ထိုင်းနိုင်ငံ တဝန်းရှိ အများက မြင့်မြတ်သည်ဟု ယူဆသတ်မှတ်ထားသည့် ဘုရားကျောင်းကန် နေရာများသို့ တက် ရောက်ကာ ကိုယ်နေဟန် အမျိုးမျိုးဖြင့် ယောဂလေ့ကျင့်ခန်း လုပ်နေသည့် ဓာတ်ပုံများ လူမှုကွန်ရက် Instagram တွင် လွှင့်တင်ခဲ့သည့် ကမ္ဘာလှည့် ခရီးသွား အမျိုးသမီးကို ထိုင်းခရီးသွားလုပ်ငန်း ရဲတပ်ဖွဲ့က စစ်ဆေး သတိပေးခဲ့ကြောင်း Thai Visa ဖိုရမ်သတင်းကဆိုသည်။
အဆိုပါ အမျိုးသမီးမှာ မက္ကဆီကို နိုင်ငံတွင် မွေးဖွားသူ အင်ဒရီတာ လီဗင် ဆိုသူဖြစ်ပြီး သူရောက်ရှိသည့် နေရာများမှာ ချင်းရိုင်ရှိ ပရာဆက် ပရာသက် ဘီဒွန်၊ Blue Temple ဟု ခေါ်သည့် ရောင်စူတန် ဘုရားကျောင်း၊ ဆူခိုင်းထိုင်း သမိုင်းဝင် နယ်မြေ၊ မြဘုရားတို့ ဖြစ်ပြီး၊ အဆိုပါနေရာများတွင် ယောဂကျင့်နေပုံများကို လူမှုကွန်ရက်တင်သဖြင့် အများပြည်သူက မသင့်လျော်ကြောင်း တိုင်ကြားသဖြင့် ချင်းရိုင် ခရိုင် ခရီးသွားလုပ်ငန်း ရဲအရာရှိများက ခေါ်ယူစစ်ဆေးခြင်း ဖြစ်သည်။
ယင်းဓာတ်ပုံများနှင့်ပတ်သက်၍ စွဲချက် အတင်မခံရ သော်လည်း အင်ဒရီတာ လီဗင် အနေဖြင့် ၎င်းလွှင့်တင်ထားသော အင်စတာဂရမ်ပေါ်မှ ပုံများကို ပြန်ဖျက်ပေးရန် ခရီးသွားလုပ်ငန်းရဲတပ်ဖွဲ့၏တောင်းဆိုချက်ကို လိုက်နာပါမည်ဟု ခံဝန် ကတိပေးခဲ့ရသည်။
၎င်းဓာတ်ပုံများ (အွန်လိုင်းပေါ်) ဆက်လက်ဖြန့်ဝေခြင်းမပြုရတော့သော်လည်း အင်ဒရီတာ လီဗင် သည် ၎င်း၏ ပိတ်ရက်အတွင်း ထိုင်းနိုင်ငံ၌ ဆက်လက်နေထိုင်လိုကြောင်း အတည်ပြုပြောကြားခဲ့သည်။
၎င်းသည် မကြာမီ ချင်းမိုင်နှင့် ဖူးခက် တို့သို့ ခရီးဆက်ရန် စီစဉ်ထားသော်လည်း ထိုင်းနိုင်ငံရှိ မြင့်မြတ်သောနေရာများတွင် ယောဂကိုယ်ဟန်ပြ၍ မည်သည့်ဓာတ်ပုံမှ မရိုက်ကူးရန် ရဲအရာရှိများက တားမြစ်ခဲ့သည်။