အသက် ၈၀ ကျော်ပြီ ဖြစ်လို့ အကူနဲ့သွားလာနေရပေမယ့် ဘကြီးမိုး ခေါ် ပန်းချီမောင်မိုးသူ ဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ ကခုန်နေဆဲပါပဲ။ သို့ပေမယ့် တကယ်တမ်း သူ ကခုန်တာက ကမ်းဘတ်စ်ပေါ်မှာ အရောင်တွေနဲ့ ကခုန်တာပါ။
“အရင်တုန်းက ဘဘပန်းချီရေးတယ် ဆိုတာ ဘုရားပုထိုး၊ ရှုခင်း စသည်ဖြင့် ရေးခဲ့တာပေါ့။ အခု အဲဒီဟာတွေ မရေးချင် တော့ဘူး။ အရောင်တွေပဲ ရေးဖို့ စိတ်ကူးပေါ်ပေါက်လာတယ်။ အရောင်တွေနဲ့ ရေးရတာ စိတ်ထဲက လွတ်လပ်တယ်၊ ပျော်တယ်ပေါ့ နော်။ အဲဒါကြောင့် Dancing with Colours အရောင်များနဲ့ ကခုန်ခြင်း ဖြစ်လာတာ” လို့ ဆရာမောင်မိုးသူ က ဆိုပါတယ်။
သူ့ရဲ့ ပန်းချီကားတွေကို လေ့လာကြည့်တော့လည်း လွတ်လပ်ပေါ့ပါးစွာ တွန်းထိုးရုန်းကြွနေတဲ့ အရောင်တွေနဲ့ လှပညီညွတ်စွာ ဖွဲ့စည်းရေးဆွဲထားတဲ့ Colour Expressive ပန်းချီကားတွေ ဖြစ်နေတာ တွေ့ရပါတယ်။ တနည်းအားဖြင့် Abstract Expression ပန်းချီကားတွေပါပဲ။
Dancing with Colours ပန်းချီပြပွဲမှာ ၂ ပေ ၃ ပေအရွယ် ပန်းချီကား ၃၄ ကား ပြသသွားမှာ ဖြစ်ပြီး ပန်းချီကား ဈေးနှုန်းတွေကတော့ ဒေါ်လာ ၄၀၀ သတ်မှတ်ထား ပါတယ်။ ဇွန်လ ၂၄ ရက်နေ့ စပြီး ၂၆ ရက်နေ့ အထိ ဗဟန်းမြို့နယ် ကမ္ဘာအေး ဘုရားလမ်းရှိ ချင်းချောင်းနန်းတော်က Myanmar Art Centre Gallery မှာ ပြသသွားမှာ ဖြစ်ပါတယ်။
ဆရာမောင်မိုးသူ ဟာ မြန်မာမော်ဒန်ပန်းချီကို ဦးဆောင်ခဲ့တဲ့ ဝင်းဖေ၊ ပေါ်ဦးသက်၊ ခင်မောင်ရင်၊ ကိုရွှေအောင်သိန်း စတဲ့ ပုဂ္ဂိုလ်များနဲ့ ၁၉၆၀ ခုနှစ် ကာလများ ကတည်းက ချစ်ချစ်ခင်ခင် အတူသွား၊ အတူစားနေထိုင်ခဲ့သူပါ။ ဒါပေမယ့် ပန်းချီကိုတော့ တကယ်တမ်း စဆွဲဖြစ်ပြီး ပန်းချီပြပွဲ လုပ်နိုင်ခဲ့တာကတော့ ၂၀၀၇ ခုနှစ် ဝန်းကျင်မှာ ဖြစ်ပါတယ်။
“ဟိုတုန်း ကတည်းက ပန်းချီက ဆွဲချင်တာပါပဲ။ ဒါပေမယ့် သူတို့က ပန်းချီဆွဲရင် မကြိုက်ဘူးလေ။ သူတို့ ဆေးတွေ ကုန်မှာစိုးလို့၊ ဘဘတို့ အဲဒီအချိန်က ဆေးက သိပ်ရှားတာကိုး။ နောက်ပြီး ဘဘရဲ့ အသက်မွေးမှုက စာရေးတာ။ ရုပ်ရှင်ရိုက်တာ” လို့ ဆရာမောင်မိုးသူကဆိုပါတယ်။
ဆရာမောင်မိုးသူဟာ ဘာသာပြန်ဆရာ၊ ရုပ်ရှင်ဒါရိုက်တာ၊ စာအုပ်ထုတ်ဝေသူအဖြစ် လုပ်ကိုင်နေရင်း ၁၉၈၈ အရေးတော်ပုံ ကာလ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ရာမှ ပါဝင်ခဲ့ပါတယ်။ နိုင်ငံရေး လှုပ်ရှားမှုတွေမှာ ပါဝင်ရင်း ထောင်ဒဏ် ၇ နှစ် ကျခံခဲ့ရပြီး ထောင်ကျနေချိန်မှာပဲ ဇနီးဖြစ်သူ ကွယ်လွန်ခဲ့ပါတယ်။ ဒါကြောင့် ၂၀၀၀ ခုနှစ် ထောင်က လွတ်လာပြီး နောက် ရေးဆွဲခဲ့တဲ့ ပန်းချီကား ၂ ကားက ကွယ်လွန်သူ ဇနီးသည် မအမာရဲ့ ပန်းချီကားနဲ့ ထောင်ထဲမှာ သူ ပိတ်လှောင်ခံခဲ့ရတဲ့ အထူးတိုက်ခန်း ပန်းချီကားတွေ ဖြစ်ပါတယ်။
ဆရာမောင်မိုးသူက ၂၀၀၇ ခုနှစ်ကစပြီး ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ Emotion နာမည်နဲ့ တကိုယ်တော် ပန်းချီပြပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ မြေးဖြစ်သူ မိုးသောက်နဲ့ အတူ Moe Thu, Moe Thauk နာမည်နဲ့ ပန်းချီပွဲ တပွဲထပ်မံ ပြုလုပ်ခဲ့ပါသေးတယ်။
Dancing with Colours ပန်းချီပြပွဲနဲ့ ပတ်သက်လို့ အသက် ၈၀ အရွယ် ဘကြီးမိုးလို့ အများက ခေါ်ကြတဲ့ ဆရာမောင်မိုးသူက “ပေါ်ဦး၊ ဝင်းဖေတို့ရဲ့ ဆရာအရင်းခေါက်ခေါက် ပန်းချီဘကြီးသက်က ပန်ချီရေးတယ် ဆိုတာ ပျော်ရတယ်ကွဲ့ လို့ ပြောခဲ့ဖူးပါတယ်။ ဘကြီးသက် စကားကို အခုထိ သတိရနေပါတယ်။ ဘဘလည်း ပျော်လို့ ဒီပန်းချီကားတွေ ရေးဖြစ်သွားတာပါ။ ဘဘကိုယ်တိုင်လည်း အားထည့် ရေးထားလို့ ကြည့်တဲ့လူလည်း ခံစားမှုတခုခု ရမယ် လို့ ယုံကြည်တယ်” လို့ ဆိုပါတယ်။
ဆရာမောင်မိုးသူ အရောင်တွေနဲ့ ဘယ်လို ကခုန်သလဲ၊ မောင်မိုးသူရဲ့ အပျော်စိတ်နဲ့ ဖန်တီးမှုက ဘယ်လိုလဲ ဆိုတာ မြင်တွေ့ ခံစားမယ် ဆိုရင် သမိုင်းဝင် ချင်းချောင်း နန်းတော်က Myanmar Art Centre Gallery မှာ ကျင်းပမယ့် Dancing with Colours ပန်းချီပြပွဲမှာ ရှုစားနိုင်ကြမှာပါ။