Facebook ပေါ်က သတင်းအချက်အလက်အမှားတွေကို ဖော်ထုတ်ပေးနေတဲ့ Snopes ကုမ္ပဏီဟာ Facebook နဲ့ လက်တွဲဖြုတ်လိုက်ပြီဖြစ်ကြောင်း သောကြာနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
သတင်းအချက်အလက်စိစစ်ရေးကုမ္ပဏီ Snopes ဟာ မှားယွင်းလွဲချော်နေတဲ့ သတင်းအကြောင်းအရာ၊ ဓာတ်ပုံ နဲ့ ဗီဒီယိုတွေ News Feed ပေါ်ကနေ လျော့ကျစေဖို့အတွက် Facebook ၂ နှစ်ကျော်ကြာ လက်တွဲဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမယ့် Facebook ပလက်ဖောင်းပေါ် ပျံ့နှံ့နေတဲ့ သတင်းအချက်အလက်အမှားတွေကို ဆက်လက်ဖော်ထုတ်ပေးဖို့ အင်အားမရှိတော့တာကြောင့် Facebook နဲ့ စာချုပ်အသစ် မချုပ်တော့တာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“လက်ရှိမှာ ပြင်ပ အချက်အလက်စိစစ်ရေး ဝန်ဆောင်မှု (Third-party fact-checking services) တွေ လုပ်ဆောင် ပေးခြင်းရဲ့ ကုန်ကျစရိတ်တွေ၊ အကျိုးရလဒ်တွေကို ချင့်ချိန်နေပါတယ်။ မည်သည့် သတင်းမီဒီယာ ပလက်ဖောင်းအတွက် မဆို ပေးအပ်ကူညီမယ့် ကျနော်တို့ရဲ့ အားထုတ်မှုတွေဟာ ကျနော်တို့ အွန်လိုင်းလူ့အဖွဲ့အစည်းအတွက်ကော၊ ကုမ္ပဏီနဲ့ ဝန်ထမ်းတွေအတွက်ပါ သေချာပေါက် ကောင်းကျိုးရလဒ်ဖြစ်ထွန်းဖို့ပဲ လိုချင်ပါတယ်” လို့ Snopes CEO David Mikkelson နဲ့ လုပ်ငန်းဝန်ဆောင်မှုဆိုင်ရာ ဒုဥက္ကဌ Vinney Green တို့ လက်မှတ်ရေးထိုးထားတဲ့ သတင်းထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။
Facebook နဲ့ လက်တွဲဖြုတ်လိုက်ရတာကတော့ လူနဲ့ အချိန်အင်အား မလောက်ငှလို့ ဖြစ်တယ်လို့ Green က ပြောပါ တယ်။
Facebook ပလက်ဖောင်းက အချက်အလက်စစ်ဆေးသူတွေအနေနဲ့ မှားယွင်းနေတဲ့ ပို့စ်တိုင်းကို ရွေးချယ် မှတ်သားပြီး၊ Dashboard စာမျက်နှာတခုမှာ ကိုယ်တိုင်ကိုယ်ကျ တခုချင်းစီ ဖြည့်သွင်းရပါတယ်။ ဒီတာဝန်ဟာ ရုံးချုပ်ရယ်လို့ မရှိဘဲ လုပ်ကိုင်နေတဲ့ ဝန်ထမ်း ၁၆ ဦးအတွက် အချိန်အလွန်ကုန်တဲ့ အလုပ်တခု ဖြစ်တယ်လို့ Snopes က ဆိုပါတယ်။
Snopes ဟာ ၂၀၁၆ အမေရိကန်ရွေးကောက်ပွဲပြီးနောက် သတင်းမှားတွေ တက်လာမှု လျော့ပါးစေဖို့အတွက် သီးခြားလွတ်လပ်တဲ့ အချက်အလက်စစ်ဆေးရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ Facebook ကို ၂၀၁၆၊ ဒီဇင်ဘာကတည်းက ကူညီပေးနေတဲ့ ကုမ္ပဏီတခု ဖြစ်ပါတယ်။
အစပိုင်းမှာ အခမဲ့ လုပ်ဆောင်ပေးခဲ့တာပါ။ ၂၀၁၇ ခုနှစ်မှာတော့ လက်တွဲဆောင်ရွက်ပေးခဲ့တဲ့အတွက် Facebook ဆီက ဒေါ်လာ တ သိန်းကျော် ရရှိခဲ့ပါတယ်။ ဒါပေမယ့် Facebook နဲ့ သဘောတူညီချက်စာချုပ်ကုန်ဆုံးသွားတဲ့ ပြီးခဲ့တဲ့ ၂၀၁၈၊ ဒီဇင်ဘာလကတည်းက ကောလာဟလနဲ့ သတင်းမှားတွေကို စိစစ်ဖော်ထုတ်မှုကို ရပ်ဆိုင်းပစ်လိုက်ပါတယ်။
ထို့နောက်မှာတော့ အချက်အလက်စစ်ဆေးမှု ပိုမိုလွယ်ကူသက်သာစေဖို့အတွက် Facebook နဲ့ ဆွေးနွေးမှုတွေ လုပ်ခဲ့ပေမယ့် အောင်မြင်မှုမရှိခဲ့တာကြောင့် လက်တွဲဖြုတ်ကြောင်း ကြေညာလိုက်တာပါ။
လက်ရှိအချိန်ထိ Facebook နဲ့ လက်တွဲဆောင်ရွက်လိုစိတ် ရှိသေးပေမယ့်၊ လာမယ့် ၂၀၂၀ပြည့်နှစ် အမေရိကန်သမ္မတရွေးကောက်ပွဲအတွက်ပဲ ကိုယ်ပိုင်ဝန်ဆောင်မှုပေးဖို့ ဦးတည် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ Snopes က ပြောကြားခဲ့ပါတယ်။
Snopes က လက်တွဲဖြုတ်သွားပေမယ့် ကမ္ဘာတဝှမ်းက အချက်အလက်စစ်ဆေးသူတွေနဲ့ လက်တွဲကာ သတင်းအချက်အလက်စစ်ဆေးမှု ပိုကောင်းအောင် ကြိုးစားနေတယ်လို့ Facebook ပြောရေးဆိုခွင့်ရှိသူတဦးက Poynter ကို အီးမေးလ်ကတဆင့် ပြောကြားခဲ့ပါတယ်။
Ref: Poynter, Snopes