တောင်ကိုရီးယားနိုင်ငံ၊ ဆောင်ဒို(Songdo)မြို့မှာရှိတဲ့ နိုင်ငံတကာ စီးပွားရေး နယ်မြေ (International Business District) ကတော့ အာရှမှာရှိတဲ့ မြို့ကြီးတွေထဲမှာ ထူးခြားတဲ့ စိမ်းလန်းမြို့တော်ဖြစ်ဖို့ ကြိုးပမ်းနေတာ တွေ့ရပါတယ်။ တောင်ကိုရီးယား လူမျိုးတွေရော အခြား နိုင်ငံတကာက စီးပွားရေးသမားတွေပါ နေထိုင်မှု အများဆုံးရှိနေတဲ့ အဆိုပါ နယ်မြေမှာ ကျောင်းတွေ၊ ဈေးဆိုင်တွေနဲ့အတူ မြို့ပြတခုရဲ့ ပြည့်စုံမှု အားလုံးရှိအောင် လုပ်ဆောင်နေပြီး ထူးခြားချက်ကတော့ စိမ်းလန်းမြို့တော်ဖြစ်ဖို့အတွက် မော်တော်ကား စီးနင်းမှုကို အတတ်နိုင်ဆုံး လျော့ချဖန်တီးမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ နယ်မြေက မြို့ပြတခုရဲ့ အနေအထားအတိုင်း ပြည့်စုံအောင် ဖန်တီးဖို့အတွက် အသုံးစရိတ် အမေရိကန် ဒေါ်လာ ၃၅ ဘီလီယံလောက်ထိအောင် အကုန်အကျခံကာ အဆင့်မြှင့်တင်မှာ ဖြစ်ပြီး အဆိုပါမြို့တော်ကို နာမည်ကျော် အမေရိကန်နိုင်ငံ ဘော်စတွန်(Boston)မြို့ရဲ့ အခြေခံ တည်ဆောက်မှုကို နမူနာယူ တည်ဆောက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။ ၂၀၀၂ ခုနှစ်ကတည်းက အခု စီမံကိန်းကို စတင် နေခဲ့တာ ဖြစ်ပြီး အိမ်စီးကား စီးနင်းမှုထက် ဘတ်စ်ကားတွေ၊ မြေအောက်ရထားနဲ့ စက်ဘီးတွေကိုပဲ အဓိက အသုံးပြု သွားလာစေမှာ ဖြစ်တယ်လို့ IBD (International Business District) ကို အဓိက တာဝန်ယူတည်ဆောက် နေတဲ့ Gale International လုပ်ငန်းရဲ့ ဥက္ကဋ္ဌ Stan Gale က ပြောပါတယ်။
IBD နယ်မြေကို တဖြည်းဖြည်းချင်း ချဲ့ထွင်နေပြီး ၂၀၂၀ ခုနှစ်အရောက်မှာတော့ နယ်မြေဟာ စတုရန်း ပေပေါင်းသန်း ၁၀၀ ပတ်လည်ထိအောင် ကျယ်ဝန်းလာတော့မှာလည်း ဖြစ်ပါတယ်။ တည်နေရာအနေနဲ့ကတော့ IBD ကို ပယ်လယ်ဝါ(Yellow Sea)ကမ်းခြေနဲ့ တဆက်တည်းမှာ ထားရှိ ဖန်တီးနေတာလည်း ဖြစ်ပါတယ်။ ဖန်တီးသူတွေအနေနဲ့ Eco-friendly(စိမ်းလန်းမှုဦးစားပေးပုံစံ) ဦးတည်ချက်နဲ့ ကနဦး ရည်ရွယ် ဖန်တီးနေတာ ဖြစ်ပြီး လမ်းကြောင်းပိုင်း ဖောက်လုပ်မှုတွေမှာ ကိုယ်ပိုင်ကားတွေထက် ဘတ်စ်ကားနဲ့ စက်ဘီးလမ်းတွေအတွက်ပဲ ဦးစားပေး ဖောက်လုပ်နေတာလည်း တွေ့ရပါတယ်။
အဆိုပါ နယ်မြေအတွင်းမှာ ရုံးခန်းနေရာတွေ ပါမယ်၊ အရောင်းပြခန်းတွေ၊ ကျန်းမာရေး ဝန်ဆောင်မှု (ဆေးခန်း၊ ဆေးရုံ)တွေ၊ ကျောင်းတွေကို အိမ်ရာတွေရဲ့ အနီးမှာ ဖန်တီးနေတာလည်း ဖြစ်ပါတယ်။ အဆိုပါ အများပြည်သူ့ ဝန်ဆောင်မှု နေရာတွေနဲ့ အိမ်ရာတွေဟာ လမ်းလျှောက်သွားရုံနဲ့ အလွယ်တကူ ရောက်နိင်လောက်အောင် နီးနီးကပ်ကပ် ရှိနေမှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် လူနေအိမ်ရာနဲ့ ရုံးတွေကို အသွား၊ အပြန်ခရီးအတွက် မြေအောက်ရထား၊ ဘတ်စ်ကားတွေနဲ့ ၁၂ မိနစ် အတွင်း ရောက်နိုင်မယ်လို့လည်း သိရပါတယ်။
အခု နယ်မြေအတွင်းမှာ ၁၅ မိုင်ထိအောင် ရှည်လျားမယ့် စက်ဘီး သီးသန့်လမ်းပါမယ်၊ ဒီလမ်းဟာ အခု စီးပွားရေး နယ်မြေအတွင်းမှာတင် မဟုတ်ဘဲ နောက်ပိုင်းမှာ မိုင် ၉၀ ရှည်တဲ့လမ်းအဖြစ် ဖောက်လုပ်ဖို့ရှိပြီး ဆောင်ဒိုမြို့တွင်းနဲ့ပါ ချိတ်ဆက်လာဖို့ ရှိနေပါတယ်။ နယ်မြေရဲ့ ရာခိုင်နှုန်း ၄၀ ကျော်လောက်က စိမ်းလန်းစိုပြေတဲ့ စိုက်ခင်းနဲ့ သစ်ပင်တွေရှိမယ်၊ ဒီပမာဏဟာ လက်ရှိ အမေရိကန်က နယူးယောက်စီးတီးထက် စိမ်းလန်းမှု နှစ်ဆလောက်ထိအောင် ပိုလာမှာလည်း ဖြစ်ပါတယ်။ နာမည်ကျော် မက်ဟက်တန် ပန်းခြံ(Manhattan Central Park)ထက် ပိုမို ကြီးမားတဲ့ ပန်းခြံလည်း ထည့်သွင်း တည်ဆောက်မှာဖြစ်ပြီး အခု နယ်မြေအတွင်း အဆိုပါ အကြီးဆုံး ပန်းခြံက အကျယ်အဝန်း ၁၀၁ ဧက ရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ယခု IBD နယ်မြေကို တောင်ကိုရီးယားရဲ့ အကြီးဆုံး စီပွားရေး နယ်မြေ ဖြစ်လာနိုင်ဖို့ ကြိုးပမ်းနေပြီး နောက်ပိုင်းမှာ IBD ကနေ Incheon Free Economic Zone (အင်ချွန်းစီးပွားရေးနယ်မြေ အတွင်းကိုပါ) ထည့်သွင်းနိုင်အောင် ဖန်တီးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အခု နယ်မြေရဲ့အောက်ခံ မြေသား မာကျော ရန်အတွက် ၂၀၀၀ ခုနှစ်အတွင်း တောင်ကိုရီးယား အစိုးရအနေနဲ့ သဲ တန်ချိန် ၅၀၀ကို မြေညှိ အသုံးပြုခဲ့တယ်လို့လည်း ဆိုပါတယ်။ လက်ရှိမှာတော့ အိမ်ရာပေါင်း ၂၀၀၀၀ ထိအောင် တည်ဆောက်ပြီး လူဦးရေ ၅၀၀၀၀ ထိအောင် နေထိုင်နေပြီ ဖြစ်သလို နောက်ပိုင်းမှာ ဆောင်ဒိုထက်ကိုပဲ အိမ်ခြေ ၁ သိန်း ကျော်ထိအောင် နေထိုင်မှုရှိလာမယ်လို့ ခန့်မှန်းထားတာလည်း တွေ့ရပါတယ်။
ဆောင်ဒိုနဲ့အတူ IBD နယ်မြေနှစ်ခုပေါင်းဟာ အနာဂါတ်မှာ နိုင်ငံရဲ့ မြို့တော် ဆိုးလ်ထက်ကိုပဲ စီးပွားရေး၊ ယဉ်ကျေးမှုနဲ့ အခြား နယ်ပယ်အသီးသီးမှာ ပိုမို အချက်အချာ ကျအောင် ဖန်တီးနေတာ ဖြစ်သလို ခရီး အကွာအဝေးအနေနဲ့လည်း အချိန် ၁ နာရီ အတွင်းမှာ ဆိုးလ်နဲ့ ဆောင်ဒိုကို သွားလာနိုင်မယ်လို့ သိရပါတယ်။
လက်ရှိ ဆောင်ဒိုမှာ ဝန်ထမ်း အင်အား ၇ သောင်းလောက် နေထိုင်နေပြီး လူဦးရေကတော့ ၃ သိန်းခန့်နေထိုင်နေတာ ဖြစ်ပါတယ်။ IBD နယ်မြေ အနေနဲ့ လာမယ့် ၂၀၂၀ ခုနှစ်မှာ ပြီးပြည့်စုံတဲ့ နယ်မြေတစ်ခု အဖြစ် အပြီးသတ် တည်ဆောက်ဖို့ ရှိနေပြီး အဆိုပါ နှစ်တွေရဲ့ နောက်ပိုင်းကနေ စပြီး လူနေထူထပ် စည်းကားလာဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။
www.businessinsider.com တွင် ဖော်ပြထားတဲ့ South Korea is building a $ 35 billion city designed to eliminate the need for cars ဆိုတဲ့ ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။