Entertainment

"ကိုယ်ဘာလုပ်တယ်ဆိုတာ တနိုင်ငံလုံးသိအောင် နိုင်ငံကြီးသားမှာ ပါဝင်ခဲ့တာ"လို့ အောန်ဆိုင်း ပြော

“နိုင်ငံကြီးသား”ရုပ်ရှင်မှာ မော်ဒယ်တယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ စူပါမော်ဒယ် အောန်ဆိုင်းက သူ့ရဲ့ပထမဆုံး ဇာတ်ကားဖြစ်တာကြောင့် အကောင်းဆုံး ကြိုးစားထားသလို အရမ်း ရင်ခုန်စိတ်လှုပ်ရှား နေတယ်လို့ ဆိုပါတယ်။

“အောန်ဆိုင်း နိုင်ငံကြီးသား ဇာတ်ကားမှာ မော်ဒယ် စောယုနွယ်အဖြစ် တွေ့ရမှာပါ။ ကာရိုက်တာလေးက သတ္တိ ရှိတယ်၊ စွာတယ်။ မဟုတ် မခံတဲ့ ပုံစံမျိုးပေါ့။ ဇာတ်ကားရိုက်တုန်းကတော့ Stress တော့ ရှိတယ်။  မော်ဒယ် လုပ်တာချင်းသာ တူတာ။ အပြင် ကာရိုက်တာနဲ့ မတူတော့ အရမ်းတော့ လွယ်ကူခဲ့တာ မဟုတ်ဘူးပေါ့။ အရမ်း ရင်ခုန်တယ်။ အဲဒီထဲမှာ မော်ဒယ်ပဲ။ လက်ခံတာကလည်း အဲဒါကြောင့်ပါ။ အပြင်မှာလည်း ဒီအလုပ်ပဲ လုပ်တယ်”လို့ အောန်ဆိုင်းက ပြောပါတယ်။

ဆက်လက်ပြီး အောန်ဆိုင်းကတော့ သူ့ကို ရန်ကုန်က ပရိသတ်အချို့သာ သိပြီး နယ်က ပရိသတ်တွေက သိပ်မသိတာကြောင့် တနိုင်ငံလုံး သိအောင် အခုလို ပါဝင် သရုပ်ဆောင်ဖြစ်တာလို့လည်း ဆိုပါတယ်။

“အောန်ဆိုင်းကို ရန်ကုန်ကသူတွေ သိတယ်။ ဒါပေမဲ့ နယ်ဘက်က တော်တော်များများ မသိကြသေးဘူး။ ကိုယ်ဘာလုပ်တယ် ဆိုတာကို တနိုင်ငံလုံးက လူတွေကို သိစေချင်တယ်၊ အဲဒါကြောင့် လက်ခံဖြစ်တယ်။ ဘဝမှာ ရင်အခုန်ဆုံးထဲမှာ ဒါလည်း ပါတယ်။ ကိုယ်လုပ်နေကျ အလုပ်လည်း မဟုတ်ဘူး။ ကိုယ့်အတွက် ပထမဆုံး ဇာတ်ကားလည်း ဖြစ်တယ်”

“အောန်ဆိုင်းအနေနဲ့ အကောင်းဆုံးတော့ ကြိုးစားထားတယ်။ ဘယ်လို ထွက်လာမလဲတော့ မသိဘူး။ အရမ်းတော့ စိတ်လှုပ်ရှားနေတယ်။ အဓိကကတော့ အောန်ဆိုင်း ကြိုးစားထားတယ် ဆိုတာကို အသိအမှတ်ပြုပြီး အားပေးစေချင်တယ်”လို့ အောန်ဆိုင်းက ပြောပါတယ်။

ဇာတ်ကား ရိုက်ကူးစဉ်က ကြုံခဲ့တဲ့ အမှတ်တရတွေနဲ့ သရုပ်ဆောင် မင်းသွေးနဲ့ ခင်ခဲ့ပုံကိုလည်း အောန်ဆိုင်းက အခုလိုပဲ ပြောပါတယ်။

“စရိုက်တဲ့နေ့က အရမ်းဟဲဗီး ဖြစ်တယ်။ ကိုမင်းမော်ကွန်းကို တံထွေးထွေးတဲ့ အခန်းဆိုရင် အားလည်း အားနာခဲ့ရတယ်။ အမှတ်တရ ဖြစ်တယ်။ ကိုမင်းသွေးနဲ့ နေပြည်တော်မှာ ဇာတ်ဝင်ခန်းတွေ ရိုက်ရတော့ အရမ်း ရင်းနှီးသွားတယ်။ အောန်ဆိုင်းနဲ့ ဆုံဖြစ်ကြတဲ့သူတွေက ကိုမင်းမော်ကွန်း၊ ကိုမင်းသွေးတို့ပေါ့။ ပုံမှန်ဆို လူတယောက်ကို ခင်ဖို့ခက်တယ်”

“ကိုမင်းသွေးနဲ့က ညဘက် ဇာတ်ဝင်ခန်းတွေမှာ Setting ချိန်နေရင် စကားတွေ ပြောဖြစ်တယ်။ ကမ္ဘာ့ဖလား အချိန်ဖြစ်တော့ သူက အင်္ဂလန်ကို ကြိုက်တော့ ဘောလုံးပွဲ အကြောင်းတွေ ပြောဖြစ်တယ်။ ပိုပြီး ရင်းနှီးသွားတယ်။ အခု ကွယ်လွန်သွားတော့ စိတ်မကောင်းဖြစ်ရတယ်။ ဇာတ်ကား ရုံတင်တော့ ပိုပြီး သတိရတာပေါ့”လို့ အောန်ဆိုင်းက ပြောပါတယ်။

ကချင်တိုင်းရင်းသူ စူပါမော်ဒယ် အောန်ဆိုင်းဟာ Canal+ ရဲ့ Brand Ambassador တယောက်လည်း ဖြစ်ပါတယ်။ သူ ပါဝင်ထားတဲ့ “နိုင်ငံကြီးသား” ရုပ်ရှင်ကို ဒါရိုက်တာ စတီးလ် ရိုက်ကူးထားပြီး သရုပ်ဆောင် နေတိုး၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ နေထက်လင်း၊ နေမျိုးအောင်၊ ဇင်ဝိုင်း၊ မောင်သီ၊ ထူးခြား၊ မိုးယံဇွန်၊ မင်းသွေး၊ စည်ဖြိုး၊ ထွန်းကိုကို၊ နေရဲ၊ သိန်းလင်းစိုး၊ ရွှေသမီး စတဲ့ သရုပ်ဆောင်များစွာ ပါဝင်ပါတယ်။

You may also like these stories:

“နိုင်ငံကြီးသား တယောက်ဖြစ်ဖို့ စည်းကမ်းနဲ့ စာနာစိတ်ရှိဖို့ လိုတယ်”လို့ ထွန်းထွန်း ပြော

“နိုင်ငံကြီးသား” ရုပ်ရှင်ကို နေတိုးကြောင့် အဓိက ပုံဖော်ဖြစ်ခဲ့တာလို့ ဒါရိုက်တာ စတီးလ် ပြော

New York Fashion ကို ဖိတ်ကြားခံရတဲ့ အောန်ဆိုင်းနဲ့ နန်းခေးမား

သရုပ်ဆောင်တယောက်အနေနဲ့ မြင်တွေ့ရဦးမယ့် အောန်ဆိုင်း

Loading