ဟောင်ကောင်မင်းသမီး Elaine Ng ဟာ ၁၉၉၉ ခုနှစ်မှာ အက်ရှင်မင်းသား ဂျက်ကီချန်းနဲ့ ရခဲ့တဲ့ တိတ်တိတ်ပုန်း ကလေးကို မွေးခဲ့ပြီးတဲ့နောက် မင်းသားဆီက သူ့ကို ငွေပမာဏ တော်တော်များများ ပေးခဲ့တယ်ဆိုတဲ့ သတင်းကို ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။
အသက် ၄၆ နှစ်အရွယ် မင်းသမီး Ng ဟာ မင်းသား ချန်းနဲ့ ရခဲ့တဲ့ ကိုယ်ဝန်ကို လျှို့ဝှက်ထားခဲ့ကြောင်း အဲ့ဒီနှစ်မှာ ဟိုးလေးတကျော်ဖြစ်ခဲ့ပြီး အဲ့ဒီနှစ်မှာပဲ သမီး Etta ကို မွေးဖွားခဲ့တာဖြစ်ပါတယ်။
အသက် ၆၆ နှစ်အရွယ် မင်းသား ဂျက်ကီချန်းဟာ ၁၉၈၂ ခုနှစ်ကလို့ မင်းသမီးဟောင်း Joan Lin နဲ့ လက်ထပ်ခဲ့တာ ဖြစ်ပြီး သူတို့နှစ်ဦးမှာ အသက် ၃၇ နှစ်အရွယ် မင်းသား Jaycee Chan ဆိုတဲ့ သားတဦးကို ရရှိထားပါတယ်။
တရုတ်အင်တာနက်ပေါ်မှာ မကြာသေးခင်တုန်းက တက်လာတဲ့ သတင်းတွေထဲမှာ Etta ကို မွေးဖွားခဲ့ပြီးတဲ့နောက် မင်းသမီး Ng နဲ့ ကိစ္စကို ရှင်းလင်းရာမှာ ကူညီဖို့ ရုပ်ရှင်လုပ်ငန်းရှင် Albert Yeung ဟာ မင်းသား ဂျက်ကီချန်းကို စင်ကာပူဒေါ်လာ ၇ ဒဿမ ၁၃ သန်းပေးခဲ့တယ်လို့ ဟောင်ကောင်အကြီးတန်း သတင်ထောက်တဦးက ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့မှာတော့ မင်းသမီး Ng က အဲ့ဒီသတင်းတွေကို ပြန်လည်ရှင်းလင်းခဲ့ပါတယ်။ မင်းသမီးက “ကမ္ဘာပေါ်မှာ လူပုံစံပေါင်းစုံ ရှိပါတယ်။ သန်း ၂၀၊ သန်း ၃၀၊ သန်း ၄၀ ပဲဖြစ်ဖြစ် လူတွေဟာ ပျော်ပျော်ပဲ အဲ့ဒါကို ပြောကြတယ်။ အဲ့ဒီနောက် တခြားလူတွေကို ပျော်စေဖို့ ဆုမွန်ကောင်း တောင်းပေးကြတယ်” လို့ တရုတ်ဘာသာနဲ့ ရေးသားခဲ့ပါတယ်။
အဲ့ဒီနောက် သူက ဘယ်ပိုက်ဆံကိုမှ ရယူခဲ့ခြင်း မရှိကြောင်းနဲ့ အဲ့ဒီလို ပြောဆိုကြတဲ့သူတွေအနေနဲ့ ကိုယ်ပြုတဲ့ကံ ကိုယ့်ထံပြန်လာမှာကို သတိထားသင့်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။
မင်းသမီး Ng ဟာ Etta နဲ့အတူ ရှန်ဟိုင်းမြို့ကို ပြောင်းရွှေ့ခဲ့ပြီးတဲ့နောက် မင်းသမီးကို မင်းသားချန်းက ထောက်ပံ့ပေးခဲ့တယ်လို့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ဖူးပေမယ့် ၂၀၁၇ ခုနှစ်မှာ မင်းသမီးက အဲ့ဒီသတင်းတွေကို ငြင်းဆိုခဲ့ပါတယ်။
မင်းသားချန်းဟာ သူ့ရဲ့နေထိုင် စားသောက်စရိတ်ကို ပေးခဲ့ခြင်း မရှိဘူးလို့ မင်းသမီးက ဆိုပါတယ်။ “Old Time Buddy – To Catch A Thief” နဲ့ “Legal Entanglement” တို့လို စီးရီးတွေနဲ့ နာမည်ကျော်တဲ့ မင်းသမီးဟာ သမီး Etta နဲ့ တကျက်ကျက် ရန်ဖြစ်ကြတဲ့ ဆက်ဆံရေးအကြောင်း သတင်းတွေမှာ ပါဝင်လေ့ ရှိပါတယ်။
သူတို့ သားအမိနှစ်ဦးဟာ တယောက်စည်း တယောက် သတိထားကြပြီး တဦးနဲ့တဦး စကားပြောဆိုကြတဲ့အခါမှ ရှောင်ရှားရမယ့် အကြောင်းအရာတွေကိုလည်း သတိထားကြတဲ့အကြောင်း၊ သမီးနဲ့ ဆက်ဆံရေးကိုလည်း တိုးတက်အောင် လုပ်ဆောင်ခဲ့တဲ့အကြောင်း ၂၀၁၉ ခုနှစ်မှာ မင်းသမီးက ပြောဆိုထားပါတယ်။
Ref: asiaone