ဂျာမနီ အခြေစိုက် Audi ရဲ့ စွမ်းဆောင်ရည်ကားထုတ်လုပ်မှု အပိုင်းမှာ လူကြိုက်အများဆုံး မော်ဒယ်လို့ ဆိုရင် ရနိုင်မယ့် မော်ဒယ်ပါ။ TT တွေ RS5 တွေကိုလည်း လူကြိုက်များတာ မှန်ပေမယ့် အဆင့်မြင့် မော်ဒယ်တွေ မဟုတ်တာကြောင့် အခု R8က ပိုပြီး လူကြိက်များတယ်လို့ သိရပါတယ်။ ကိုယ်ထည်ပိုင်းမှာတော့ Coupe တန်းဝင် အဖြစ်နဲ့ရော Roadsterတန်းဝင် အဖြစ်နဲ့ပါ ၂မျိုးရနိုင်တာပါ။
တကယ်တော့ တံခါးပေါက်စနစ်မှာ နှစ်ပေါက်တည်းစီပဲ ဖြစ်လို့ ဒီလောက်ကြီး သိသာလောက်အောင် မကွဲပြား ပေမယ့် စွမ်းဆောင်ရည်နဲ့ အမိုးဖွင့်၊ ပိတ်နိုင်မှုတွေမှာတော့ ကွဲပြားတာလည်း ဖြစ်ပါတယ်။ Coupe ကတော့ ဇိမ်ခံ အလှစီးအတွက် ပိုကောင်းပြီး အခု ကျွန်တော်က စွမ်းဆောင်ရည် ပိုကောင်းတဲ့ Roadsterနဲ့ မိတ်ဆက် ပေးချင်ပါတယ်။
အပြင်ဘက် အရောင်ကို ၂၁မျိုးထိအောင် ရွေးချယ်နိုင်မှာ ဖြစ်ပြီးအတွင်းခန်း အပြင်အဆင်ကလည်း ၁၁မျိုး ထွက် ပါတယ်။ ကိုယ်ထည်က အလျား ၁၄ပေနဲ့ ၇လက်မ၊ မျက်နှာစာ အကျယ် ၆ပေနဲ့ ၃လက်မ၊ အမြင့် ၄ပေနဲ့ ၁ ဒသမ ၃လက်မ ရှိမှာပါ။ ကိုယ်ထည်နဲ့ မြေပြင်ကွာဟမှုက ၄လက်မကျော်ပဲ ရှိလို့ လမ်းကြမ်းပိုင်းတော့ အဆင် မပြေချင်ပါဘူး။ R8ရဲ့ အလေးချိန်က ပေါင် ၃၆၀၀နီးပါး ရှိမှာ ဖြစ်ပြီးတော့ Roadsterဖြစ်လို့ အမိုးဖွင့်နိုင်တာ တချက်က စိတ်ကြိုက်ဖြစ်စရာပါ။
ဒါပေမယ့် အကောင်းဆုံး ဖန်တီးထားသည့်တိုင်အောင် R8ရဲ့ အားနည်းချက် တချို့ကိုလည်း သိစေချင်ပါတယ်။ ပထမ တချက်ကတော့ ကိုယ်ထည်ပိုင်း သေးငယ်လိ့ု ဝန်တင်ခန်း ကျဉ်းမြောင်းတာပဲ ဖြစ်ပါတယ်။ နောက်တ ချက် ကတော့ လျှပ်စစ် စနစ်သုံး Featureတွေရဲ့ လုပ်ဆောင်နိုင်မှုနဲ့ အသုံးပြုရမှု ဖြစ်ပြီးတော့ အလွယ်တမ်း ပြောရမယ် ဆိုရင် ခေတ်နည်းနည်း ကျန်နေတာ တွေ့ရပါတယ်။
တပ်ဆင်ထားတဲ့ အင်ဂျင်ကို ကြည့်မယ်ဆိုရင် ၄ ဒသမ ၂လီတာသုံး V Seriesတန်းဝင် V8အင်ဂျင် ဖြစ်ပြီးတော့ သူ့ရဲ့ လည်ပတ်အား တစ်မိနစ်ကို အပတ်ရေ ၄၅၀၀မှာ အင်ဂျင်ရဲ့ရုန်းအားက ၃၁၇ပေ-ပေါင် ရှိမှာ ဖြစ်ပြီးတော့ စွမ်းအင် ထွက်ရှိမှု အပိုင်းမှာက မြင်းကောင်ရေ ၄၃၀အားထိအောင်ထွက်လာမှာပါ။
ဒါပေမယ့် အခြေခံ လည်ပတ်အားများနေတဲ့ တစ်ချက်က ဆီစားများစေနိုင်သလို အမြင့်ဆုံး လည်ပတ်မယ့် နှုန်းက တစ်မိနစ် အပတ်ရေ ၇၉၀၀အထိ ဖြစ်ပါတယ်။ ဘီးစုံယက် စနစ်နဲ့ သွားလာမယ့် မော်ဒယ် ဖြစ်ပြီးတော့ Transmissionအပိုင်းမှာ Manualစနစ်နဲ့ ဂီယာချက် ၆ချက် သုံးနိုင်မှာပါ။ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှု အပိုင်းမှာက တစ်နာရီ မိုင် ၆၀နှုန်းကို အချိန် ၄ ဒသမ ၂စက္ကန့်ပဲ ယူမှာ ဖြစ်လို့ ပြိုင်ဖက် မော်ဒယ်တွေထက် ပိုမြန် နေသေးတာလည်း ဖြစ်ပါတယ်။
မော်ဒယ်နဲ့ ပတ်သတ်လို့ သဘောကျမိတဲ့ အချက်လေးတွေ နည်းနည်းလောက်ပြောရမယ် ဆိုရင် ကိုု်ယ်ထည် သားဖန်တီးမှုကို အရည်အသွေးမြင့် သတ္တုနဲ့ ကာဗွန်ဖိုက်ဘာသား ပေါင်းစပ်ထုတ်လုပ်ထားလို့ အကြမ်းခံနိုင်မှု အထူးကောင်းမွန်တာ တွေ့ရတဲ့ အချက်ရယ်၊ Auto-Manualပုံစံ ဂီယာစနစ်ကိုပါ ရွေးချယ်နိုင်မယ့် အချက်ရယ်၊ လက်ကိုင်ပိုင်းမှာပတ်လမ်းမောင်း Sportမော်ဒယ်တွေလို ထိန်းချုပ်မောင်းနှင်ရမှု ကောင်းမွန်တဲ့ အချက်ရယ်၊ နောက်ဆုံး Audioစနစ်ထည့်သွင်းထားမှု အားကောင်းလို့ တည်ငြိမ်တဲ့ သီချင်းသံပေးစွမ်းနိုင်မှုတွေကို သဘော ကျမိပါတယ်။
မော်ဒယ်က ဆီတစ်ဂါလံကို ပျမ်းမျှ ၁၉လောက်ပဲ စီးနင်းနိုင်မှာဖြစ်ပြီး ဒီနှုန်းက တန်းတူ မော်ဒယ်တွေနဲ့ သိပ် မကွာ ပေမယ့် အခုထက် ဆီစား ပိုချိုမယ် ဆိုရင် လူပိုကြိုက်နိုင်မှာပါ။ ဒီနေရာမှာ R8ရဲ့ ဈေးနှုန်းက နာမည်ကျော် Supercar ထုတ်လုပ်သူတွေ ဖြစ်တဲ့ Lamborghiniနဲ့ Ferrariတွေရဲ့ ဈေးနှုန်း ထက်ဝက်လောက်ပဲ ဖြစ်နေလို့ စိတ်ကြိုက်ဖြစ်စရာပါ။ စွမ်းဆောင်ရည်လည်း ကောင်းတယ်၊ အရည်အသွေးလည်း မြင့်တယ်၊ ဈေးလည်း ချိုတယ်၊ ဒါဆိုရင်တော့ ဆီစားနှုန်းလေး တစ်ခုကို ခဏလောက် မေ့ထားလိုက်နိုင်မယ် ထင်ပါတယ်။