မြန်မာ့ရုပ်ရှင် လောကမှာ ဗီဒီယိုဈေးကွက် ပျက်သွားတဲ့အချိန်မှာ မင်းသား၊ မင်းသမီးတွေထက် ဇာတ်ပို့၊ ဇာတ်ရံတွေအပေါ်မှာ ရိုက်ခတ်မှုများစွာ ရှိခဲ့တဲ့အတွက် ဇာတ်ပို့၊ ဇာတ်ရံတွေဟာ အွန်လိုင်းပေါ်နဲ့ အပြင်လောများမှာ ညည်းညူမှုများ ပြုလုပ်နေတဲ့အပေါ် ဝါရင့် သရုပ်ဆောင်၊ လူရွှင်တော် အရိုင်းက ဧရာဝတီမှတဆင့် အကြံပြုစကား အခုလို ပြောခဲ့ပါတယ်။
“ဦးအရိုင်း တခုပြောချင်တာက ဇာတ်ပို့၊ ဇာတ်ရံတွေထဲမှာ ညည်းကြတာကို အွန်လိုင်းပေါ်မှာလည်း တွေ့တယ်။ အပြင်မှာ တွေ့ရင်လည်း ပြောကြတယ်။ ဦးအရိုင်းတို့လည်း တောက်လျှောက် ကားရိုက်ဆိုရင် ရိုက်လည်း မရိုက်နိုင်ဘူး။ ရိုက်လည်း မရိုက်ရဘူး”
“သို့သော်လည်း ဘယ်လိုမျိုးရပ်တည်နေလဲဆိုရင် လူဆိုတာ ဉာဏ်ရှိတယ်လေ။ ကိုယ့်ဉာဏ်နဲ့ကိုယ် ကွန့်ပြီးတော့ ဒီတခု မရရင် ဟိုတခု လုပ်ရမှာပေါ့။ ဘာလို့သူများသိအောင် လိုက်ပြောနေမှာလဲ။ မလုပ်ကြပါနဲ့ ညီတွေ၊ ညီမလေးတွေ၊ တူတွေ၊ တူမတွေကို တွေ့ရင် အမြဲပြောတယ်” လို့ အရိုင်းက ပြောပါတယ်။
စမတ်ဖုန်းတွေ ပေါများနေတဲ့ခေတ်ကြီးမှာ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ လူအမျာ းစိတ်ဝင်စားစေပြီး ကိုယ့်ရဲ့ အနုပညာကို ဖော်ပြနိုင်မယ့် အရာများကို တင်ပေးခြင်းဖြင့်လည်း ဝင်ငွေ ရရှိပြီး စားဝတ်နေရေး ပြေလည်နိုင်တယ်လို့ အရိုင်းက ဆိုပါတယ်။
“ကိုယ့်မှာ တယ်လီဖုန်းလေးတောင် ရှိနေတာ။ လူရွှင်တော် ညီလေးတွေကို တွေ့ရင် ပြောဖြစ်တယ်။ ကိုယ့်ဘာသာအိမ်မှာ တယောက်တည်း တယ်လီဖုန်းလေး ထောင်ပြီးတော့ ရယ်စရာ၊ မောစရာလေးတွေ ပြောပေါ့။ Facebook မှာ နေကောင်းလား၊ ဘာညာ လုပ်နေမယ့်အစား အဲ့လိုမျိုးလေးတွေပြောပြီး တင်ကြည့်”
“တဖြည်းဖြည်း ၄၊ ၅ ၊ ၁၀ ခုဖြစ်လာတဲ့ အခါမျိုးကျရင် ရယ်ရတာဆိုပြီး Facebook ပေါ်မှာ အလုပ်လုပ်နေကြတဲ့ ကုမ္ပဏီတွေ ရှိတယ်လေ သူတို့တွေက ကိုယ့်နောက်လိုက်လာမှာ အဲ့လိုဆိုရင် ပိုက်ဆံရပြီလေ။ စားဝတ်နေရေး ပြေလည်ပြီပေါ့။ အလကားနေရင်း Facebook ပေါ်မှာ Selfie တွေ လျှောက်တင်နေမယ့်အစား အဲ့လို လုပ်ပါလား”လို့ အရိုင်းက ပြောပါတယ်။
ဆက်လက်ပြီးတော့လည်း “တခုတော့ ရှိတာပေါ့။ ပေါက်ပန်းဈေးတော့ လျှောက်လုပ်လို့ မရဘူးပေါ့။ Public ကို ချပြတဲ့အခါမှာ ညစ်ညမ်းတာတွေ၊ ပရိသတ် လက်မခံတာတွေတော့ မလုပ်နဲ့ပေါ့။ ရိုးရိုးသားသားလေးပဲ”လို့ အရိုင်းက ပြောပါတယ်။
အရိုင်းကတော့ သူကိုယ်တိုင်လည်း ဗီဒီယိုများ မရိုက်ရတဲ့အခါမှာ ကျွမ်းကျင်ရာ၊ တတ်မြောက်ရာ အလုပ်ကို လုပ်ပြီး ရပ်တည်ခဲ့တယ်လို့ သိရပါတယ်။
“ဘယ်နယ်ပယ်မှာ ငါနောက်ထပ် အလုပ်လေးတွေ လုပ်လို့ရဦးမလဲဆိုတာကို ကိုယ်က ကြိုးစားရတာပဲ။ ဒီဘက်မှာ အဆင်မပြေရင် Presenter လုပ်လို့ ရတယ်။ နောက်ပြီး မင်္ဂလာဆောင်မှာ သြဝါဒတောင် ဖတ်လို့ ရသေးတယ်။ ဖတ်နိုင်အောင်တော့ လုပ်ထားပေါ့။ စာတွေ ရှိနေတာပဲ။ စာအုပ်လေးတွေ ဝယ်ပြီး လေ့လာပေါ့။ ဒီခေတ် ဒီအခါမှာ ရှေးတုန်းကလို ပြောစရာတော့ မလိုတော့ပါဘူး။ လူရိုသေ ရှင်ရိုသေတော့ ဖြစ်အောင်လုပ်ထားရမှာပေါ့”လို့ အရိုင်းက ပြောပါတယ်။
ဗီဒီယိုဈေးကွက်ပျက်တာနဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်ကိုလည်း အခုလိုပြောပြခဲ့ပါတယ်။
“ဗီဒီယိုဈေးကွက် ပျက်တယ် ပျက်တယ်ဆိုတာက တကယ်တမ်းပြောရမယ်ဆိုရင် ဦးအရိုင်းတို့တွေက အစကတည်းက နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီး သွားချင်တယ်ဆိုရင် နိုင်ငံတကာက သွားနေတဲ့ ရှိသင့်ရှိထိုက်တဲ့ လမ်းကြောင်းပေါ်မှာတော့ တို့တွေ ရှိရမှာပေါ့။ ဗီဒီယိုဆိုတဲ့ဟာကလည်း ခေတ္တခဏ လာတဲ့ဧည့်သည်လိုပဲ”လို့ အရိုင်းက ပြောပါတယ်။
“အခုလက်ရှိကို သဘောကျတာပေါ့။ ဘာဖြစ်လို့လဲဆိုရင် ဘာလုပ်မှာလဲ နောက်ကို ပြန်မသွားချင်ပါဘူး။ ရှေ့ကို တိုးမှာပေါ့။ ဒီထက်ကောင်းအောင် ပိုကြိုးစားကြဖို့ပဲရှိတယ်။ လမ်းကြောင်းက တော်တော်တောင် ရနေပြီ။ ဆက်သွားပေတော့ပဲ။ ဘာလို့ နောက်ပြန်ဆုတ်မှာလဲ။ လူငယ်တွေ အများကြီး ဖြစ်လာတာကိုလည်း ပျော်တယ်။ အားပေးတယ်”လို့ အရိုင်းက ပြောပါတယ်။
ဝါရင့် သရုပ်ဆောင် အရိုင်းကတော့ လက်ရှိမှာလည်း MNTV Channel မှာ ပြသနေတဲ့ “Win’s Shoow Time” ပရိုဂရမ်မှာ Season 2 အထိ မိုရီဆာကီဝင်း (အဝင်း) နဲ့ အတူ ပါဝင်လျက်ရှိပြီး တခြားသော အနုပညာနဲ့ ပတ်သက်တဲ့ တင်ဆက်မှုလုပ်ငန်းများကို လုပ်ကိုင်နေတယ်လို့ သိရပါတယ်။
You may also like these stories:
“ဗီဒီယိုခေတ် ပျက်တာဟာ မင်းသားသစ် ထပ်ပေါ်ဖို့ ခဲယဉ်းတယ်”လို့ နေမျိုးအောင် ပြော
မိန်းမလျာဇာတ်ရုပ် ရိုက်ကူးဖြစ်တဲ့အကြောင်းပြောတဲ့ သရုပ်ဆောင်အရိုင်း
“တိုင်းပြည်ငြိမ်းချမ်းဖို့ လုပ်နေတယ် မူးယစ်ဆေးဝါးတွေက ဒလဟောဝင်နေတယ်”