ဟင်းချက်တယ်ဆိုတာ အိမ်ရှင်မတွေအတွက် နေ့စဉ် လုပ်ရိုးလုပ်စဉ် အလုပ်တခု ဖြစ်လို့ ဘာမှ မထူးခြားပါဘူးလို့ ထင်နိုင်ပေမယ့် တကယ့်ကို ဟင်းချက်ဝါသနာ ပါသူတွေ အတွက်ကတော့ ဟင်းချက်ခြင်းဟာ အနုပညာတခုလိုပါပဲ။ ကပြက်ကချော် ချက်လိုက်တဲ့ ဟင်းတခွက်၊ အစပ်အဟပ် မတည့်တဲ့ ဟင်းတခွက်ကြောင့် ထမင်းပွဲမှာ စိတ်ညစ်ညူးရသလို၊ စနစ်တကျနဲ့ အနုပညာဆန်ဆန် ချက်ပြုတ်လိုက်တဲ့ ဟင်းတခွက်ကြောင့်လည်း တသက်လုံးစွဲအောင် ပြောမဆုံး ဖြစ်ရတတ်ပါတယ်။ ဟင်းချက်တာဟာ အမျိုးသမီးတွေရဲ့ အလုပ်လို့ တချို့က ထင်တတ်ပေမယ့် တကယ်တော့ အမျိုးသမီးရယ်၊ အမျိုးသားရယ်မဟုတ်ဘဲ ဝါသနာပါသူတိုင်းအတွက်တော့ စွဲလမ်းပျော်ရွှင်စရာကောင်းတဲ့ အလုပ်တခု ဖြစ်ပါတယ်။ ဒါကြောင့်ရဲ့ ဧရာဝတီရဲ့ အနုပညာကဏ္ဍမှာ ဟင်းချက်ခြင်း အနုပညာကို စာဖတ်သူတွေ စနေ အားလပ်ရက်မှာ ဖတ်ရှုလေ့လာနိုင်အောင် ချက်နည်းပြုတ်နည်း တမျိုးကို ဖော်ပြပေးလိုက်ပါတယ်။ လျှာရင်းမြက်အောင် ဘာဟင်းချက်ရလဲ စဉ်းစားနေသူတွေ အတွက်ကော၊ နိုင်ငံတကာမှာ ဘာကြောင့် ဒီဟင်းတွေဟာ နာမည်ကြီး ထိုးဖောက် နိုင်တာလဲဆိုတာပါ သိရှိနိုင်ဖို့ ရည်ရွယ်ပါတယ်။ (အယ်ဒီတာ)
လက်ဖက်ကို တရုတ်ပြည်မှာ စတင်တွေ့ရှိခဲ့တယ် ဆိုပေမယ့် တရုတ်လူမျိုးတွေက လက်ဖက်ကို လက်ဖက်ရည်ကြမ်း (Chinese Tea) အဖြစ်သာ သုံးစွဲရင်း ကမ္ဘာအနှံ့ကို ပျံ့နှံ့ရောက်ရှိ ခဲ့ပါတယ် …။
ကျနော်တို့ မြန်မာနိုင်ငံမှာတော့ လက်ဖက်ကို လက်ဖက်ရည်ကြမ်း၊ လက်ဖက်ရည်အချို၊ ရိုးရာ လက်ဖက်တွေကစပြီး အလှူမင်္ဂလာ ပွဲတွေမှာ မပါမဖြစ် အရေးကြီးတဲ့ စားဖွယ်ရာအဖြစ် ပါဝင်လို့ နေပါတယ်။
အဲဒီကမှ တဆင့် ဒေသအလိုက် လက်ဖက်ကို ပုံစံမျိုးစုံ လုပ်ပြီး စားသုံးကြသလို၊ အမည်နာမ လှလှလေးတွေနဲ့လည်း တန်ဆာ ဆင်လာကြပါတယ် …။
ဒီတပတ်အတွက် ကျနော်က လက်ဖက်အညွန့် ချဉ်စပ်နှပ်ကို ကြက်သားနဲ့ ရောပြီး မြန်မာ့ရိုးရာ ဟင်းပွဲအဖြစ် တင်ဆက်လိုက် ပါတယ်။
ကြက်သားနဲ့ လက်ဖက်အညွန့် ချဉ်စပ်နှပ်
ပါဝင်ပစ္စည်းများ
မြန်မာကြက် (ခေါ်) အိမ်ကြက် – ၄၀ ကျပ်သား
ကြက်သွန်နီ – ၂ လုံး
ချင်းသေးသေး – ၁ တက်
ကြက်သွန်ဖြူ – ၅ တက်
လက်ဖက်အညွန့် ချဉ်စပ် – ၁၀ ကျပ်သား
ဆား – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
ဟင်းခတ်မှုန့် – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
ပဲဆီသန့်သန့် – ၅ ဇွန်း (ထမင်းစားဇွန်း)
ပထမ ဦးစွာ ကြက်သားကို ရေဆေးပြီး အနေတော်တုံးကာ ရေဆေး၊ စစ်ထားပါ။ ကြက်သွန်နီကို နုပ်နုပ်လေး စဉ်းထားပါ။ ချင်း၊ ကြက်သွန်ဖြူကို ညက်နေအောင် ထောင်းပါ။
ကြက်သားထဲသို့ ရောထောင်းထားသော ချင်းအရော၊ နနွင်းမှုန့် အနည်းငယ်၊ ဆား၊ ဟင်းခတ်မှုန့်တို့နဲ့ ရောနယ်ပြီး ၁၀ မိနစ်ခန့် နှပ်ထားပါ။
အဲဒီလို နှပ်ထားချိန်မှာ ဆီကိုအပူပေးပြီး ကြက်သွန်နီတွေကို ရွှေရောင်ရအောင် ဆီသတ်ပါ။ ကြက်သွန်နီတွေ ဆီသတ်တာ ရွှေရောင်သန်းလာပြီ ဆိုရင်တော့ နယ်ထားတဲ့ ကြက်သားတွေ ထည့်ပေါင်းပြီး မွှေပေးပါ။
ကြက်သားက ထွက်လာတဲ့ အရည်တွေ ကုန်ခမ်းပြီး ဆီပြန်လာတဲ့အထိ အဖုံးပိတ်ထားပေးပါ။
ဆီပြန်လာရင်တော့ ရေအနည်းငယ်ကို ဘေးပတ်ပတ်လည်ကို ဝေ့ထည့်ပြီး ကြက်သား သုံးပုံ ၂ ပုံ နူးအိသည်အထိ ချက်ပါ။
အသားနူးခါနီးပြီး ဆီပြန်လာရင်တော့ လက်ဖက်ညွန့် ချဉ်စပ်ကို ထည့်ပေါင်းပြီး မီးပြင်းကိုလျှော့ချကာ ကြက်သားတွေထဲ လက်ဖက်အရသာ ဝင်သည်အထိ နှပ်ချက် ချက်ပေးပါ။
ငရုတ်သီးစိမ်းနဲ့ အလှဆင်ပြီး သုံးဆောင်နိုင်ပါတယ်။