သရုပ်ဆောင်ကောင်းရုံမက တချို့သော ရုပ်ရှင်ဇာတ်ကားများမှာ ရုပ်ရှင်ဇာတ်ဝင်သီချင်းများကို ကိုယ်တိုင် ပါဝင်သီဆိုလေ့ရှိတဲ့ သရုပ်ဆောင်နေတိုးကတော့ ဇာတ်ဝင်တေးများသီဆိုဖြစ်တာနဲ့ ပတ်သက်ပြီး ကိုယ်တိုင်သီဆိုနိုင်တဲ့ တေးသီချင်းတွေဆို ပါဝင်သီဆိုလေ့ရှိတယ်လို့ဆိုပါတယ်။
“ဘယ်လိုမျိုးမှ ဆိုဖြစ်လဲဆိုတာတော့ မဟုတ်ပါဘူး။ အကုန်လုံးလည်းသိမှာပါ။ ဇာတ်ဝင်သီချင်းတွေအနေနဲ့ပဲ သီချင်းဆိုဖြစ်နေတာပေါ့နော်။ ဆိုဖြစ်တဲ့ ဇာတ်ဝင်သီချင်းတွေကလည်း ကိုယ်ကိုယ်တိုင်လုပ်နိုင်တဲ့ဟာ ကိုယ်တိုင် ပရိသတ်ကို အနုပညာကို ပေးဆပ်နိုင်တဲ့ အနေအထားမျိုးရှိမှသာ ဆိုဖြစ်တာပေါ့။ ကာရိုက်တာနဲ့လည်းလိုက်ဖက်မယ်။ ကိုယ်တိုင်လည်း စိတ်ဝင်စားမှုရှိမယ်ဆိုရင် ဆိုဖြစ်တာများပါတယ်” လို့ သရုပ်ဆောင် နေတိုးကပြောပါတယ်။
နောက်ပိုင်းမှာ ဇာတ်ဝင်တေးသီချင်းတွေ အရင်ကထက် ဆိုတာများလာတာကလည်း ပရိသတ်အတွက်နဲ့ ပါဝင်သရုပ်ဆောင်ရတဲ့ ဇာတ်ရုပ်အပေါ်မှာ မူတည်ပြီး လိုအပ်ပါက ဆိုဖြစ်တယ်လို့ ပြောပါတယ်။
သီချင်းဆိုတာနဲ့ ပတ်သက်ပြီး ဘယ်လိုသင်ယူမှုတွေပြုလုပ်လဲဆိုတာကိုလည်း နေတိုးက “အလုပ်ကပဲ ပြန်သင်ပေးတာပေါ့။ အမြဲတမ်းတော့ ကြိုးစားနေရတာပေါ့။ ကိုယ့်ဆီကိုရောက်လာတဲ့ အခွင့်အရေးက ဘယ်လိုမျိုးလဲ။ ဘယ်လိုမျိုး အနုပညာစိန်ခေါ်မှုရောက်လာမလဲဆိုတာ မသိနိုင်ဘူး။ ဘဝမှာဖြတ်သန်းနေတဲ့အချိန် အမြဲတမ်းလေ့လာနေရတာပေါ့”
“လက်ရှိကိုယ်သွားလာလှုပ်ရှားနေတဲ့အပေါ်မှာ ကိုယ်နဲ့ မဆိုင်ဘူးဆိုတဲ့ အတွေးမျိုးမဝင်အောင် အစစအရာရာ ကိုလေ့လာပြီးတော့ သင်ယူဖြစ်ပါတယ်။ အဓိကကတော့ ဘဝဖြတ်သန်းမှုအပေါ်မှာ သင်ကြားတာပေါ့နော်။ နောက်တခုက ဝါသနာကို အခြေခံတဲ့ပါရမီကြောင့်လည်းပါမယ်” လို့နေတိုးကပြောပါတယ်။
နေတိုးက မကြာခင်မှာရုံတင်ပြသတော့မယ့် “ပြဿနာ” ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာ ဇာဂနာနဲ့အတူ ဇာတ်ဝင်သီချင်းသီဆိုထားပါတယ်။
နေတိုးကိုယ်တိုင်သီဆိုထားတဲ့ ဇာတ်ဝင်တေးသီချင်း ၁ပုဒ်ဖြစ်တဲ့ “လရောင်ဖြာတဲ့အင်းလေးမှာ” ရုပ်ရှင်ဇာတ်ကားတွင် သီဆိုထားတဲ့ “လရောင်ချော့တေး” သီချင်းမှာ ပရိသတ်ရင်ထဲရောက်ခဲ့တဲ့ ဇာတ်ဝင်တေးဖြစ်ခဲ့ပါတယ်။