အွန်လိုင်းကနေ ဖူးစာရှင် ရှာနေသူတွေအနေနဲ့ ယနေ့ကစပြီး Tinder လို သီးသန့် Apps တွေ သုံးစရာမလိုတော့ပါဘူး။ ကမ္ဘာ့အကြီးဆုံး လူမှုကွန်ရက်ဖြစ်တဲ့ Facebook မှာတင် ဘဝလက်တွဲဖော်ကို အလွယ်တကူ ရှာဖွေနိုင်ပြီ ဖြစ်ပါတယ်။
ဒီနေ့ပဲ Facebook က “Dating” ဆိုတဲ့ ဝန်ဆောင်မှုအသစ်တမျိုးကို နိုင်ငံပေါင်း ၂၀ မှာ စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ တနှစ်ကြာ စမ်းသပ်ပြီးနောက် တရားဝင် ထုတ်ပေးလိုက်တာ ဖြစ်ပါတယ်။
Facebook Dating ဝန်ဆောင်မှုကို အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Facebook Mobile App ထဲမှာတင် Tab အသစ်တခုအနေနဲ့ ထည့်ပေးထားတာကြောင့် နောက်ထပ် App တခုလည်း လိုမှာ မဟုတ်ပါဘူး။ Dating အတွက် သီးသန့် Facebook Profile တခု ဖွင့်ပေးဖို့ပဲ လိုအပ်ပါတယ်။
အဲ့ဒီမှာ ကိုယ့်တည်နေရာနဲ့ ဖြည့်သွင်းလိုက်တဲ့ အချက်အလက်တွေအပေါ် မူတည်ပြီး လိုက်ဖက်မယ့် ဖူးစာရှင်တွေကို ပြပေးသွားမှာပါ။ မိမိနှစ်သက် သဘောကျတဲ့သူကို တွေ့ရင် အသည်းပေးတာ ဒါမှမဟုတ် မက်ဆေ့ပို့တာတွေလည်း လုပ်ဆောင်နိုင်မှာပါ။
မိမိ Facebook အသုံးပြုမှုပုံစံနဲ့ စိတ်ဝင်စားတဲ့ အကြောင်းအရာတွေကိုလည်း ဖူးစာရှင် ရှာတဲ့အခါ ထည့်သွင်းတွက်ချက်သွားမှာ ဖြစ်ပါတယ်။ ဥပမာ Group တူတဲ့ လူတွေ၊ သွားမယ့် Event တူတဲ့လူတွေလည်း ဖူးစာရှင် စာရင်းမှာ ပေါ်လာနိုင်ပါတယ်။
Dating ဝန်ဆောင်မှုကို လွတ်လပ်စွာ အသုံးပြုနိုင်ဖို့အတွက် ဖူးစာရှင် ရှာရာမှာ မိမိ Facebook Friend List ထဲက လူတွေကို ပြပေးသွားမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ Friend List ထဲကနေလည်း ဘဝလက်တွဲဖော် တွေ့နိုင်တယ်ထင်ရင် Secret Crush ဆိုတဲ့ လုပ်ဆောင်ချက်ကို အသုံးပြုနိုင်ပါတယ်။
Secret Crush စာရင်းမှာတော့ တိတ်တခိုးကြွေနေတဲ့ Facebook Friends ဒါမှမဟုတ် Instagram Followers ၉ ဦး အထိ ရွေးချယ် ထည့်ထားနိုင်ပါတယ်။ ဒီထဲက Crush တယောက်ယောက်က Dating စသုံးပြီဆိုတာနဲ့ သူ့ဆီမှာ “ကြိတ်ကြွေနေတဲ့ လူတယောက်ရှိကြောင်း” Notification ဝင်လာမှာပါ။ အကယ်၍ ကိုယ့် Crush ကပါ ကိုယ့်ကို Secret Crush စာရင်းထဲ ထည့်ထားတယ်ဆိုရင်တော့ နှစ်ယောက်လုံး စကားစ ပျိုးနိုင်ပြီ ဖြစ်ပါတယ်။
Tinder လိုပဲ Facebook Dating မှာလည်း Stories လုပ်ဆောင်ချက် ပါဝင်လာမှာ ဖြစ်ပါတယ်။ ပင်မ Facebook အကောင့်မှာ တင်ထားတဲ့ Stories ကိုပဲ Dating မှာ ပြန်တင်နိုင်ပါတယ်။ အခုနှစ်ကုန်မှာ Instagram ပို့စ်တွေပါ တင်နိုင်မယ်လို့ ကြေညာထားပါတယ်။
Facebook Dating ဟာ လုံးဝ အခမဲ့ဖြစ်ပြီး၊ ကြော်ငြာတွေနဲ့ App တွင်း ဝယ်ယူမှုတွေလည်း ပါဝင်မှာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။
Facebook Dating ဝန်ဆောင်မှုကို လောလောဆယ် နိုင်ငံပေါင်း ၂၀ မှာ စတင် အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ အာဂျင်တီးနား၊ ဘိုလီဗီးယား၊ ဘရာဇီး၊ ကနေဒါ၊ ချီလီ၊ ကိုလံဘီယာ၊ အီကွေဒေါ၊ ဂူယာနာ၊ လာအို၊ မလေးရှား၊ မက္ကဆီကို၊ ပါရာဂွေး၊ ပီရူး၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ဆူရာနမ်၊ ထိုင်း၊ ဥရုဂွေး၊ ဗီယက်နမ် နဲ့ အမေရိကန်နိုင်ငံတို့ပါ။ ဥရောပနိုင်ငံတွေမှာတော့ ၂၀၂၀ အစောပိုင်းလောက်ဆို ရရှိမယ်လို့ Facebook က ကတိပေးထားပါတယ်။
Ref: GSM Arena, Facebook, The Verge
You may also like these stories:
ကြင်ယာဖက် ရှာပေးမယ့် Facebook Dating စတင် ထွက်ရှိ
မြောက်ကိုရီးယားနိုင်ငံမှာ ဖုန်းနဲ့ ချစ်သူရှာနိုင်မယ့် Dating ဆော့ဖ်ဝဲလ် စတင် အသုံးပြု