နိုင်ငံကျော် ဂန္ထဝင်တေးသံရှင် စိုင်းဆိုင်မောဝ်အား ဂုဏ်ပြုတင်ဆက်သည့် “ချယ်ရီတေ ွဝေဆာလှပစွာ ပွင့်မည့် မန္တလာည” အမည်ရှိ ရန်ပုံငွေ တေးဂီတ ဖျော်ဖြေပွဲကို ဇွန်လ ၁၄ ရက်နေ့၊ မန္တလေးမြို့ရှိ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သွားမည်ဟု မောက်ကွမ်တိုင်း ရှမ်းချယ်ရီ ပရဟိတအဖွဲ့မှ သိရသည်။
အဆိုပါ ရန်ပုံငွေတေးဂီတ ဖျော်ဖြေပွဲကို မန္တလေးရောက် ရှမ်းလူငယ်များစုပေါင်းဖွဲ့စည်းထားသည့် မောက်ကွမ်တိုင်း ရှမ်းချယ်ရီ ပရဟိတ ရှမ်းလူငယ်များက ဦးစီး၍ ကျောက်ကပ်ရောဂါ ခံစားနေရသည့် အဆိုတော် စိုင်းဆိုင်မောဝ်အား ဆေးဝါး ကုသမှုအတွက် လှူဒါန်းသွားနိုင်ရန် ပြုလုပ်ရခြင်းဟု သိရသည်။
“အခုပွဲတော်မှာ အဆိုတော်များစွာ ပါဝင်သွားပါမယ်၊ အဓိက ရှမ်းအဆိုတော်တွေ ပါဝင်သွားမယ်။ ဒီပွဲမှာ လက်မှတ် ရောင်းတယ် ဆိုတာက စိုင်းဆိုင်မောဝ်ရဲ့ ကျန်းမာရေးအတွက် ထောက်ပံ့ လှူဒါန်းမှု အတွက်ပါ။ ရရှိလာတဲ့ ငွေတွေကို ကျောက်ကပ် ဝေဒနာကြောင့် ဆေးကုသမှု ခံယူနေရတဲ့ စိုင်းဆိုင်မောဝ် အတွက် အကုန် လှူဒါန်းပေး သွားမှာပါ” ဟု မောက်ကွမ်တိုင်း ရှမ်းချယ်ရီ ပရဟိတအဖွဲ့ ဥက္ကဋ္ဌ စိုင်းဆိုင်လျန်ဖန့်က ပြောသည်။
အဆိုပါ ဖျော်ဖြေပွဲကို ဇွန်လ ၁၄ နေ့၊ ညနေ ၄ နာရီမှ ည ၉နာရီအထိ ရှမ်းတိုင်းရင်းသား အဆိုတော်များဖြစ်ကြသည့် စိုင်းလောဝ်ဆိုင်၊ ထျန့်လျောင်း၊ စိုင်းအွန်မောဝ်၊ စိုင်းလိတ်၊ စိုင်းအွန်လိန်ခေး၊ အူးလိုင်း၊ စိုင်းခွန်ဆေ ၊ နန်းနွံမောဝ်၊ နန်းဆိုင်လင်းခမ်း၊ နန်းမောက်စံခမ်း၊ လောဝ်လောဝ် နန်းခမ်းလှိုင်း၊ ယိင်းယိင်းခေး ၊ လောဝ်နွံဟွမ်၊ ဖွေးနွံဆိုင်၊ နန်းဆာရာတို့က ဖျော်ဖြေပေးသွားမည်ဖြစ်သလို ကျပ် ၁ သိန်းအထက် လှူဒါန်းမှုများအတွက် ဖျော်ဖြေပွဲတွင် ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်သွားမည် ဟု သိရသည်။
“ဒီပွဲလုပ်မယ်ဆိုတော့ ဆရာစိုင်းဆိုင်မောဝ်လည်း ဝမ်းသာနေပါတယ်၊ အခုပွဲကို စိုင်းဆိုင်မောဝ် ကိုယ်တိုင်ကလည်း ခွင့်ပြုပေးထားပါတယ်။ ဒီဖျော်ဖြေပွဲမှာ ဆရာစိုင်းဆိုင်မောဝ်ရဲ့ သီချင်းတွေနဲ့ ရှမ်းရိုးရာသီချင်းတွေ သီဆိုသွားမှာ ဖြစ်ပါတယ်။ ဆရာရဲ့သီချင်းတွေကိုပဲ အများဆုံး သီဆိုသွားကြမှာပါ။ ရှမ်းလိုလည်း ဆိုကြမယ်၊ ဗမာလိုလည်း ဆိုကြမှာပါ” ဟု မောက်ကွမ်တိုင်း ရှမ်းချယ်ရီ ပရဟိတလူငယ်အသင်း အတိုင်ပင်ခံ စိုင်းဆိုင်လှိုင်းပန်က ပြောသည်။
စိုင်းဆိုင်မောဝ်အား ဂုဏ်ပြုသည့်အနေဖြင့် “ချယ်ရီတွေ ဝေဆာလှပစွာ ပွင့်မည့် မန္တလာည” ရန်ပုံငွေ တေးဂီတဖျော်ဖြေ ပွဲနှင့် ပက်သက်၍ ဇွန်လ ၁၁ ရက်နေ့က မန္တလေးမြို့၊ ၃၅လမ်း၊ ၅၈လမ်းနှင့် ၅၉လမ်းကြားရှိ Hotel Apex Mandalay တွင် ပြုလုပ်ခဲ့ပြီး လက်မှတ် ၁ စောင်လျှင် ၅ ထောင်ကျပ်နှုန်းဖြင့် မန္တလေးမြို့ရှိ ရှမ်းအထည်ဆိုင်၊ ရှမ်းစားသောက်ဆိုင်များတွင် လက်မှတ်များ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
“ဆရာစိုင်းဆိုင်မောဝ်က ကျောက်ကပ်ဝေဒနာ ခံစားနေရတယ်၊ ဆေးကုသမှု ခံယူနေရတာက ၈ လ လောက် ရှိနေပါပြီ၊ ဘန်ကောက်ကိုသွားပြီး ကျောက်ကပ်ဆေးနေရတာပါ၊ ဆရာ့ကို ဂုဏ်ပြုတဲ့ပွဲမှာ ဘန်ကောက်ကနေ Video Call နဲ့ ဖျော်ဖြေပေးနိုင်ဖို့အတွက်လည်း ကြိုးစားနေပါတယ်”ဟု စိုင်းဆိုင်လျန်ဖန့်က ဆက်လက် ပြောသည်။
နိုင်ငံတော်တေးသံရှင် စိုင်းဆိုင်မောဝ်နှင့် ပက်သက်၍ မေလအတွင်းက အွန်လိုင်း စာမျက်နှာထက်တွင် စိုင်းဆိုင်မောဝ် ကွယ်လွန်သွားကြောင်း သတင်းပျံ့နှံခဲ့ရာ မေလ ၇ ရက်နေ့က စိုင်းဆိုင်မောဝ်၏ Facebook အကောင့်မှ ကိုယ်တိုင် Live ထုတ်လွင့်၍ ရှင်းလင်းခဲ့သေးကြောင်း သိရသည်။
“ချယ်ရီတွေ ဝေဆာလှပစွာ ပွင့်မည့် မန္တလာည” ရန်ပုံငွေတေးဂီတဖျော်ဖြေပွဲတွင် ရှမ်းအဆိုတော် ၂၅ ဦးက သီချင်း အပုဒ်ရေ ၅၀ ကျော် ဖျော်ဖြေသွားမည်ဖြစ်သလို စိုင်းဆိုင်မောဝ် အမှတ်တရများကိုလည်း ထည့်သွင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။