယ်တွေမှာ Aspect Ratio (အရှည်-အကျယ် အချိုး) က 16:9၊ နောက်ထွက် မော်ဒယ်မြင့် တွေက 18:9 တွေ ရှိပေမယ့် အခု မော်ဒယ်သစ်မှာ 19:9 ဖြစ်လာမှာပါ။ ဒါကြောင့် ဈေးကွက်ထဲမှာ အရှည်ဆုံး မော်ဒယ် ဖြစ်လာပါလိမ့်မယ်။
ဈေးနှုန်းပိုင်းမှာတော့ အရင်နှစ်ထုတ် 5 မော်ဒယ်က စတာလင်ပေါင် ၄၄၉ နဲ့ ရောင်းခဲ့တယ်။ ဒါဟာ အရင်နှစ်ထွက် Samsung S8 ရဲ့ ဈေးနှုန်း ပေါင် ၆၈၉ ၊ iPhone ၆၉၉ ၊ တွေထက် ဈေးချိုခဲ့တာပါ။ ဒီတော့ အဆိုပါ ပမာဏလောက်ထိ ဈေးကွာဟ ချိုသာမှုက အခုဖုန်းမော်ဒယ်သစ်မှာလည်း ဈေးထပ် ချိုပါလိမ့်မယ်။
ခန့်မှန်းမိသလောက် 6 မော်ဒယ်ကိုတော့ စတာလင်ပေါင် ၄၄၉ ကနေ ၄၉၉ အတွင်း ဈေးနှုန်းနဲ့ ရောင်းလာနိုင်ပါတယ်။ ဒါဟာ တန်းမြင့် ဖုန်းတွေထက် မော်ဒယ်သစ်ကို ဈေးနှုန်း အားသာချက်နဲ့ လူကြိုက်များအောင် ဆွဲဆောင်လိုက်နိုင်ခြင်း တခုပါ။ လက်ရှိ မြန်မာကျပ်ငွေဈေးနဲ့ ပြန်တွက်ရင်တော့ စတာလင်ပေါင် ၁ ပေါင်ကို ကျပ် ၁၇၅၀ ဝန်းကျင် ရှိပါတယ်။ ဒါဆို မော်ဒယ်သစ်က ဈေးနှုန်း ကျပ် ၇ သိန်းကနေ ၈ သိန်း အတွင်း ဈေးနဲ့ ရနိုင်မှာ ဖြစ်ပါတယ်။
အခုထိ OnePlus ကနေ ထုတ်လုပ်ရောင်းချထားသမျှ မော်ဒယ်တွေက OnePlus One (၂၂၉ ပေါင်)၊ OnePlus 2 (၂၃၉ ပေါင်)၊ OnePlus 3 (၃၂၉ ပေါင်)၊ OnePlus 3T (၃၉၉ ပေါင်)၊ OnePlus 5 (၄၄၉ ပေါင်)နဲ့ OnePlus 5T (၄၄၉ ပေါင်)တွေနဲ့ ရောင်းချထားတာ တွေ့ရပါတယ်။
Ref: www.thesun.co.uk