သရုပ်ဆောင်အဆိုတော် နန်းသီရိမောင်ကို သဘောကျနှစ်ခြိုက်နေသူလို့ဆိုတဲ့ အိမ်ထောင်ရှိသူ တဦးက ဖုန်းနဲ့ရော မက်ဆေ့ချ်နဲ့ပါ အသက်ကိုပါ ရန်ရှာ ခြိမ်းခြောက်မှုများရှိလာလို့ ၎င်းကို တရားစွဲဆိုသွားတော့မယ်လို့ နန်းသီရိမောင် က ဧရာဝတီကိုပြောပါတယ်။
အဆိုပါခြိမ်းခြောက်မှုဟာ တနှစ်ခွဲလောက်ရှိပြီလို့လည်း သိရပါတယ်။
သရုပ်ဆောင် အဆိုတော် နန်းသီရိမောင်ကို ဘယ်လိုပုံစံမျိုးနဲ့ ခြိမ်းခြောက်သလဲလို့ဆိုတော့ “သူက ကျမကို သဘောကျနှစ်ခြိုက်နေတဲ့သူဆိုတော့ အိမ်ထောင်ရှိတာကို လိမ်ပြီးတော့ လာကပ်တာပါ။ အဲ့လို အိမ်ထောင် ရှိတော့ မပတ်သက်ဖို့ကို ပြောတော့ မစားရတဲ့အမဲ သဲနဲ့ပက်တဲ့ ပုံစံမျိုးလုပ်တာ။ သူ့ကို အဆက်သွယ်မလုပ်ရင် နင့်ကို သတ်ပစ်မယ်တို့။ ရှင်းရှင်းပြောရရင် ကျမရဲ့ Fan Page ကို ကြော်ငြာချင်လို့ လူတွေ Like လုပ်ပြီး ကြော်ငြာချင်လို့ပါ။ အဲ့ဒါက နိုင်ငံခြားက ကတ်တခုခုရှိမှ ရမှာလေ။ သူ့ကို Fan Page မှာ အက်မင်လုပ်ခိုင်း လိုက်တာပါ။ သူက ကျမကို အက်မင်ထဲကနေ ဖယ်ထုတ်ပြီးတော့ သူက အကြီးဆုံးနေရာကို ၁ နှစ်လောက် ယူထားပြီး ကျမကို အယ်ဒီတာနေရာမှာပဲ ထားထားတော့ ကျမမှာလုပ်ပိုင်ခွင့်မရှိဘူး။ သမီးအနေနဲ့ ပုံတွေ ဝင်တင်မယ်၊ ကွန်းမန့်တွေဝင်ဖျက်လို့ရမယ် အဲ့လောက်ပဲလုပ်လို့ရတော့တယ်။ လွန်ခဲ့တဲ့ ၁ နှစ်ခွဲလောက်ကနေ စကိုင်လာတာ။ အဲ့ဒီ Fan Page ကိုလေ။ အဲ့ဒီတုန်းကတော့ မလုပ်သေးဘူး။ ကျမကလည်း သူခြိမ်းခြောက် တော့ ကြောက်တော့ လိုက်လျောညီထွေနဲ့စကားတွေပြောတာတော့ရှိခဲ့တယ်။ အခုနောက်ပိုင်းကျတော့ နည်းနည်းပြင်းထန်လာတယ်။ ကျမကလည်း ဆက်ပြီးတော့ အဆက်သွယ်မလုပ်ချင်တော့ စကားကို မပြောချင်တော့တာ။ အဲ့တော့ သူ့ကို အဆက်သွယ်လုပ်ဖို့ ပြောတဲ့အခါကျတော့ အခုလို အကြမ်းပတမ်းနဲ့ ကျမနားကပ်လာတဲ့ယောက်ျားလေးတွေကို ပြသနာရှာတယ်။ မိန်းကလေးတွေကိုလည်း ပြသနာရှာတယ်။ အဲ့ဒါကို ကျမအသိုင်းအဝိုင်းသူငယ်ချင်းတွေအကုန်လုံးက သိတယ်။ နောက် ကျမဆီမှာ သူခြိမ်းခြောက်ထားတဲ့ အသံဖိုင်တွေ အများကြီးရှိပါတယ်။” လို့ ဖြစ်စဉ်ကို နန်းသီရိမောင်က ရှင်းပြပါတယ်။
အခုလတ်တလော ရှေ့နေတွေနဲ့ သေချာတိုင်ပင်ပြီး ဥပဒေအရ အရေးယူသွားမယ်လို့လည်း သူက ဆက်ပြော ပါတယ်။
နန်းသီရိမောင်က“မြန်မာမိန်းကလေးတယောက်ကို ကာကွယ်စောင့်ရှောက်နိုင်မယ့် ဥပဒေမျိုးကို အလိုရှိပါတယ်။ သူတို့ကျတော့ မြန်မာနိုင်ငံက ဥပဒေကို မလေးစားဘူးလေ။ လုပ်လိုက်လေ ပိုက်ဆံရှိရင် ဖြေရှင်းလို့ရတယ်။ ငါ့မှာ အသိတွေရှိတယ်။ နင်တို့လိုကောင်မမျိုးကို ဘယ်လိုလုပ်လို့ရတယ် ဆိုပြီးတော့လေ။”လို့ သူကဆိုပါတယ်။
အဲ့ဒီခြိမ်းခြောက်သူဟာ နန်းသီရိမောင်ရဲ့ Fan Page ကိုရထားတဲ့အပြင် သူမရဲ့ ဖုန်းကိုပါ တခါ လုယူသွားပြီး အဲ့ဒီဖုန်းထဲက ဓာတ်ပုံများကိုပါ အဆိုပါ Fan Page တွင် တင်တာမျိုးကိုပါ လုပ်လာတယ်လို့ သိရပါတယ်။ အခုလတ်တလောမှာ “Nang Thiri Maung-Model Singer နန်းသီရိမောင်” ဆိုသော Fan Page တခုတည်းသာ နန်းသီရိမောင် ကိုယ်တိုင် အသုံးပြုနေတာဖြစ်ပြီး ကျန်သောဖေ့ဘုတ်ပေ့ချ်တွေမှန်သမျှကို အဆိုပါ ပုဂ္ဂိုလ်က အသုံးပြုကာ ဓာတ်ပုံများတင်ခြင်း ပို့စ်များတင်ခြင်းစတာတွေကို လုပ်ကိုင်နေတယ်လို့ နန်းသီရိမောင်က ပြောပါတယ်။