မင်းသားကြီး ဂျက်ကီချန်းဟာ တောင်တက်သမားတွေအကြောင်း အခြေခံပြီး ရိုက်မယ့် “Climbers” ဆိုတဲ့ ရုပ်ရှင်မှာ ပါဝင်မယ်လို့ သိရပါတယ်။ ဧဝရတ်တောင်ကို ပထမဆုံး တက်ရောက်နိုင်ခဲ့တဲ့ တရုတ် တောင်တက်သမားတွေ အကြောင်း ပုံဖော်မယ့် ရုပ်ရှင်ကို Shanghai Film Group ကထုတ်လုပ်မှာဖြစ်ပြီး ဟောင်ကောင်ဒါရိုက်တာ Daniel Lee က ရိုက်ကူးမှာဖြစ်ပါတယ်။ အသက် ၆၄ နှစ်အရွယ် မင်းသားကြီးချန်း ကတော့ အက်ရှင်မင်းသား Wu Jing နဲ့အတူ ပါဝင်လာမှာဖြစ်ပါတယ်။
အဲဒီ ရုပ်ရှင်ကတော့ ၁၉၆၀ ပြည့်နှစ်မှာ ဧဝရတ်တောင်ရဲ့ မြောက်ဘက်တောင်ကြောကို ပထမဆုံး တက်ရောက်နိုင်ခဲ့ပြီး သူတို့ရဲ့ ခရီးတခုလုံးကို လိုက်ပါနိုင်ခြင်းမရှိခဲ့တဲ့ သူတို့ရဲ့အခြားအဖွဲ့ဝင်တွေကို မကယ်တင်မီ ခေါင်းဆောင်ကြီး မော်စီတုံး ရုပ်တုလေးကို ထားခဲ့ကြတဲ့ Wang Fuzhou, Gonpo နဲ့ Qu Yinhua တို့ရဲ့ လက်တွေ့ဘဝကို ဖော်ထုတ်မယ့် ဇာတ်လမ်းလည်း ဖြစ်ပါတယ်။
သူတို့အဖွဲ့ထဲက အခြားတောင်တက်သမား အဖွဲ့ဝင်နှစ်ဦးအဖြစ် မင်းသားတွေဖြစ်တဲ့ Jing Boran နဲ့ Hu Ge တို့က ပါဝင်မှာပါ။ မင်းသမီး ကျန်ဇီယီကတော့ အဲဒီ့စွန့်စားခရီးရှည်မှာ ပါဝင်လာတဲ့ တရုတ်မိုးလေဝသပညာရှင်အဖြစ် သရုပ်ဆောင်မှာ ဖြစ်ပါတယ်။
အဲဒီ ရုပ်ရှင်အတွက် ရိုက်ကူးရေးကို တရုတ်နိုင်ငံမှာ စတင်လုပ်ဆောင်နေပြီဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်မှာ ကျရောက်မယ့် တရုတ်နှစ်သစ်ကူး ဒါမှမဟုတ် တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အမျိုးသားနေ့ အားလပ်ရက်မှာ ဖြန့်ချိပြသနိုင်ဖို့ မျှော်လင့်ထားပါတယ်။
အက်ရှင်မင်းသားကြီး ချန်းဟာ မင်းသား Chris Tucker နဲ့အတူ စုံစမ်းရေးမှူး Yang Naing Lee အဖြစ် စတုတ္ထမြောက် “Rush Hour” ရုပ်ရှင်မှာ ပြန်လည်ပါဝင်လာဦးမှာ ဖြစ်ပါတယ်။ အဲဒီ ရုပ်ရှင်တွေကို ၁၉၉၈ ခုနှစ်မှာ လော့စ်အင်ဂျလိစ်နဲ့ ဟောင်ကောင်မှ ရဲတပ်ဖွဲ့ဝင်နှစ်ဦးက နိုင်ငံတကာ ရာဇဝတ်မှုတွေကို လိုက်လံနှိမ်နှင်းရတဲ့အကြောင်း ပုံဖော်ထားတဲ့ ဇာတ်လမ်းတွေအဖြစ် စတင်ပြသခဲ့တာပါ။ နောက်ဆုံးရုပ်ရှင်ဖြစ်တဲ့ “Rush Hour 3” ကို ၂၀၁၇ ခုနှစ်မှာ ဖြန့်ချိခဲ့ပါတယ်။
Chris နဲ့ မင်းသားကြီးချန်းတို့ဟာ ဇာတ်ညွှန်းအတွက် ပြင်ဆင်မှုတချို့ကို လုပ်ဆောင်နေပြီလို့ ဆိုပါတယ်။ အသက် ၄၇ နှစ်အရွယ် မင်းသား Chris က “ရုပ်ရှင်ကြိုတင် ဖန်တီးနေတာတော့ မဟုတ်ပါဘူး။ ဇာတ်ညွှန်းအတွက် တချို့အရာတွေကို ဖန်တီးနေပါပြီ။ ဂျက်ကီက ရိုက်ချင်နေတာပါ။ ကျနော်လည်း ရိုက်ချင်နေပါတယ်။ စတူဒီယိုကလည်း ရိုက်ချင်နေပါတယ်။ ကျနော်တို့ အတူတူလုပ်ဆောင်ဖို့ ကြိုးစားသွားမှာပါ။ အတူတူ တွဲဖန်တီးနိုင်မယ်လို့ ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
Ref : asiaone