ရုပ်ရှင်ကားများစွာရိုက်ကူးထားတဲ့ ဒါရိုက်တာစတီးလ်ကတော့ သူ့ရဲ့ဇာတ်ကားများစွာကို ရုံတင်ဖို့ကျန်ရှိနေသေးပြီး ရုပ်ရှင်ရုံပိုင်ရှင်များက ပေါ်ပြူလာဖြစ်တာကိုပဲ ကြည့်တာကြောင့် ရုံတင်ရန်ဇာတ်ကားများစွာ ကျန်နေသေးတာ ဖြစ်တယ်လို့ ဧရာဝတီကိုပြောပါတယ်။
“နိုင်ငံကြီးသား” အရှေ့က ရိုက်ထားတဲ့ “သခင်ကြီးနဲ့ ငပိတို့စရာ” ၊ “တိုင်စာ”တို့ “ရှေ့သွားနောက်လိုက်”တို့ ပရိသတ်တောင်းဆိုတဲ့ကားတွေပေါ့။ ကျနော်ရိုက်ရင် တကားနဲ့တကား မတူဘူး။ ပရိသတ်ကသာ တောင်းဆိုတာ ရုံတွေက တင်ပြခွင့်မရှိဘူး”
“ ရုံတွေက လက်ရှိပေါ်ပြူလာဖြစ်တာကိုပဲ စိတ်ဝင်စားတယ်။ အဲဒါကိုမကျေနပ်လို့ ပေါ်တင်ထပြောလိုက်တော့ ရွာပြင်ရောက်သွားပြီ။ ပေါ်ပြူလာဖြစ်တာကိုကြည့်တယ်။ ဟီးရိုးမားကက်ကိုကြည့်တယ်။ လက်ရှိရုပ်ရှင်ရဲ့ မားကက်က သိပ်မရှိတော့ဘူး။ အသစ်တွေအတွက်နေရာ မရှိတော့ဘူးဆိုတဲ့ သဘောပေါ့” လို့ ဒါရိုက်တာ စတီးလ်ကပြောပါတယ်။
အိန္ဒြာကျော်ဇင်နဲ့ ပထမဆုံး ရိုက်ကူးထားတဲ့ “အမျှ အမျှ” ရုပ်ရှင် ၊ “ရှေ့သွားနောက်လိုက် “ ဆိုတဲ့ မိသားစု ဇာတ်လမ်း ၊ “သခင်ကြီးနဲ့ငပိတို့စရာ” ဆိုတဲ့ အသိုင်းအဝိုင်း ၂ခုရဲ့ကွာဟချက်ကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသဖို့အတွက် ဘယ်အချိန်မှပြရမလဲဆိုတာကို မသိရသေးတဲ့အတွက် ဆုတောင်းပေးရုံသာ လုပ်နေရတယ်လို့ ဆိုပါတယ်။
“အမျှ အမျှ ဆိုတဲ့ကားဆိုရင် မအူဝဲကို ကျနော်ပထမဆုံး မင်းသမီးဇာတ်ရိုက်ထားတဲ့ကား ၂နှစ်ကျော်၃နှစ်လောက်ရှိပြီ။ ဆင်ဆာသက်တမ်းတောင် ပြန်တိုးရတော့မယ်။ အခုထိရုံမတင်ရသေးဘူး။ ရှေ့သွားနောက်လိုက်ဆိုရင်လည်း မိသားစုဇာတ်လေး”
“ သခင်ကြီးနဲ့ငပိတို့စရာဆိုရင် နယ်ကနေ ရန်ကုန်ကို အလုပ်လာလုပ်တဲ့ မိန်းကလေး ၂ယောက် ပိုက်ဆံရှိ အသိုင်းအဝိုင်း တခုကို ရောက်သွားတဲ့အခါ ဘယ်လိုနင်းခြေခံရလဲ။ ဒီလိုအကြောင်းအရာနဲ့ရိုက်ထားတာ။ ဒါပေမယ့်မင်းသားမပါလို့ဆိုပြီး စိတ်မဝင်စားကြဘူး။ ကျနော်တို့ကားတွေ ဘယ်တော့ပြရမှလဲဆိုတာကို မသိနိုင်တော့ဘူး။ တခုပဲဆုတောင်းပေးနေရတယ်” လို့ စတီးလ်ကပြောပါတယ်။
ရုပ်ရှင်ကြည့်ပရိသတ်များအနေနဲ့ကတော့ ရုပ်ရှင်ကားကောင်းများကို ရွေးချယ်ကြည့်ရှုတတ်လာပြီး မကောင်းတဲ့ကားဆိုရင် ငွေကြေးအကုန်ခံပြီး မကြည့်ကြတော့ဘူးလို့ ပြောပါတယ်။
“ပရိသတ်က ချစ်ဖို့ကောင်းသွားပြီ။ အရင်လိုမဟုတ်တော့ဘူး။ မကောင်းတဲ့ကားဆိုမကြည့်တော့ဘူး။ ပိုက်ဆံလည်း အကုန်မခံဘူး။ ရုပ်ရှင်လည်းလာမကြည့်ဘူး။ ကောင်းတဲ့ကားဆို ဟိုကားလည်းကြည့်တယ်။ ဒီကားလည်းကြည့်တယ်။ ကောင်းတဲ့ကားဆို အကုန်ကြည့်တယ်”
“ ကျနော်တို့က ဘယ်လိုပြန်တွေးလဲဆိုတော့ ပရိသတ်ကရွေးကြည့်တတ်လာပြီ။ ပိုက်ဆံကုန်ရကျိုးနပ်အောင် ကြည့်တတ်လာပြီ။ မျှော်လင့်ချက်တခုနဲ့ သွားကြည့်တယ်။ အထဲရောက်တော့ ရုပ်ရှင်က မကောင်းဘူး။ အပြင်ထွက်လာရင် ရင်ဖွင့်သွားတာပဲ။ ကိုယ်က ကောင်းအောင်လုပ်ရမှာပဲ။ ကောင်းရင်လာကြည့်ကြမှာပဲဆိုတဲ့ Confidence အပြည့်ရှိတယ်” လို့ စတီးလ်ကပြောပါတယ်။
ဒါရိုက်တာစတီးလ်အနေနဲ့လည်း သူရိုက်တဲ့ရုပ်ရှင်ဇာတ်ကားများကို ပရိသတ်အနေနဲ့က ဆွေမျိုးတယောက်လို သဘောထားပြီး အားပေးနေတဲ့အတွက် ယနေ့ထိရုပ်ရှင်လောကမှာ ရပ်တည်နိုင်တာဖြစ်ပြီး အဲဒါကြောင့်လည်း ပရိသတ်ကို မစော်ကားမိအောင် နေတယ်လို့ ဆိုပါတယ်။
“ကျနော်က ကံကောင်းတာတခုက ပရိသတ်ကကျနော့်ကို မိသားစုဝင်တယောက်လို သားသမီးတယောက်လို အစ်ကိုတယောက်လို ဦးလေးတယောက်လို သဘောထားပြီး ကျနော့်ဇာတ်ကားလေးတွေကို အားပေးပေးနေတဲ့အတွက် ဒီနေ့ထိရုပ်ရှင်လောကမှာ ရပ်တည်နိုင်တာ အသက်ရှင်နိုင်တာ။ အဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်”
“ စတီးလ်ရိုက်တဲ့ကားတွေကို အကောင်းကြီးမဟုတ်ရင်တောင် မဆိုးပါဘူးလို့ ခံစားပြီး ကြည့်ပေးတဲ့အတွက်နဲ့တင် ကျနော်ကြိုးစားနေတာ။ အတတ်နိုင်ဆုံး ပရိသတ်ကို မစော်ကားမိအောင်နေပါတယ်။” လို့ စတီးလ်ကပြောပါတယ်။
ရုပ်ရှင်ဇာတ်ကားများကို အားမလျော့ဘဲ ဆက်လက်ဖန်တီးလျက်ရှိတဲ့ စတီးလ်အနေနဲ့ကတော့ လက်ရှိအချိန်မှာ လူငယ်တွေနဲ့ ယှဉ်ပြိုင်နေရသလိုဖြစ်နေတယ်လို့ ဆိုပါတယ်။
“ကျနော့်အနေနဲ့ကျတော့ အခုလူငယ်တွေနဲ့ယှဉ်ပြိုင်ရသလိုပဲ။ လူငယ်တွေက အရမ်း Active ဖြစ်နေတယ်။ အများကြီးတော်တယ်။ သူတို့တွေက စာတွေ့ရော လက်တွေ့ရော သူတို့ရဲ့ဖန်တီးမှုတွေကလည်း အရမ်းကိုမြင့်တယ်။ ကျနော်တို့ကတော့ ယှဉ်တယ်လို့တော့ပြောလို့မရဘူး။ လိုက်မီဖို့ကိုတော်တော်ကြိုးစားနေရတယ်။ ဒါတော်တော်ကောင်း တဲ့ရလဒ်ပေါ့။ လူငယ်တွေကိုနေရာပေးရမယ်။ ကျနော်တို့လည်း အချိန်တန်ရင် နောက်ဆုတ်ပေးရမယ်။ ဒါဟာကောင်းတဲ့ ရလဒ်ပေါ့” လို့ စတီးလ်ကပြောပါတယ်။
ယခုလအတွင်းမှာတော့ ဒါရိုက်တာ စတီးလ်ရိုက်ကူးထားတဲ့ “ နိုင်ငံကြီးသား” ရုပ်ရှင်ဇာတ်ကားရုံတင်ပြသလျက်ရှိပါတယ်။
You may also like these stories:
“နိုင်ငံကြီးသား” ရုပ်ရှင်မှာ အတူတူ သရုပ်ဆောင်ခဲ့တဲ့ မင်းသွေးကို သတိရနေတဲ့ မင်းမော်ကွန်း
“နိုင်ငံကြီးသား” ရုပ်ရှင်ကို နေတိုးကြောင့် အဓိက ပုံဖော်ဖြစ်ခဲ့တာလို့ ဒါရိုက်တာ စတီးလ် ပြော
သရုပ်ဆောင် အသစ်တွေကို နေရာပေးပြီး ဒါရိုက်တာ စတီးလ် ရိုက်ကူးမယ့် “ငါတို့သည်” ရုပ်ရှင်