ပြည်တွင်းမှာ မော်တော်အရောင်းပြခန်းတွေ ဖွင့်လှစ်လာပြီး နောက်ပိုင်း၊ မော်တော်ယာဉ်တင်သွင်းခွင့်တွေ ပေး လိုက်ပြီး နောက်ပိုင်း အာရှကားတွေပဲ ရာခိုင်နှုန်း အများဆုံး ဈေးကွက်ကို နေရာယူခဲ့တာ မှန်ပေမယ့် Pick-up Truckမော်ဒယ်တွေနဲ့ ပတ်သက်ရင်တော့ အမေရိကန် အခြေစိုက် Fordရဲ့ မော်ဒယ်က Rangerက ပြည်တွင်းမှာ အာရှထုတ် မဟုတ်တဲ့ လူစီးအများဆုံး မော်ဒယ် အဖြစ် ရပ်တည်လာနိုင်ခဲ့တာ တွေ့ရပါတယ်။
ရန်ကုန်အတိုင်းအတာက အစ နယ်ဘက်တွေ ထိအောင် Rangerတွေ နေရာတကာမှာ တွေ့လာ၊ မြင်လာရ ပါတယ်။ ဘာကြောင့်ပါလဲ။ ပုံမှန် ဆိုရင်တေ့ာ ဆီစားများတတ်လို့ လူသိပ်မကြိုက်ကြတဲ့ မော်ဒယ်မျိုးပါ။ အခုတော့ ဈေးကွက် အနေအထားအရ Rangerကို ပြည်တွင်းမှာ လက်ခံလာကြပါတယ်။
အလွယ်ဆုံး အနေနဲ့ အချက် သုံးချက်လောက် ထောက်ပြချင်ပါတယ်။ ပြည်တွင်း Pick-up Truckဈေးကွက်မှာ Toyota Hilux Vigo, Nissan Navaraနဲ့ အခု Rangerသုံးမျိုးလောက်ပဲ လူကြိုက်များကြပါတယ်။ ဒီလို ဈေးကွက်ဝင်မှု နည်းတဲ့ အနေအထားမှာ အထက်မှာ ပြောခဲ့တဲ့ ဈေးကွက် အနေအထားရဲ့ ဈေးနှုန်းအရ Rangerက လူတိုင်း လက်ခံနိုင်တဲ့ ဈေးနှုန်း ဖြစ်လာခဲ့ပါတယ်။
၂၀၀၃-၀၄ထုတ် Hiluxတွေဆိုရင် မော်ဒယ်ခွဲ အပေါ် မူတည်ပြီး ဈေးနှုန်း သိန်း ၂၀၀နဲ့ အထက် ဖြစ်နေချိန်မှာ Rangerက သိန်း ၁၆၀လောက်ပဲ ရှိနေတာပါ။ ဒီမှာ အားသာချက် တချက် ဖြစ်လာပါတယ်။ နောက်တချက် အရည်အသွေး၊ အားလုံးကို ချုံပြောလိုက်တာပါ။ အင်ဂျင်ပိုင်း စွမ်းဆောင်ရည်၊ ခရီးဝေး မောင်းနှင်နိုင်မှု၊ ကိုယ်ထည် ပိုင်း အကြမ်းခံနိုင်မှု၊ ယုံကြည်စိတ်ချရမှု အပိုင်းတွေမှာလည်း Fordက အားကောင်းပါတယ်။ ဒီနှစ်ချက်မှာတင် တော်တော်လေး လက်ခံနိုင်စရာ ဖြစ်လာခဲ့ပါတယ်။
နောက်ဆုံး တချက်ကို ပြောရမယ်ဆိုရင်တော့ တပ်ဆင်ထားမှု အပိုင်းပါ။ ညာမောင်းနဲ့ ရနိုင်တာတွေ၊ ဒီဇယ် အင်ဂျင်စနစ်နဲ့ လာတာတွေ၊ Keylessစနစ်နဲ့ သုံးနိုင်တာတွေ၊ အတွင်းခန်း တပ်ဆင် ပစ္စည်း အပြည့်အစုံ ထည့်ထားတာတွေ၊ အသက်ကယ် လေအိတ်စနစ်ပါရှိမှုတွေနဲ့ အတူ ဘီးတွေက အစ Aluminium ဘီးတွေနဲ့ ရနိုင်တာတွေပေါ့။ ဒါတွေက ထူးခြားချက်၊ ပြီးတော့ ကီလို နည်းနည်းပဲ ခိုင်းထားရသေးတဲ့ မော်ဒယ်တွေ ဈေးကွက်ဝင်နေမှု။ အဲဒီမှာ Rangerတွေ လူကြိုက်များလာခဲ့ပါတယ်။
တပ်ဆင် အင်ဂျင်အပိုင်းက ၂ ဒသမ ၄လီတာသုံး အင်ဂျင်ပါ။ အမြန်နှုန်း မြှင့်တင်နိုင်မှုလို စွမ်းဆောင်ရည်ပိုင်း သိပ်မကောင်းပေမယ့် ခရီးဝေး မောင်းနှင်နိုင်မှုနဲ့ အတူ ဖျော်ဖြေရေးစနစ် အသုံးပြုနိုင်မှုတွေ၊ အကူစနစ် သုံးနိုင်မှုတွေကတော့ အာရှထုတ် မော်ဒယ်တွေထက် သာပါတယ်။
ဈေးကွက်မှာတော့ ၂၀၀၅ခုနှစ် ဝန်းကျင်ထုတ် Rangerတွေ များပြီးတော့ သူ့ထက် မော်ဒယ်မြင့်တွေလည်း ရွေးချယ်နိုင်ပါတယ်။ ကျွန်တော်ကတော့ ဈေးသင့်သင့်နဲ့ မော်ဒယ်သင့်သေးတဲ့ အခု ၂၀၀၅မော်ဒယ်တွေကို သဘောကျပါတယ်။ ငွေရောင်၊ အပြာ၊ အနီတွေ ဈေးကွက် အဝင်များပါတယ်။ မောင်းနှင်ပြီး ကီလို ၅ သောင်း ကျော်ကနေစပြီး ကီလို အပေါ် မူတည်ပြီး ဈေးစကား နည်းနည်း ပြောချင်ပါတယ်။ လူကြိုက်များ အရောင်(ငွေ၊ အပြာ)လည်း ဖြစ်မယ်၊ ကီလို ၅သောင်း ဝန်းကျင်၊ ပုံဟောင်းဆိုရင် ၁၆၇ သိန်းလောက် အခေါ် ရှိပေ မယ့် ဈေးက မာချင်ပါတယ်။ ဒါပေမယ့် အနီလို လူကြိုက်နည်း အရောင်လည်း ဖြစ်မယ်၊ ကီလိုလည်း များ မယ် ဆိုရင်တော့ အခုဈေးထက် ခေါ်ဈေးလည်း နိမ့်သလို ဖြတ်ဈေးလည်း တော်တော်ကျ သွားနိုင်ပါတယ်။