ကိုယ်က တကယ်ချစ်ပေမယ့် အချစ်ကို အလိမ်ခံရတဲ့ မိန်းမတယောက် အဖြစ် ဇာတ်ကားတကားမှာ သရုပ်ဆောင်ထားတဲ့ ခိုင်နှင်းဝေကို သိချင်တာတချို့ မေးမြန်းပြီး ဧရာဝတီရဲ့ အနုပညာ ပရိသတ်တွေအတွက် သူ့အကြောင်းတွေကို ရေးသား ဖော်ပြလိုက်ပါတယ်။
အခု လောလောဆယ်တော့ ခိုင်နှင်းဝေက အိမ်ထောင်ထပ်ပြုဖို့ ကိစ္စကို စိတ်မဝင်စားသေးဘူး၊ စီးပွားရေးနဲ့ အနုပညာ အလုပ်ကိုပဲ စိတ်ဝင်စားနေတဲ့ အတွက် ဒါတွေကိုပဲ ဦးစားပေးရမယ်လို့ ဟြေပါတယ်။
“အစ်မ လောလောဆယ်တော့ အိမ်ထောင်ထပ်ပြုဖို့ ကိစ္စကို စိတ်ကို မဝင်စားဘူး။ အခုလောလောဆယ် စိတ်ဝင်စားတာက စီးပွားရေးနဲ့ ကိုယ့်အနုပညာကို ဘယ်လိုလုပ်ရမလဲ ဆိုတာကိုပဲ ဦးစားပေးရမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဘဝမှာ ဦးစားပေး ခဲ့တာတွေက အများကြီးပဲလေ၊ အခုတော့ ဖြစ်သင့်တာကိုပဲ ဦးစားပေး ရတော့မယ်လေ။ အမှန်တကယ်တော့ သရုပ်ဆောင် တိုင်းက အပြင်မှာ စီးပွားရေး တခုခုတော့ ရှိကြတယ်” လို့ သူက ဆိုပါတယ်။
သရုပ်ဆောင် လောကဆိုတာ အမြဲတမ်း တက်လိုက် ကျလိုက်ဖြစ်နေတာ တကြောင်း၊ သရုပ်ဆောင် ဆိုတာက ငယ်တဲ့ အရွယ်နဲ့တင် တန့်နေမှာ မဟုတ်ဘဲ တဖြည်းဖြည်း အသက်ကြီးလာမှာ ဖြစ်တဲ့အတွက် ဘဝရပ်တည်ဖို့ စီးပွားရေး လုပ်ငန်း တခုခု ရှိထားသင့်တဲ့အကြောင်း ခိုင်နှင်းဝေက ရှင်းပြပါတယ်။
“သရုပ်ဆောင် အလုပ်က ဝါသနာ အရသာ လုပ်နေရတာ၊ တကယ်တမ်း ဘဝရပ်တည်ဖို့ အတွက် ခိုင်မာတဲ့ စီးပွားရေးတခု ရှိဖို့လိုတယ်။ ကိုယ်ကတော့ အနုပညာ လုပ်ငန်းနဲ့ပဲ စီးပွားရေး လုပ်ရတာ ဝါသနာပါတော့ ပရိုဂျူဆာ လုပ်မယ်၊ ဒီထဲမှာပဲ ကျင်လည် နေမှာပဲ၊ အောင်မြင်တယ် ဆိုတာကလည်း ဝါသနာရှိမှ အောင်မြင်တာလေ၊ ဝါသနာမရှိဘဲ တခြား သွားလုပ်လည်း ကျရှုံးမှာပဲ။ အနုပညာ လောကထဲမှာပဲ အစ်မ ရပ်တည်သွားမှာပါ” လို့ သူက ဟြေပါတယ်။
သရုပ်ဆောင် အလုပ်ဆိုတာ အလုပ်က သင်သွားတယ် ဆိုပေမယ့် တခါတလေ ဒါရိုက်တာ ဟြေတာနဲ့ ကိုယ့်ရဲ့ ထိုးထွင်းကြံဆ နိုင်တဲ့ ဉာဏ်ပေါင်းပြီး လုပ်ရတယ်ဆိုတာ ခိုင်နှင်းဝေက နားလည်ထားတာပါ။
“သရုပ်ဆောင် တယောက်က ကိုယ်သရုပ်ဆောင်တာ ဘာလို့လဲ ဆိုတာကို သိပ်မသိကြဘူး။ ဒါရိုက်တာတွေက ဘယ်နေရာမှာ ဘယ်လို စိတ်လေးထည့်လိုက်၊ ဘယ်လို မျက်ရည်ကျလိုက် ဆိုပြီး ဟြေပေးတဲ့ အပေါ်မှာ လုပ်လိုက်တာပါပဲ။ တခါတလေ ကျတော့လည်း အလုပ်က သင်သွားတာပေါ့။ တခါတလေ ဒါရိုက်တာဟြေတာနဲ့ ကိုယ့်ရဲ့ ထိုးထွင်း ကြံဆနိုင်တဲ့ ဉာဏ်နဲ့ ပေါင်းပြီး လုပ်ရတာပေါ့” လို့ သူက ရှင်းပြပါတယ်။
ခိုင်နှင်းဝေ အနေနဲ့ သူတယောက်တည်း နေရတဲ့ဘဝမှာ စိတ်ထွက်ပေါက် အနေနဲ့ ဘုရားတရားကို ပိုလုပ်ဖြစ်နေပြီး အခုအချိန်မှာ ၅၂၈ မေတ္တာ၊ ၁၅၀၀ မေတ္တာတွေရဲ့ ကွဲပြားပုံကိုလည်း သိသွားပြီလို့ သူက ဆက်ပြောပါတယ်။
“အစ်မ တယောက်တည်း နေရတဲ့ဘဝမှာ ဘုရားတရား ပိုလုပ်ဖြစ်တယ်၊ အစ်မ အမေနဲ့နေတယ်၊ အိမ်မှာ မွေးထားတဲ့ ခွေးလေးတွေနဲ့ နေတယ်။ ၅၂၈ တွေ အများကြီး ပေါင်းလိုက်ရင် လူတဦး တယောက်ရဲ့ ၁၅၀၀ ထက် အများကြီး ပိုပါတယ်။ ၅၂၈ နဲ့ ၁၅၀၀ နှစ်ခု ပေါင်းထားတဲ့ ၂၀၂၈ အချစ်ကိုလည်း မလိုချင်ပါဘူး။ အခုချိန်အထိ အနုပညာ အလုပ်တွေလုပ်နေရတာ ပရိသတ်ရဲ့ ကျေးဇူးကြောင့်ပါပဲ။ မင်းသမီးတွေ လည်းအများကြီးပဲ၊ အများကြီး ရှိနေတဲ့အထဲကို ပြန်တိုးဝင်ဖို့က မလွယ်တဲ့ ကိစ္စလေ။ မင်းသမီး အငယ်တွေလည်း မှိုလိုပေါက်နေတဲ့ အချိန်မှာ ပရိသတ်က ကိုယ့်ကို လက်ခံပေးတာကိုပဲ တော်တော် ကျေးဇူးတင်ပါတယ်” လို့ ခိုင်နှင်းဝေက ဆိုပါတယ်။