လူတိုင်း နုပျိုကျန်းမာ အသက်ရှည်စွာ နေထိုင်ချင်ကြပါတယ်။ အသက်အရွယ် အတော်အတန် ရလာတဲ့တိုင် ကျန်းမာနုပျို ပြီး အလန်းစား ခန္ဓာကိုယ် အနေအထားကို ပိုင်ဆိုင်ကြဖို့ အလွယ်ဆုံးယောဂ ကျင့်စဉ် ၅ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ဒီ ယောဂ ကျင့်စဉ်တွေ လေ့ကျင့်ဖို့ ခက်ခက်ခဲခဲ စီစဉ်ဖို့ မလိုအပ်သလို ကျား-မ၊ ကြီး-ငယ် မရွေး အချိန်နည်းနည်းပေးပြီး လေ့ကျင့်လိုက်တာနဲ့ စိတ်ရော ကိုယ်ပါ အနားလည်းရ၊ ငြိမ်းအေးမှုကို ခံစားရမှာ သေချာပါတယ်။
ယောဂ ဆိုတဲ့စကားလုံးရဲ့ အဓိပ္ပာယ်က ပေါင်းစပ်ခြင်း၊ ဆက်သွယ်ခြင်း၊ ပေါင်းစည်းခြင်း ဖြစ်ပါတယ်။ ဘာတွေကိုလဲ ဆိုတော့ သင့်ရဲ့ ခန္ဓာကိုယ်၊ စိတ်ဝိညာဉ် ငြိမ်းအေးမှုတဲ့ ကျန်းမာရေးကို ပေါင်းစပ် ဆက်သွယ် ပေါင်းစည်းပေးတာ ဖြစ်ပါတယ်။
၁။ ကဲ (Malasana) လို့ ခေါ်တဲ့ ပထမနည်းကို ကြည့်ကြရအောင်ပါ။ ယောဂကျင့်ဖို့ အခင်းတခုကို ယူပါ။ အခင်းပေါ်မှာ ခြေထောက် နှစ်ဖက်ကို အနည်းငယ် ခွဲပြီး မတ်မတ်ရပ်ပါ။ လက်နှစ်ဖက်ကို သင့် ရင်ဘတ်ရှေ့မှာ ထားပြီး လက်အုပ်ချီတဲ့ သဏ္ဌာန် ထိကပ်ထားပါ။ အသက်ရှူထုတ်ပြီး ဒူးကို တဖြည်းဖြည်းချင်း ကွေးပါ။ တဖြည်းဖြည်းချင်း ထိုင်ချပါ။ ခေါင်းကို မတ်မတ်ထားပါ။ ပုံမှာ ပြထားတဲ့ အတိုင်း ၃ စက္ကန့် သို့မဟုတ် ၄ စက္ကန့်လောက် ထိုင်ပြီးတာနဲ့ တဖြည်းဖြည်း ပြန်ပြီး ထပါ၊ မတ်မတ်ရပ်ပါ။ အသက်ရှူသွင်းပါ၊ အဆုတ်ပြည့်အောင် ရှူသွင်းပါ။ အဲဒီနောက် အသက်ရှူထုတ်ပြီး စောစောက ပြောခဲ့တဲ့ အတိုင်း တနေ့ကို ၅ ကြိမ်လောက် လေ့ကျင့်ပေးပါ။
၂။ ပုံမှာ ပြထားတဲ့ ယောဂလေ့ကျင့်ခန်း အမည်က (Utkatasana) ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက တင်ပါးတွေ လျော့တွဲ အိကျလာတာကို ကာကွယ်ပေးပါတယ်။ သင့်ရဲ့ ယောဂအခင်းပေါ်မှာ မတ်မတ်ရပ်ပါ။ ခြေထောက်နှစ်ဖက်ကို စုပြီး အသက်ကို ပြင်းပြင်း ရှူသွင်းပါ။ ခေါင်းကို မော့ပါ။ သင့်ရဲ့ လက်နှစ်ဖက်ကို ခေါင်းပေါ် ဆန့်တန်းပါ။ အဲဒီနောက် အသက်ရှူထုတ်ပြီး ဒူးကို တဖြည်းဖြည်းကွေးယူပါ။ သင့်ခန္ဓာကိုယ်က ကုလားထိုင်ပေါ် ထိုင်နေဟန် ဖြစ်အောင် အောက်မှာ ဖော်ပြထားတဲ့ ပုံစံ အတိုင်း ကွေးယူပါ။ အဲဒီနောက် ကိုယ်ကို ပြန်မတ်ပြီး အသက်ပြင်းပြင်း ရှူသွင်းကာ… စောစောက ပြောခဲ့တဲ့ အတိုင်း တနေ့ ၅ ကြိမ် ၆ ကြိမ် လေ့ကျင့်ခန်းလုပ်ပါ။
၃။ လဲလျောင်းညင်သာ ယောဂကျင့်စဉ်တခု အကြောင်း ဆက်ပြောပါဦးမယ်။ ဒီနည်းက မခက်ခဲ မပင်ပန်းတဲ့ အပြင် ကျန်းမာရေး အတွက် အရမ်းကောင်းပါတယ်။ အထူးသဖြင့် သင့်ခန္ဓာကိုယ် အတွက် အရေးတကြီးလိုအပ်တဲ့ အောက်စီဂျင် ပြည့်ဝဖို့ အထောက်အကူ ပြုတာကြောင့် ဒီလေ့ကျင့်ခန်းကိုလည်း လေ့ကျင့်ကြည့်သင့်ပါတယ်။ ပုံမှာ ပြထားတဲ့ အတိုင်း ခြေဆန့် လက်ဆန့် ဖြေလျှော့ပြီး ပက်လက်လှန် လဲလျောင်းပါ။ မျက်စေ့ကို ပိတ်ပြီး အသက်ပြင်းပြင်း ရှူသွင်းပါ။ တဖြည်းဖြည်း ရှူသွင်းပါ။ ပြီးတော့ တဖြည်းဖြည်း အသက်ရှူထုတ်ပါ။ တနေ့ကို ၅ မိနစ်လောက် အချိန်ယူ လေ့ကျင့်ပါ။ ဒီနည်းကို (Savasana) လို့ ခေါ်ပါတယ်။
၄။ နောက်ဆုံး ဖော်ပြပေးမယ့် ယောဂကျင့်စဉ်ကိုတော့ The camel pose လို့ ခေါ်ပါတယ်။ သင့်ရဲ့ အခင်းပေါ်မှာ ဒူးထောက် ထိုင်ချလိုက်ပါ။ အသက်ရှူထုတ်ပြီး ပုံမှာ ဖော်ပြထားတဲ့ အတိုင်း နောက်ဘက်ကို ကွေးပါ၊ သင့် လက်နှစ်ဖက် သင့်ခြေဖဝါးနဲ့ ခြေချောင်းတွေကို ဆုပ်ကိုင်ပါ။ ဦးခေါင်းကိုလည်း နောက်ကို လှန်ချပါ။ အဲဒီနောက် မူလ အနေအထား အတိုင်း ကိုယ်ကို ပြန်မတ်ပါ။ ဒူးထောက်နေရင်း အသက်ပြင်းပြင်း ရှူသွင်းပါ။ နောက် အသက်ရှူထုတ်ပြီး စောစောက ပြောခဲ့တဲ့ အတိုင်း ပြန်လည် လေ့ကျင့်ပါ။ ဒီလေ့ကျင့်ခန်းက စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာကိုပါ အနားရ အားပြည့်စေပါတယ်။
Ref: onlymyhealth.com