“နိုင်ငံကြီးသား” ရုပ်ရှင်မှာ အတူတူ သရုပ်ဆောင်ခဲ့တဲ့ မင်းသွေးကို သတိရနေတဲ့ မင်းမော်ကွန်း
“နိုင်ငံကြီးသား” ရုပ်ရှင်မှာ ဗီလိန် ကာရိုက်တာနဲ့ ပါဝင်ထားတဲ့ သရုပ်ဆောင် မင်းမော်ကွန်းက ဇာတ်ကားထဲမှာ သရုပ်ဆောင် မင်းသွေးနဲ့အတူ တွဲပြီး သရုပ်ဆောင်ခဲ့ရတာကြောင့် ကွယ်လွန်သွားတဲ့ မင်းသွေးကို သတိရတယ်လို့ ဆိုပါတယ်။
“ကျနော် ‘နိုင်ငံကြီးသား’ ဇာတ်ကားမှာ မင်းသွေးတို့ နေရဲတို့နဲ့ အတွဲ သရုပ်ဆောင်ထားပါတယ်။ ဗီလိန် ကာရိုက်တာပါ။ ကာရိုက်တာအတွက် ကျနော်တို့ ဒါရိုက်တာနဲ့ သေချာ တိုင်ပင်ဖြစ်တယ်။ ဒီ နိုင်ငံကြီးသားလို ဇာတ်ကားက သေချာတာ တခုက အရင်တုန်းကတော့ ဒါမျိုး ရိုက်လို့ မရပါဘူး”
“အခုကတော့ ရုံပေါ်ထိ ရောက်လာပြီပေါ့လေ။ တာဝန်ကြီးမှုကတော့ ဇာတ်ကောင် အပေါ်မှာပဲ တာဝန် ရှိပါတယ်။ ဇာတ်တခုလုံးကို တာဝန်ရှိတာကတော့ ဒါရိုက်တာပါပဲ။ ကျနော်တို့မှာလည်း တာဝန် ရှိပါတယ်။ ဇာတ်ကားထဲက ကာရိုက်တာ ပီပြင်ဖို့ ဇာတ်ကားကောင်းအောင် သရုပ်ဆောင်ဖို့ ရှိပါတယ်”
“အခုလို မင်းသွေးကား ပြန်ကြည့်ရတော့ သတိရတယ်။ မင်းသွေးလည်း ကောင်းရာမွန်ရာမှာ ငြိမ်းချမ်းနေပြီလို့ ထင်ပါတယ်။ မင်းသွေးက နဂိုကတည်းကလည်း စိတ်ထားကောင်းတယ်။ ကောင်းရာမွန်ရာ ရောက်ပါစေလည်း ဆုတောင်းနေပါတယ်။ ကျနော်တို့လည်း သတိရတာလည်း သတိရတာပေါ့။ ကျနော်တို့ပြောလိုက်ရင် ပိုပြီး ခံစားသွားရမှာတွေ၊ မမေ့နိုင်သူတွေ ရှိတာကြောင့် ခဏခဏ မဖြေတာပါ”လို့ မင်းမော်ကွန်းက ပြောပါတယ်။
“နိုင်ငံကြီးသား”ဇာတ်ကားရိုက်တုန်းက နောက်ဆုံးဇာတ်ဝင်ခန်းမှာ အက်စီးဒင့် တခုဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီးလည်း မင်းမော်ကွန်းက အခုလို ပြောပါတယ်။
“နိုင်ငံကြီးသား ဇာတ်ကားရိုက်တုန်းက နောက်ဆုံးဇာတ်ဝင်ခန်းမှာ အက်စီးဒင့် တခုဖြစ်ခဲ့တယ်။ ဖြစ်တယ်ဆိုပေမယ့် လူတွေတော့ ဒဏ်ရာရတာ မရှိဘူး။ ကံကောင်းတယ်လို့ ပြောလို့ရပါတယ်။ လူတွေ ဘာမှမဖြစ်ဘူး။ ကျနော်တို့ ဇာတ်ကားရိုက်တုန်း မောင်းလာတဲ့ ကားကနေ ကျနော်တို့ကို ဝင်တိုက်သွားတာပေါ့”
“ခံစားချက်က စိတ်ပူသွားတာပေါ့။ အရှိန်ကလည်း တော်တော်များတယ်။ ကိုယ့်ကားထဲကလူတွေ ဘာဖြစ်လဲမေးတော့ ဘာမှ မဖြစ်ခဲ့ဘူး။ ကျနော် ဇာတ်ကားတွေ အများကြီး ရုံတင်ဖို့ ရှိပါတယ်။ တော်တော် အားရတွေလည်း ရှိပါသေးတယ်။ အခုထိ မတင်ဖြစ်သေးတာပေါ့။ နိုင်ငံကြီးသား ဇာတ်ကားကိုလည်း အားပေးကြဖို့ ပြောချင်ပါတယ်”လို့ မင်းမော်ကွန်းက ပြောပါတယ်။
မင်းမော်ကွန်းဟာ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေသလို နှင်းဆီအဖွဲ့မှာလည်း ပါဝင်ကပြနေတဲ့ သရုပ်ဆောင်တဦး ဖြစ်ပါတယ်။ “နိုင်ငံကြီးသား” ရုပ်ရှင်မှာ သရုပ်ဆောင်များအနေနဲ့ နေတိုး၊မင်းမော်ကွန်း၊ မင်းသွေး၊ ထွန်းထွန်း၊ နေထက်လင်း၊ နေမျိုးအောင်၊ ဇင်ဝိုင်း၊ မောင်သီ၊ ထူးခြား၊ မိုးယံဇွန်၊ စည်ဖြိုး၊ ထွန်းကိုကို၊ နေရဲ၊ သိန်းလင်းစိုး၊ ရွှေသမီးနဲ့ အောန်ဆိုင်းတို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။
You may also like these stories:
ဝန်ကြီး ကာရိုက်တာ တခါမှ သရုပ်မဆောင်ဖူးလို့ ပရိသတ်ကို နားလည်ပေးဖို့ နေထက်လင်း ပြော
“ကိုယ်ဘာလုပ်တယ်ဆိုတာ တနိုင်ငံလုံးသိအောင် နိုင်ငံကြီးသားမှာ ပါဝင်ခဲ့တာ”လို့ အောန်ဆိုင်း ပြော
“နိုင်ငံကြီးသား တယောက်ဖြစ်ဖို့ စည်းကမ်းနဲ့ စာနာစိတ်ရှိဖို့ လိုတယ်”လို့ ထွန်းထွန်း ပြော
“နိုင်ငံကြီးသား” ရုပ်ရှင်ကို နေတိုးကြောင့် အဓိက ပုံဖော်ဖြစ်ခဲ့တာလို့ ဒါရိုက်တာ စတီးလ် ပြော