ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မာလာကျေးရွာအုပ်စု၊ ခပေါ်ကျေးရွာက အုပ်ချုပ်ရေး အဖွဲ့ဝင် ၂ ဦးမှာ သြဂုတ်လ ၆ ရက်နေ့ နံနက်ပိုင်းက မိုင်းထိ၍ ၁ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာများဖြင့် ဆေးကုသခံယူနေရကြောင်း သတင်း ရရှိသည်။
အဆိုပါ ခပေါ်ကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် ၂ ဦးမှာ အသက် ၃၇ နှစ်အရွယ် ရာအိမ်မှူး ဦးလှမောင်နှင့် အသက် ၅၁ နှစ်အရွယ် ဆယ်အိမ်မှူး ဦးသောက်ကြာအောင်တို့ဖြစ်ပြီး ကျောက်တော် အခြေစိုက် ခမရ (၃၇၅) တပ်ရင်းက လမ်းပြအဖြစ်ခေါ်ဆောင်သွားရာမှ ရွာနှင့် ၁ မိုင်ခန့်အကွာတွင် မိုင်းထိခဲ့ခြင်း ဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။
ထိုသို့ မိုင်းထိခဲ့သည့် ရာအိမ်မှူး ဦးလှမောင်မှာ ခြေထောက် နှစ်ဖက်လုံးပြတ်ထွက်ကာ သေဆုံးခဲ့ပြီး ဆယ်အိမ်မှူး ဖြစ်သူ ဦးသောက်ကြာအောင်မှာ မျက်နှာနှင့် ရင်ဘတ်တို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဦးသောက်ကြာအောင်၏ အစ်ကို ဦးပန်းသာက ပြောသည်။
ဦးပန်းသာက “ကျနော်တို့ရွာကို စစ်သားတွေ ရောက်လာပြီး တညအိပ်တယ်။ နောက်တနေ့ မနက် ၇ နာရီလောက်မှာ ရွာကထွက်တော့ လမ်းပြဖို့ ခေါ်သွားတယ်။ ကျနော်တို့ ညီကလည်း ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေဆိုတော့ တာဝန်ရှိတယ်ဆိုပြီး လိုက်သွားကြတာ။ ရွာနဲ့ မိုင်ဝက်လောက် ဝေးတဲ့ တောင်ခြေကို ရောက်တော့ အဲဒီမှာ မိုင်းထိသွားတာ” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းသို့ မိုင်းထိသွားသည့်အတွက် ရာအိမ်မှူး ဦးလှမောင်အား မိုင်းပေါက်ကွဲရာ တောင်ခြေမှ ကျေးရွာသို့ ထမ်းလာပြီး ဆေးကုသမှုခံယူနေစဉ်အတွင်း ထိုနေ့ မနက် ၉ နာရီကျော် အချိန်တွင် သေဆုံးကာ ဆယ်အိမ်မှူး ဦးသောက်ကြာအောင်မှာလည်း မိုင်းထိဒဏ်ရာဖြင့် လက်ရှိအချိန်တွင် ကျောက်တော် အခြေစိုက် ခမရ (၃၇၅) တပ်ရင်း ဆေးခန်းတွင် ဆေးကုသမှု ခံယူနေကြောင်း ဦးပန်းသာက ပြောသည်။
ဦးပန်းသာက “ကျနော်တို့ လှမောင်ကို တောင်ခြေကနေ ထမ်းပြီး ရွာကို ယူလာပြီးတော့ ဆေးကုသမှု ခံယူနေတဲ့ အချိန်မှာပဲ ဆုံးသွားတယ်။ အဲဒီနေ့ ၁ နာရီလောက်မှာ ကျနော်တို့ ရွာဓလေ့ ထုံးတမ်းအရ မီးသဂြိုဟ် လိုက်ပါတယ်။ မိသာစုဝင်တွေကိုတော့ တပ်က ငွေ ဆယ်သိန်းကျော် ထောက်ပံ့ပေးခဲ့တာ ရှိတယ်။ ကျနော်ညီကိုတော့ စစ်တပ်က ၃၇၅ တပ်ရင်း ဆေးခန်းမှာ ဆေးကုပေးထားတယ်။ သူ့ကျန်းမာရေးကတော့ စိုးရိမ်စရာ မရှိဘူး” ဟု ဆိုသည်။
ဖြစ်စဉ်အသေးစိတ်အား သိရှိနိုင်ရန် သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့မှူးတို့ထံ ဧရာဝတီမှ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့သလို မာလာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှာလည်း နုတ်ထွက်ထားသည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးတော့ အဆိုပါ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် ၂ ဦးအား လမ်းပြခေါ်ဆောင်ခြင်း မရှိဘဲ တပ်မတော် စစ်ကြောင်းအား AA အဖွဲ့က မိုင်းဆွဲတိုက်ခိုက်စဉ်တွင် လမ်းသွားနေသည့် ကျေးရွာများထံ ထိမှန်ခြင်းဖြစ်ကြောင်း ပြောသည်။
ဗိုလ်မှူးကြီး ဝင်းဇော်ဦး က “သူတို့ကို ကျနော်တို့ ဘာလမ်းပြမှ ခေါ်တာ မရှိဘူး။ ရွာသားတွေက လမ်းမထက်မှာ သူ့ဟာ သူသွားနေတာ။ အဲဒီမှာ AA က ကျနော်တို့ စစ်ကြောင်းကို မိုင်းဆွဲလိုက်တဲ့အခါ ကျနော်တို့ တပ်ဖွဲ့ဝင်တွေကို မထိဘဲ ရွာသားတွေကို ထိမှန် တာပဲ ရှိတယ်။ ကျနော်တို့ကတော့ လိုအပ်တဲ့ ဆေးကုသမှုတွေကို ပေးတာတော့ ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
AA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ခိုင်သုကတော့ “ကျနော်တို့အဖွဲ့တွေနဲ့ ၆ ရက်နဲ့မှာ ထိတွေ့တိုက်ခိုက်မှုဖြစ်တာ မရှိဘူး၊ တပ်မတော်က သူတို့ တည်းခိုတဲ့နေရာ ပတ်ဝန်းကျင်တွေမှာ လုံခြုံရေးအရ မိုင်းထောင်တာ ရှိတယ်။ အဲဒီမိုင်းတွေကို သူတို့ ဖော်သွားတာ ရှိတယ်။ ဖော်မရဘဲ ကျန်ခဲ့တာ ရှိတယ်။ အဲဒီမိုင်းတွေ ပေါက်ကွဲတာပဲ ရှိတယ်။ ဘာပဲဖြစ်ဖြစ် စစ်ပွဲဖြစ်နေတဲ့ ဧရိယာအတွင်းကို အရပ်သားတွေ ဒီလို လူသား ဒိုင်းကာ အဖြစ် ခေါ်သွားတယ်ဆိုကတည်းက ဒါဟာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်နေတာပဲ” ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ လက်ရှိဖြစ်ပွားနေသော တိုက်ပွဲကာလတွင်း စစ်ဘေးဒုက္ခသည် အရေအတွက် တနေ့ထက် တနေ့ တိုးလာနေသလို ဖမ်းဆီးခံရ သူနှင့် သေဆုံးသူအရေအတွက်မှာလည်း တဖြည်းဖြည်း များပြားလာနေသည်။
ရခိုင်တိုင်းရင်းသား မျိုးနွယ်စု အစည်းအရုံး (Rakhine Ethnic Congress ) ၏ စာရင်းအရ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲအတွင်း စစ်ဘေးရှောင် လူဦးရေ ၅၅၀၀၀ ကျော်အထိ ရှိလာနေပြီ ဖြစ်ကြောင်း သိရသည်။
စစ်ပွဲကာလ အတွင်း အရပ်သား သေဆုံးသူ ၆၃ ဦး၊ မြေမြုပ် မိုင်းကွဲမှုနှင့် စစ်ကျန် လက်နက်ကြီး ကျည်ဆန် ပေါက်ကွဲမှုတို့ ကြောင့် ထိခိုက်ဒဏ်ရာရသူ ၅၃ ဦး၊ ပျောက် ဆုံးနေသူ ၉ ဦး ၊ ဖမ်းဆီး ခံရသူ ၁၅၆ ဦး ရှိကြောင်း REC စာရင်းအရ သိရှိရသည်။
You may also like these stories:
ကျောက်တော်၌ ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင် ၁ ဦး အသတ်ခံရပြီး ၁ ဦး ပျောက်ဆုံးနေ
ကျောက်တော် ပစ်ခတ်မှု ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး နှင့် ရွာသား ၁ ဦး ဒဏ်ရာရ
ကျောက်တော်တွင် အမျိုးသမီး တဦး မိုင်းထိ