“Avengers: Infinity War” ရုပ်ရှင်ကတော့ မြောက်အမေရိက ဒေသမှာရှိတဲ့ ရုပ်ရှင်ရုံပေါင်း ၄ ထောင်ကျော်ကနေ ရုံဝင်ငွေ အမေရိကန် ဒေါ်လာ သန်း ၂၅ဝ ရရှိခဲ့ပြီး စံချိန်သစ်တင်လိုက်နိုင်ပြီ ဖြစ်ပါတယ်။
စာရင်းကို ဧပြီလ ၃ဝ ရက်နေ့ အထိ ထည့်သွင်း တွက်ချက်ထားတာ မဟုတ်ပေမယ့် အခုအချိန်လောက်ဆိုရင်တော့ ၂ဝ၁၅ ခုနှစ်မှာ ရုံဝင်ငွေ ဒေါ်လာ ၂၄၈ သန်းရရှိပြီး အဲဒီဒေသမှာ ရုံတင်ပြသပြီး ၃ ရက်အတွင်း ရုံဝင်ငွေအများဆုံး ရရှိတဲ့ ရုပ်ရှင် “Star Wars: The Force Awakens” ကို ကျော်တက် နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
အမေရိကန် ဒေါ်လာ သန်း ၃ဝ၀ နဲ့ ၄၀၀ ကြား ကုန်ကျခဲ့တဲ့ အဲဒီစူပါဟီးရိုးရုပ်ရှင်ဟာ ကမ္ဘာတဝန်းမှာ ရုံဝင်ငွေ ကန် ဒေါ်လာ သန်း ၆၃ဝ နဲ့ စဖွင့်ခဲ့ပြီး တရုတ်နိုင်ငံမှာ ရရှိခဲ့တဲ့ ရုံဝင်ငွေ မပါတာတောင် ကမ္ဘာတဝန်းရုံတင်ပြီး ပထမဆုံးသီတင်းပတ် ကုန်ပိုင်းမှာ ရုံဝင်ငွေ အများဆုံး ရရှိတဲ့ ရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။
ဒါဟာ ရုပ်ရှင်လုပ်ငန်းနဲ့ Marvel Cinematic Universe အတွက် ထူးခြားတဲ့ သီတင်းပတ်ကုန်ပိုင်း ဖြစ်တယ်လို့ Disney ရုပ်ရှင်ထုတ်လုပ်ရေးမှ တာဝန်ရှိသူတဦးက ဆိုပါတယ်။ အခုရုံတင်တဲ့ “Infinity War” ရုပ်ရှင်မတိုင်ခင် အရင်က ဖြန့်ချိခဲ့တဲ့ “Avengers” ရုပ်ရှင်တွေဟာလည်း ရုံဝင်ငွေ မြင့်မြင့်မားမား ရရှိခဲ့တဲ့ ရုပ်ရှင်တွေဖြစ်ခဲ့ပါတယ်။
ပထမဆုံး “Avengers” ရုပ်ရှင်ဟာ ရုံဝင်ငွေ ကန်ဒေါ်လာ ၂၀၇ ဒဿမ ၄ သန်းနဲ့ ပွဲဦးထွက်ခဲ့ပြီး သူ့ရဲ့နောက်ဆက်တွဲ ရုပ်ရှင် “Age of Ultron” ကတော့ ဒေါ်လာ ၁၉၁ သန်းနဲ့ ပွဲဦးထွက်ခဲ့ ပါတယ်။ ပထမဆုံးရုပ်ရှင်က မြောက်အမေရိကမှာ ဒေါ်လာ ၆၂၃ သန်းရရှိခဲ့ပြီး ဒုတိယ ရုပ်ရှင်ကတော့ ဒေါ်လာ ၄၅၉ သန်းရရှိထားပါတယ်။
Joe နဲ့ Anthony Russo ဆိုတဲ့ ညီအစ်ကို ဒါရိုက်တာနှစ်ဦးက ရိုက်ကူးပေးထားတဲ့ “Infinity War” ရုပ်ရှင်ဟာ “Captain America: Civil War” ရုပ်ရှင်နောက်ပိုင်း နှစ်နှစ်အကြာ အချိန်ကာလကို ဇာတ်အိမ်တည် ထားပါတယ်။ စကြာဝဠာကြီး သမမျှတရေး ဆိုတဲ့ ရည်ရွယ်ချက်ရှိနေတဲ့ ဗီလိန် Thanos ကို ရပ်တန့်ဖို့ Avengers အဖွဲ့နဲ့ Guardians of the Galaxy အဖွဲ့တို့ ပူးပေါင်းကြိုးပမ်းကြပုံကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။
Iron Man အဖြစ် မင်းသား Robert Downey Jr., Thor အဖြစ် မင်းသား Chris Hemsworth, Captain America အဖြစ် မင်းသား Chris Evans ၊ Black Widow အဖြစ် မင်းသမီး Scarlett Johansson, Black Panther အဖြစ် မင်းသား Chadwick Boseman, Star Lord အဖြစ် မင်းသား Chris Pratt, Doctor Strange အဖြစ် မင်းသား Benedict Cumberbatch နဲ့ Hulk အဖြစ် မင်းသား Mark Ruffalo တို့က ဦးဆောင်ပါဝင်ထားကြပါတယ်။
“Infinity War” ကို စတင်ရုံတင်ပြသခဲ့တဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာတော့ ဘယ်ရုပ်ရှင်မှ စတင်ပြသခဲ့တာ မရှိခဲ့ဘဲ “A Quiet Place” ရုပ်ရှင်က ရုံဝင်ငွေ ဒေါ်လာ ၁၀ ဒဿမ ၆ သန်းနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ ရုံတင်ပြီး သီတင်း ၄ ပတ်အတွင်းမှာတော့ အဲဒီသည်းထိတ်ရင်ဖိုရုပ်ရှင်ဟာ ပြည်တွင်းမှာပဲ ဒေါ်လာ ၁၄၈ သန်းရရှိခဲ့ပြီး ဖြစ်ပါတယ်။
အခုလိုမျိုး ထူးထူးခြားခြား အောင်မြင်မှုတွေ ရခဲ့တဲ့အတွက် နောက်ဆက်တွဲရုပ်ရှင်ကိုလည်း ထုတ်လုပ်ဖို့ ပြင်ဆင်နေပြီလို့ ဆိုပါတယ်။ တတိယနေရာမှာ ရှိနေတာက ဒုတိယမြောက် သီတင်းပတ်မှာ ရုံဝင်ငွေ ဒေါ်လာ ၈ သန်းရရှိထားတဲ့ “I Feel Pretty” ရုပ်ရှင်ဖြစ်ပါတယ်။ မင်းသား Dwayne Johnson ရဲ့ “Rampage” ရုပ်ရှင်ကတော့ ဒေါ်လာ ၇ ဒဿမ ၁ သန်းနဲ့ စတုတ္ထနေရာကို ဆင်းသွားခဲ့ပါတယ်။
ဆက်စပ် သတင်းလင့်ခ် – ကမ္ဘာဖျက် အနန္တစစ်ပွဲ (သို့မဟုတ်) “Avengers: Infinity War”
Ref : reuters