လူတိုင်းကတော့ ကိုယ့်မှာ အကျိတ် Lymph node တွေ ရှိတာကို သိကြပါတယ်။ အဲဒီ အကျိတ်တွေက ဘာလုပ်သလဲ။ ဘယ်လို အခြေအနေတွေ ဖြစ်လာတတ်သလဲ ဆိုတာတော့ တိတိကျကျ သိတဲ့သူ နည်းပါလိမ့်မယ်။ ရံဖန်ရံခါ အကျိတ် ယောင်တာ၊ နာတာတွေတော့ အနည်းနဲ့အများ ကြုံဖူးကြမှာပါ။ အဲဒီ အကျိတ်တွေအကြောင်း အခြေခံအချက်လေးတွေ ပြောပြချင်တာပါ။
ဘာလုပ်သလဲ
သားနံရည်ကျိတ်ခေါ်တဲ့ အဲဒီအကျိတ်တွေရဲ့အဓိက စွမ်းရည်က ရောဂါပိုးတွေ တိုက်ဖျက်တာပါ။ သားနံရည် ခေါ်တဲ့ ကိုယ်ခံအားစနစ်က ထွက်တဲ့ အရည်တွေက ဘက်တီးရီယားပိုးတွေနဲ့ အဆိပ်အတောက်ကို အကျိတ်ရှိရာ သယ်ဆောင် သွားတယ်။ အဲဒီမှာ သွေးဖြူဥတွေက ပိုးတွေကို ဖျက်ဆီးပစ်နိုင်အောင် လုပ်ပေးတာပေါ့။
ဘယ်လောက်များများ ရှိတယ်ထင်လဲ
ကိုယ့်မှာ အကျိတ်တွေ ဘယ်လောက်ရှိတယ် ထင်ပါသလဲ။ အကျိတ်တွေက တကိုယ်လုံးမှာ ရှိနေတာပါ။ တခုနဲ့ တခု သားနံရည်ကျိတ်လေးတွေနဲ့ ဆက်နွှယ်နေကြတယ်။ တကိုယ်လုံးမှာဆို ရာနဲ့ချီပြီး အကျိတ်တွေရှိပါတယ်။
ဘယ်လို နေကြတာလဲ
အကျိတ်တွေက လည်ပင်း၊ ချိုင်းကြား၊ ပေါင်ခြံတွေမှာဆို အစုလိုက် ရှိနေကြတာပါ။ ကိုယ့်ဘာသာ စမ်းကြည့်ရင် သိနိုင်ပါတယ်။ ဒါပေမယ့် အစာအိမ်နဲ့ ရင်ခေါင်းထဲ ရှိနေတာတွေကိုတော့ ရှိနေမှန်းမသိနိုင်ဘူးပေါ့။
ကာကွယ်ရေးကို အကျိတ်တွေကသာ လုပ်သလား
ရောဂါပိုးတွေ တိုက်ဖျက်တာကို အကျိတ်တွေက အများကြီး ထောက်ကူတယ်ဆိုပေမယ့် သရက်ရွက် Spleen ၊ ရင်ဘတ်ထဲက အကျိတ် Thymus ၊ အာသီး Tonsil တွေကလည်း ပူးပေါင်းပါဝင်တာကို မေ့ထားလို့မရပါဘူး။ သားနံရည်ကျိတ် စနစ်အတွက် အဲဒီအင်္ဂါတွေကလည်း လုပ်ဆောင်ပေးတာပါ။
အဲဒီအင်္ဂါတွေက ဘက်တီးရီးယား၊ ဗိုင်းရပ်စ်စတဲ့ရောဂါပိုးတွေကို တိုက်ခိုက်ပါတယ်။ ငယ်ရွယ်စဉ်မှာဆို ရင်ဘတ်ထဲက Thymus အကျိတ်ကလည်း သားနံရည်ကျိတ်တွေမှာနေပြီး ပိုးတွေကိုသတ်တဲ့ သွေးဖြူဥတွေ ထုတ်လုပ်ပေးတာပါ။
အဲဒီ Thymus အကျိတ်က ရင်သားနေရာ အရိုးနောက်မှာ ရှိတာပါ။ ငယ်ရွယ်စဉ်မှာတော အလုပ်တွေအရမ်းများပြီး ပျိုဖော်ဝင် အရွယ်တွေမှာ ကြီးလာပေမယ့် အသက်ကြီးလာရင်တော့ ပြန်ရှုံ့သွားပြီး အဆီတွေနဲ့ အစားထိုးခံရပါတော့တယ်။
သရက်ရွက် မရှိဘဲ နေနိုင်သလား
အူအတက်လိုပါပဲ၊ သရက်ရွက် မရှိပေမယ့် အသက်ရှင်နိုင်ပါတယ်။ Spleen ခေါ်တဲ့သရက်ရွက်ကိုယ်တိုင် အဖု၊ အကျိတ်တွေ ဖြစ်လာရင်၊ သွေးနဲ့ပတ်သက်တဲ့ ရောဂါတွေရှိလာရင် ဖယ်ထုတ်ရတာမျိုးပါ။ သရက်ရွက်မရှိရင် ရောဂါပိုးကူး စက်ခံရတာမျိုး ဖြစ်နိုင်ခြေ ပိုတော့ များနိုင်တယ်လို့ ယူဆနိုင်ပါတယ်။ ဒါပေမယ့် အာသီးတွေ၊ အူအတက်တွေလို မရှိဘဲ လည်း ရှင်သန်နေနိုင်ပါတယ်။
ရောဂါပိုးနဲ့ အကျိတ်
ရောဂါပိုးတွေဝင်လာရင် အကျိတ်တွေ ရောင်တာ၊ နာတာ ဖြစ်လာတတ်ပါတယ်။ လည်ပင်း၊ ချိုင်းကြား၊ ပေါင်ခြံတွေမှာ ကြုံဖူးကြမှာပါ။ ဘက်တီးရီးယားရော ဗိုင်းရပ်စ်ရော ပိုးတွေအားလုံးက အဲဒီလို ဖြစ်စေပါတယ်။
အကျိတ်နဲ့ကင်ဆာ
ပုံမှန်ဆိုရင် သွေးဖြူဥတွေ သက်တမ်းရင့်လာတဲ့အခါ အသစ် ထုတ်လုပ်နိုင်ပါတယ်။ ဒါပေမယ့် အဲဒီဆဲလ် အဟောင်းတွေ ပွားလာများလာပြီး အကျိတ်တွေ ရောင်လာတဲ့ Lymphoma ခေါ်တဲ့ ကင်ဆာရောဂါ ဖြစ်လာတတ်တာတော့ သိထားသင့်ပါတယ်။ အဲဒီသွေးဖြူဥတွေက ရောဂါလည်း ကာကွယ်မပေးတော့ဘဲ အသက်အန္တရာယ် ဖြစ်လာတာပေါ့။
သားနံရည်ကျိတ်နဲ့ ပတ်သက်ပြီး အတိုဆုံး ဗဟုသုတလေးတွေတော့ ရလောက်ပြီထင်ပါတယ်။ ဂရုစိုက်နိုင်ကြပါစေ။