အမေရိကန်နိုင်ငံအခြေစိုက် “Uber” Transportation Network ကုမ္ပဏီမှ ကမ္ဘာတဝန်းမှာ လက်ရှိ အောင်မြင်စွာ အသုံးပြုနေတဲ့ Application မှတဆင့် အငှားယာဉ် (Taxi) ငှားရမ်းနိုင်တဲ့ စမတ်ဖုန်း Application “Uber” ကို မြန်မာနိုင်ငံမှာ ယနေ့ စတင် မိတ်ဆက်လိုက်ပါတယ်။
“ကျနော်တို့ Uber ရဲ့အဓိက Mission ကတော့ ယုံကြည် စိတ်ချရတဲ့ ပို့ဆောင် ဆက်သွယ်ရေးကို နေရာတိုင်း၊ လူတိုင်းအတွက် ယူဆောင်ပေးချင်တာပဲ ဖြစ်ပါတယ်။ ရိုးရှင်းတဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့ ကျနော်တို့အနေနဲ့ ကလစ်တချက်နှိပ်ရုံနဲ့ ယာဉ်စီးနိုင်မယ့် နည်းပညာကို ယူလာပေးတာ ဖြစ်ပါတယ်။ ဒီလိုမျိုး မြို့ထဲမှာ အဆင်ပြေ လွယ်ကူစွာ သွားလာနိုင်တာ အင်မတန်မှ အကျိုးရှိပါတယ်” လို့ Uber ရဲ့Asia Pacific, Regional General Manager ဖြစ်သူ Mr.Michael Brown က ပြောပါတယ်။
ဆက်လက်ပြီး သူက “ကျနော်တို့နဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ ရန်ကုန်မြို့က အငှားယာဉ် မောင်းတွေကိုလည်း ဖိတ်ခေါ်ထားပါတယ်။ ရန်ကုန်မြို့မှာရှိတဲ့ တက္ကစီ စီးရေပေါင်း ၇ သောင်းကျော်မှာ လက်ရှိ ကျနော်တို့နဲ့အတူ ပူးပေါင်းထားတဲ့ ယာဉ်မောင်းတွေ ရာကျော် ရှိနေပါပြီ” လို့ Mr.Michael Brown က ဆိုပါတယ်။
“Uber” ကို ကမ္ဘာ့မြို့ကြီးပေါင်း ၄၅၀ ကျော်မှာ အသုံးပြုလျက်ရှိပြီး မြန်မာနိုင်ငံအနေနဲ့ ၇၆ ခုမြောက် နိုင်ငံ ဖြစ်တယ်လို့ သိရပါတယ်။ Uber Application ကို မလေးရှား၊ ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်စတဲ့ အာဆီယံနိုင်ငံတွေမှာ အသုံးပြုလျက်ရှိတယ်လို့ သိရပါတယ်။
“ကျနော့်အနေနဲ့ Uber နဲ့ စပြီး သိခဲ့ရတာ ဥရောပ ခရီးစဉ်မှာ ဖြစ်ပါတယ်။ ကျနော် ဥရောပကို သွားရောက်ခဲ့စဉ် ကာလမှာ အင်္ဂလန်နိုင်ငံမှာ Uber ကို စတင် သုံးစွဲနေတာ တွေ့ရပါတယ်။ ဒီနေရာမှာ ခရီးသည်တွေရဲ့အသံတွေ၊ ခရီးသည်တွေရဲ့အမြင်တွေကို ကျနော် နားထောင်ခဲ့ပါတယ်။ Taxi အသင်း တွေရဲ့အခြေအနေကိုလည်း ကျနော် နားထောင်ခဲ့တယ်။ ကျနော်တို့ “Yangon Transport Authurity” မှာ Bus ကားစနစ် ပြုပြင်မှုတရပ် ဆောင်ရွက်ဖို့ အစီအစဉ်၊ Water Taxi ရေကြောင်းကနေ ခရီးသည်တွေကို ပို့ဆောင်ပေးဖို့ အစီအစဉ်နဲ့ နောက်တခု Taxi ကို စနစ်တကျ ဆောင်ရွက်ဖို့ အစီအစဉ်တွေ ရှိတယ်” လို့ အဆိုပါပွဲသို့ တက်ရောက်လာတဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
ဆက်လက်ပြီး ဦးဖြိုးမင်းသိန်းက “ရန်ကုန်မြို့မှာ Taxi အသင်းဆိုပြီး တိတိကျကျ မရှိသေးဘူး။ Taxi စီးတဲ့ ခရီးသည်နဲ့ မောင်းသူတွေ ကြားမှာ ယုံကြည်မှု ပျက်ပြားနေတာတွေ ကျနော် ကြားရပါတယ်။ တက္ကစီ စီးရတာ မိန်းကလေးတွေအတွက် လုံခြုံမှုမရှိဘူးဆိုပြီး ကြားရတာတွေရှိတယ်။ နှစ်ဘက်စလုံးမှာ ပြန်ကြားရတယ်။ တက္ကစီ မောင်းသူအတွက်ကော စီးသူအတွက်ပါ ယုံကြည်မှုရစေမယ့်၊ လုံခြုံမှုလည်း ဖြစ်စေမယ့်၊ ဝန်ဆောင်မှုလည်း ကောင်းစေမယ့် နည်းပညာနဲ့ ဆောင်ရွက်နေတဲ့ တက္ကစီ ဝန်ဆောင်မှု လုပ်ငန်းတွေ မြန်မာနိုင်ငံမှာ လာရောက် ဆောင်ရွက်ဖို့ ကျနော် ဖိတ်ခေါ်ခဲ့ပါတယ်” လို့ ဆိုပါတယ်။
ခရီးသည်များအနေနဲ့ Uber Application ကို အသုံးပြုပြီး မိမိငှားရမ်းလိုတဲ့ နေရာအနီးတဝိုက်မှာရှိတဲ့ Uber နဲ့ ချိတ်ဆက်ထားတဲ့ အငှားယာဉ်များကို Application ကနေ တဆင့် ငှားရမ်း ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။
Uber Application ကနေ မိမိသွားမယ့် လမ်းကြောင်းကို ရွေးချယ်လိုက်တဲ့အခါ ယာဉ်မောင်းထံ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်၊ ယာဉ်မောင်းနာမည်၊ မော်တော်ယာဉ်အမှတ်စတဲ့ အသေးစိတ် အချက်အလက်များ ရရှိမှာဖြစ်ပြီး ခရီးစဉ်ကျသင့်ငွေ ဈေးနှုန်းကိုပါ Application မှာ တပါတည်း ဖော်ပြပေးမှာ ဖြစ်ပါတယ်။
ငှားရမ်းသူမှ ခရီးစဉ်တလျှောက် စီးနင်းနေစဉ်မှာလည်း မိမိသွားနေတဲ့ လမ်းကြောင်းကို Uber Applicaion ကနေ GPS မြေပုံအတိုင်း စီးနင်းရင်း ကြည့်ရှုသွားနိုင်ပြီး သွားနေတဲ့ ခရီးကိုလည်း မိသားစု၊ မိတ်ဆွေများထံ မျှဝေနိုင်ခြင်းကြောင့် ဘေးကင်းလုံခြုံစွာနဲ့ စီးနင်းနိုင်တယ်လို့ သိရပါတယ်။
“Uber ရဲ့အားသာချက်က ငှားရမ်းတဲ့သူအတွက် ယာဉ်မောင်းရဲ့အချက်အလက်ကို အတိအကျ ရတာကြောင့် စီးတဲ့အခါ လုံခြုံတယ်လို့ ခံစားရမယ်။ ယာဉ်မောင်းကလည်း ခရီးသည်ရဲ့ဖုန်းနံပါတ် ရထားတဲ့အတွက် နှစ်ဦးနှစ်ဖက် ပိုပြီး ယုံကြည်မှု ရှိတယ်။ များသောအားဖြင့် နိုင်ငံခြားသားတွေ ဒီလို တက္ကစီပဲ စီးကြတယ်။ သူတို့အတွက် အသုံးပြုရတာလည်း လွယ်တယ်၊ လုံခြုံမှုလည်းရှိတယ်” လို့ အငှားယာဉ်မောင်း တဦးဖြစ်သူ ကိုတင်ဝင်းက ဧရာဝတီကို ပြောပါတယ်။
Uber ဝန်ဆောင်မှုဟာ ခရီးစဉ် ပြီးဆုံးတဲ့အခါ ငွေသား သို့မဟုတ် Credit Card နဲ့ ကျသင့်ငွေကို ပေးချေနိုင်ပါတယ်။ Uber ကို ကမ္ဘာတဝန်း အသုံးပြုနေတဲ့ ခရီးစဉ်ပေါင်း နေ့စဉ် ပျမ်းမျှ ၅ သန်းကျော် ရှိပြီး လစဉ် ပုံမှန်စီးနင်းနေသူပေါင်း သန်း ၄၀ ကျော် ရှိတယ်လို့ သိရပါတယ်။
ကမ္ဘာတဝန်း ဝန်ထမ်းပေါင်း ၁၂၀၀၀ ကျော်နဲ့ လည်ပတ်နေတဲ့ Uber နည်းပညာ ကုမ္ပဏီမှာ လက်ရှိ စာရင်းဝင်ယာဉ်မောင်းသူပေါင်း ၁.၅ သန်းကျော် ရှိတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိ အငှားယာဉ် Taxi ဝန်ဆောင်မှုများအနေနဲ့ Hello Cabs, Oway Ride စတဲ့ ကုမ္ပဏီများ တည်ရှိပြီး မကြာသေးခင်က Grab Taxi ဝန်ဆောင်မှုနဲ့အတူ ယခုအခါ ကမ္ဘာကျော် Uber ဝန်ဆောင်မှုလည်း ဝင်ရောက်လာတာ တွေ့ရပါတယ်။
“Uber” အငှားယာဉ် Applciation မိတ်ဆက်ပွဲကို ရန်ကုန်မြို့ ဒဂုံမြို့နယ် အလုံလမ်း၊ ပြည်သူ့ရင်ပြင်၊ The Yangon Gallery မှာ မေလ ၁၁ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး အဆိုပါပွဲကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Mr.Scot Marciel တို့နဲ့ Uber မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။