လူကြိုက်များတဲ့ တကိုယ်ရည်သုံး အလိုအလျောက် ဟန်ချက်ထိန်းဘီး Segway miniPro ကို go-kart လျှပ်စစ်ပြိုင်ကားငယ် တစီးအဖြစ် ပြောင်းလဲပေးမယ့် Kit တမျိုးကို Ninebot ကုမ္ပဏီကနေ မိတ်ဆက်လိုက်ပါတယ်။
Ninebot Electric Gokart လို့ အမည်ပေးထားပြီး၊ miniPro hoverboard မှာ တပ်ဆင်လိုက်ရုံနဲ့ ကလေး၊ လူကြီးမရွေး စီးနင်းနိုင်တဲ့ ပြိုင်ကားအသေးတစီးအဖြစ် ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။
Gokart Kit မှာ နောက်ထပ် ရှေ့ဘီးနှစ်ဘီးအပြင် ထိုင်ခုံ၊ စတီယာရင်ဘီးနဲ့ ရှေ့ဘမ်ပါတို့ အစုံအလင်ပါရှိပြီး၊ အသုံးပြုသူကိုယ်တိုင် အလွယ်တကူတပ်ဆင်နိုင်ပါတယ်။ ‘Newcomer’ ၊ ‘Common’ နဲ့ ‘Sports’ Mode ဆိုပြီး မြန်နှုန်းပုံစံ ၃ ခုပါရှိကာ၊ Newcomer မှာ တနာရီ ၅ မိုင်နှုန်း၊ Common မှာ ၁ နာရီ ၁၂ မိုင်နှုန်းနဲ့ Sports မှာတော့ တနာရီ ၁၅ မိုင်နှုန်းစီ အမြန်ဆုံး မောင်းနှင်နိုင်မှာဖြစ်ပါတယ်။
Gokart Kit ကို စီးနင်းမယ့် လူအရွယ်အစားအလိုက် ၄ ပေ ၅ လက်မကနေ ၆ ပေ ၃ လက်မအထိ အလျားအတိုးအလျော့ပြုလုပ်နိုင်ပြီး၊ ပေါင်ချိန် ၂၂၀ အထိ ခံနိုင်ရည်ရှိတယ်လို့ သိရပါတယ်။
ကုမ္ပဏီရဲ့ အဆိုအရ ၀ ကနေ တနာရီ ၁၂ မိုင်နှုန်းကို ၂ စက္ကန့်အတွင်းမှာတင် အရှိန်တင်ပေးနိုင်တယ်လို့ သိရပါတယ်။ ဒီနှုန်းဟာ ဈေးကွက်တွင်းက တကယ့် နာမည်ကြီး မော်တော်ကားတွေရဲ့ စွမ်းဆောင်ရည်ကို မှီတဲ့အပြင် ပိုတောင် သာသေးကြောင်း Ninebot က ပြောကြားခဲ့ပါတယ်။
Electric Gokart ကို ခြေနင်းလျှပ်စစ်ဘရိတ်အပြင် လက်ကိုင်ဘရိတ် (handbrake) လည်း ပါဝင်ပြီး၊ Gokart တွေထဲမှာ အဆင်သင့်ပါတဲ့ Handbrakeနဲ့ Drift ဆွဲနိုင်တဲ့ ပထမဆုံး Gokart လည်း ဖြစ်ပါတယ်။ ဒါ့အပြင် ခြေနင်းဘရိတ်ကို နှစ်ချက်ဆက်တိုက်နင်းပြီးလည်း နောက်ပြန်ဆုတ် မောင်းနှင်နိုင်ပါတယ်။
ဘက်ထရီသက်တမ်းကတော့ Mode အလိုက်ကွဲပြားသွားပြီး၊ ၂၀ ကီလိုမီတာလောက်အထိ အများဆုံး မောင်းနှင်နိုင်မှာဖြစ်ပါတယ်။ ဘက်ထရီကို အားအပြည့်သွင်းမယ်ဆိုရင်တော့ ၃ နာရီခွဲလောက် ကြာမှာပါ။
Segway Ninebot Electric Gokart ကို စိတ်ဝင်စားလို့ ဝယ်ယူချင်တယ်ဆိုရင်တော့ ရန်ပုံငွေ ရှာပေးတဲ့ Indiegogo ကနေ ကြိုတင်အော်ဒါမှာယူရမှာပါ။ အစောဆုံးမှာယူသူတွေအတွက် ဈေးနှုန်းကတော့ Segway miniPro ရှိပြီးသားဆိုရင် Kit အတွက် ၆၆၉ ဒေါ်လာ ကျသင့်မှာဖြစ်ပြီး၊ miniPro ပါဝယ်မယ်ဆိုရင်တော့ စုစုပေါင်း ၁,၀၉၉ ဒေါ်လာ ကျသင့်မှာဖြစ်ပါတယ်။ လက်ရှိမှာ Pre-Order ကနေ ဒေါ်လာ ၅၈၀,၀၀၀ ဖိုး ရရှိထားပြီ ဖြစ်ပါတယ်။
Ref: Electrek, DailyMail