ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ဟာ Notch ပါတဲ့ ဖုန်းတွေ ခေတ်စားခဲ့တဲ့ နှစ်တနှစ် ဖြစ်ပါတယ်။ ယခု ၂၀၁၉ ခုနှစ်မှာတော့ Foldable Phone လို့ ခေါ်တဲ့ ခေါက်ချိုးဖုန်းတွေကို စတင် မြင်တွေ့ရဖို့ ရှိနေပါတယ်။
Samsung, Xiaomi, Huawei, LG အပါအဝင် ဖုန်းကုမ္ပဏီ အများအပြားဟာ ဖုန်းကိုယ်ထည် တခုလုံးကို ခေါက်ချိုး အသုံးပြုနိုင်တဲ့ ဖုန်းတွေကို ဈေးကွက်ထဲ ယူဆောင်လာဖို့ ပြင်ဆင်နေကြပါတယ်။ ဖုန်းကုမ္ပဏီတွေနည်းတူ Chipset ကုမ္ပဏီတခုဖြစ်တဲ့ Intel ကလည်း ခေါက်ချိုး အသုံးပြုနိုင်တဲ့ စမတ်ဖုန်းတလုံးကို ဖန်တီးနေတယ်လို့ သိရပါတယ်။
ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့အစည်း (WIPO) နဲ့ အမေရိကန် မူပိုင်ခွင့်နှင့် ကုန်အမှတ်တံဆိပ်ရုံး (USPTO) တို့က ထုတ်ပြန်ထားတဲ့ မူပိုင်ခွင့်တခုမှာ Screen မျက်နှာပြင် ၃ ခုကို တက်ဘလက် အရွယ်အစား Screen ကြီးတခုအဖြစ် ပေါင်းစည်း အသုံးပြုနိုင်တဲ့ Intel စမတ်ဖုန်းတလုံးကို တွေ့မြင်ခဲ့ရပါတယ်။
“ခေါက်ချိုးနိုင်သော မျက်နှာပြင်ချပ်များနှင့် အီလက်ထရောနစ်ပစ္စည်း” လို့ နာမည်ပေးထားတဲ့ Intel Corporation ရဲ့ မူပိုင်ခွင့်လျှောက်လွှာကို LetsGoDigital က စတင် တွေ့ရှိခဲ့တာပါ။ ဖုန်းကို အပြည့် ခေါက်ထားမယ်ဆိုရင် သာမန် စမတ်ဖုန်းတလုံးလို အသုံးပြုနိုင်ပြီး၊ ဘေးဘောင်တွေ လုံးဝ မပါဝင်တဲ့ စခရင်အပြည့် ဖုန်းတမျိုး ဖြစ်ပါတယ်။
ကင်မရာ၊ ဆန်ဆာတွေနဲ့ ဖုန်းနားခွက် တို့ကိုတော့ Screen အောက်မှာ မြှုပ်နှံ ထည့်သွင်းထားမှာပါ။ ခေါက်ထားတဲ့ မျက်နှာပြင် ၂ ချပ်ကို တချပ်စီ ဆွဲလှန်နိုင်ပြီး တက်ဘလက်အဖြစ်လည်း အသုံးပြုနိုင်မယ့် အနာဂတ် ဖုန်းပုံစံတမျိုး ဖြစ်ပါတယ်။
Intel ရဲ့ ခေါက်ချိုးဖုန်းဟာ မျက်နှာပြင် ၂ ထပ် ပါဝင်တာကြောင့် လက်ရှိ ဈေးကွက်ထဲက စမတ်ဖုန်းတွေထက်တော့ အရွယ်အစား သိသိသာသာ ထူနေမှာပါ။ တက်ဘလက်အဖြစ် မျက်နှာပြင် ၃ ဘက်လုံးကို ဖြန့်ထားမယ်ဆိုရင်လည်း မျက်နှာပြင် တချပ်စီမှာ ကင်မရာနှစ်လုံးစီ ပါဝင်ဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Stylus တချောင်လည်း ပါဝင်မှာ ဖြစ်ကာ၊ Stylus ကိုတော့ မျက်နှာပြင်တွေ ခေါက်ထားရင် ဖြစ်ပေါ်လာတဲ့ အကန့်အတွင်း သံလိုက်အားနဲ့ ထိုးထည့်ထားနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
Intel အနေနဲ့ ယခု ခေါက်ချိုးဖုန်းမှာ ဘာ Operating System ကို အသုံးပြုသွားမယ်ဆိုတာကိုတော့ သေချာ မဖော်ပြထားပါဘူး။ Microsoft ကလည်း ခေါက်ချိုးဖုန်းတွေအတွက် အထူးပြင်ဆင်ထားတဲ့ Windows 10 OS ကို ဖန်တီးနေတယ်လို့ သိရတာကြောင့် တကယ်ထုတ်ရင်လည်း Windows 10 နဲ့ ဖြစ်ဖို့ များပါတယ်။
နည်းပညာကုမ္ပဏီကြီးတွေဟာ နည်းပညအသစ်အဆန်းတွေကို မူပိုင်ခွင့် ကြိုတင်ထားလေ့ရှိတာကြောင့်၊ မူပိုင်ခွင့်တိုင်းဟာ ထုတ်ကုန်ပစ္စည်းအဖြစ် အမှန်တကယ် ထွက်ရှိလာမယ်လို့ ယူဆလို့ မရပါဘူး။ ဒါပေမဲ့ Intel ဟာ ထိုင်ဝမ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Computex 2018 ပွဲမှာလည်း Tiger Rapids ပရောဂျက်လို့ အမည်ရတဲ့ အလားတူ ခေါက်ချိုးဖုန်း ရှေ့ပြေးမော်ဒယ် နှစ်မျိုးကို ပြသခဲ့ဖူးပါတယ်။ ဒါကြောင့် Intel ရဲ့ ပရောဂျက်ကတော့ အမှန်တကယ် မြင်တွေ့ရဖို့ ပိုနီးစပ်နေပါတယ်။
Ref: Gadgets NDTV, Tech Radar