သရုပ်ဆောင် အကယ်ဒမီမင်းဦးက ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေပြီး ပရိသတ်တွေ အားပေးကြတဲ့ အတွက် အရမ်းဝမ်းသာတယ်လို့ ဆိုပါတယ်။ ဇာတ်လမ်းတွဲနဲ့ ရုပ်ရှင်ကားကြီး ကွာခြားချက်ကိုလည်း အခုလိုပြောပါတယ်။
“ကျနော်လတ်တလောတော့ ဇာတ်လမ်းတွဲတခု ရိုက်နေတယ်။ ပြီးရင် ကျနော်ရုပ်ရှင်ကားကြီးတကား ရိုက်ဖို့ရှိတယ်။ ဒီနှစ်ကုန်လောက်တော့ရိုက်မယ်။ ဇာတ်လမ်းတွဲကျတော့လည်း အသေးစိတ်လုပ်လို့ရတယ်။ ရုပ်ရှင်ကျတော့ ၂နာရီ အတွင်းပြရတာဆိုတော့ အသေးစိတ်ပြလို့မရဘူး။ ဖြတ်ထုတ်လိုက်ရတာတွေ ရှိတယ်။ ၂နာရီအတွင်း အကောင်းဆုံး ဖြစ်အောင် ဖန်တီးထားရတာပေါ့”
“ အခုနောက်ပိုင်းပရိသတ်တွေက မြန်မာဇာတ်လမ်းတွဲတွေကို အားပေးနေကြတာ အရမ်းကောင်းတာပေါ့။ အရင်တုန်းက ကိုရီးယားကားတွေ အိန္ဒိယကားတွေ အားကိုးနေရတယ်။ အခု ပုံစံပြောင်းလာတယ်။ မြန်မာဇာတ်လမ်းတွဲတွေကို စောင့်ကြည့်လာကြတယ်။ အားပေးလာကြတယ်။ အရမ်းဝမ်းသာရတယ်။ နောက်သရုပ်ဆောင်အသစ်တွေ အများကြီး ဖြစ်လာနိုင်တယ်။ အဲ့ဒါကြောင့် အရမ်းဝမ်းသာရတယ်”လို့ မင်းဦးက ပြောပါတယ်။
အနုပညာသက်တမ်းကြာနေသရွေ့ အားပေးနေတဲ့ ပရိသတ်ကို ကျေးဇူးတင်တယ်လို့ဆိုတဲ့ မင်းဦးက ဒါရိုက်တာလုပ်ပြီး ရိုက်ချင်တဲ့ ဇာတ်ကားတွေအကြောင်းကိုလည်း အခုလိုဆိုပါတယ်။
“ကျနော်ဒါရိုက်တာ လုပ်ပြီးဖန်တီးချင်တာဆိုရင် Horror ဆိုတာမျိုးထက် လူစရိုက်ကို ပြတဲ့ ဇာတ်ကားမျိုးဖန်တီးချင်တယ်။ ကလေးတွေ ဆိုရင်လည်း အခုဖြစ်နေတာတွေမျိုး ရိုက်ချင်တယ်။ ကျနော်က အခုလက်ရှိကလေးတွေ ဖြစ်နေတာမျိုးလေးတွေ ပိုစိတ်ဝင်စားပြီး ရိုက်ချင်နေတယ်။ အာလုံးကတော့ ကိုယ့်အကြိုက်နဲ့ကိုယ်တော့ရှိကြမှာပေါ့နော်”
“ ကျနော်အရင်က ဖြစ်ရပ်မှန် တခုရိုက်ခဲ့ဖူးပါတယ်။ လူသတ်သမားအကြောင်းပေါ့။ ကျနော်လည်းအဲ့လိုကားတွေ ရိုက်ဖို့ ထပ်ကြိုးစားဦးမှာပါ။ ကျနော်ကတော့ ဇာတ်ကားတကားရဲ့ ဘယ်နေရာက ပါရပါရ လူဆိုးဖြစ်ဖြစ် လူကောင်းဖြစ်ဖြစ် ကျနော်ပါရတဲ့နေရာကို အကောင်းဆုံးဖြစ်အောင်အမြဲကြိုးစား ပါတယ်”
“ကျနော်အနုပညာလုပ်နိုင်သရွေ့လည်း ဆက်ပြီးကြိုးစားနေဦးမှာပါ။ ကျနော်တို့ အနုပညာသက်တမ်းလည်း ကြာနေပါပြီ။ အနုပညာသက်တမ်းကြာဖို့ အားပေးတဲ့ ပရိသတ်တွေ အားပေးနေကြ တာကိုလည်း အရမ်းကျေးဇူးတင်ပါတယ် ”လို့ မင်းဦးက ပြောပါတယ်။
မင်းဦးဟာ လက်ရှိမှာ ဒါရိုက်တာအဖြစ် ဇာတ်ကားတွေ ရိုက်ကူးနေပြီး ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ထားတဲ့ “ချူဆီ” ရုပ်ရှင်ကားကြီးကို ပရိသတ်တွေ အားပေးခဲ့ကြသလို မကြာခင်မှာလည်း သူ့ရဲ့ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားကြီး “ကိုယ်ပွား” ကိုလည်း ကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။