ဇာတ်ပို့ သရုပ်ဆောင် မျိုးမျိုးခိုင်က သရုပ်ဆောင်တဲ့အပိုင်းနဲ့ ပတ်သက်လို့ အသက်ကြီးလာတဲ့အခါမှာ လှတာ မလှတာထက် ဇာတ်ကားရဲ့ ကာရိုက်တာကို ပီပြင်အောင်ပဲ လုပ်ချင်တော့တယ်လို့ ဆိုပါတယ်။
“အခုနောက်ပိုင်း အသက်ကြီးလာတဲ့အခါကျတော့ လှတာ၊ မလှတာကို မလိုချင်တော့ဘူး။ ကာရိုက်တာကို ပီပြင်အောင်ပဲ လုပ်ချင်တော့တယ်။ နောက်ပိုင်းအလုပ်လေးတွေ လုပ်လာရင် သေချာကာရိုက်တာကို ပီပြင်အောင်ပြင်ဆင်တော့တယ်။ မကြီးတို့က အရင်က ကားရိုက်တွေ အရမ်းများတော့ ဝတ္ထုတွေ မဖတ်ဖြစ်ဘူး။ အခုနောက်ပိုင်း ဝတ္ထုဖတ်ကြည့်ပြီးတော့ ကိုယ်လုပ်ရမှာလေးတွေ ပိုသိလာတယ်”လို့ မျိုးမျိုးခိုင်က ပြောပါတယ်။
သရုပ်ဆောင် မျိုးမျိုးခိုင်က လတ်တလောမှာ “မှောင်တိုက်”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးမှာ ဖြစ်ပြီး ဒီဇာတ်ကားနဲ့ ပတ်သက်လို့လည်း အခုလိုဆိုပါတယ်။
“မှောင်တိုက်ဇာတ်ကားမှာ ဇင်မျိုးနဲ့ အစ်မနဲ့က လင်မယား။ ဇင်မျိုးက ကဗျာတွေ စာတွေ မတောက် တခေါက်လေး လျှောက်ရေးတော့ အိမ်တွင်းရေး အဆင်မပြေဘူးပေါ့။ အဲ့လို ကာရိုက်တာ လေးပေါ့။ ဇင်မျိုးနဲ့က လင်မယားသရုပ်ဆောင် တာ အတွဲတော့ညီပါတယ်။ Pre Production တွေ လည်းကြို လုပ်ကြတယ်။ ဒါရိုက်တာ ချိုဝတ်ရည်ကလည်း တိတိကျကျလေးလုပ်တယ်။ တော်ပါတယ်”
“အခုလက်ရှိတော့ ကားရိုက်တော့ ကျဲပါတယ်။ ကိုဇော်မြင့်ဦးရိုက်တဲ့ “ဆူးပန်းခွေ သွယ်ဘယက်” ဇာတ်ကား ပုပ္ပါးကနေ ရိုက်ပြီး ပြန်လာတာ။ ဇာတ်ပို့တွေ ကားရိုက်သိပ်မရှိတော့ တနိုင်စီးပွားရေးလေးတွေ လုပ်တာကောင်းတယ်” လို့ မျိုးမျိုးခိုင်ကဆိုပါတယ်။
ဗီဒီယိုဈေးကွက်ပျက်ပြီးနောက်ပိုင်းမှာ ဇာတ်ပို့ သရုပ်ဆောင်တွေ တနိုင်စီးပွားရေးလုပ်လာကြပြီး ဒီအပေါ်ကိုလည်း မျိုးမျိုးခိုင်က အခုလိုဆိုပါတယ်။
“အစ်မတို့ ဗီဒီယိုဈေးကွက်မရှိတော့ တနိုင်စီးပွားရေးလေးတွေ လုပ်နေကြတယ်။ အစ်မကျတော့ နောက်မှာ ကိုယ့်ကို လုပ်ပေးမယ့် သူကလည်း မရှိဘူး။ လုပ်နိုင်ရင်တော့ကောင်းတယ်။ သူများတွေ ပင်ပန်းနေတာတွေ့ ရတော့လည်း စိတ်မကောင်းဘူး။ ကိုယ်မလုပ်နိုင်ပေမယ့် အဆင်ပြေပါစေ၊ ရောင်းကောင်းပါစေပဲ ဆုတောင်းပါတယ်”လို့ မျိုးမျိုးခိုင်က ပြောပါတယ်။
သရုပ်ဆောင် မျိုးမျိုးခိုင်ကိုတော့ ဇာတ်ပို့ ဇာတ်ရံ ဟာသ သရုပ်ဆောင် တယောက်အဖြစ် ဗီဒီယို၊ ရုပ်ရှင်ဇာတ်ကားတွေက တဆင့် ပရိသတ်တွေ အားပေးလာခဲ့တာဖြစ်ပြီး လက်ရှိမှာ မျိုးမျိုးခိုင်က မိသားစုကို အချိန်ပေးရင်း အနုပညာအလုပ်တွေ လည်း လုပ်ကိုင်နေတယ်လို့ သိရပါတယ်။
You may also like these stories:
“ထီပေါက်ရင် ခွေးတွေအတွက် ဂေဟာ ဆောက်ပေးချင်တယ်”လို့ မျိုးမျိုးခိုင် ပြော