ရုပ်သံဇာတ်လမ်းတွဲများမှာ အောင်မြင်မှုတခု ရရှိနေတဲ့ သရုပ်ဆောင် ကောင်းမြတ်စံကတော့ နောက်ပိုင်းမှာ ရုပ်ရှင်ကားကြီးတွေ ရိုက်ကာ ရုံပေါ်မှာမြင်ရတဲ့အထိ ကြိုးစားသွားမယ်လို့ ပြောပါတယ်။
“ကျနော်တို့ ရုံကြီးကားတွေမှာ တန်းဝင်ပြီး ရိုက်နေရတာဆိုလို့ ၂ ယောက်၊ ၃ ယောက်ပဲ။ လက်ချိုးရေလို့ ရတယ်။ ကျနော်တို့ စီနီယာတွေဆိုတော့ အခုဆိုရင် ပြောင်းလဲမှုတွေ ဖြစ်နေပြီ။ မြန်မာ့ရုပ်ရှင်လည်း တိုးတက်လာပြီဆိုတော့ ကျနော်တို့ ထင်ပါတယ်။ ပရိသတ်အားပေးမှုတွေနဲ့ ကြိုးစားနေပါမယ်။ ရုံပေါ်မှာ မြင်ရတဲ့အထိကို သွားမှာပါ” လို့ ကောင်းမြတ်စံက ပြောပါတယ်။
အနုပညာအလုပ် လုပ်ရာမှာတော့ ဖောက်ထွက်ရန် ကြိုးစားခြင်းထက် ပရိသတ်အပေါ်မှာ မေတ္တာပေးပြီး ရောင်ပြန်ဟပ်ဖို့အတွက်ပဲ စောင့်နေတယ်လို့ ကောင်းမြတ်စံက ပြောပါတယ်။
“ကျနော်တို့က ဖောက်ထွက်ဖို့ ကြိုးစားတာထက် ကျနော်တို့ အနုပညာအလုပ်က ပရိသတ်နဲ့ ဆိုင်တယ်။ ပရိသတ်အားပေးမှုနဲ့ ဆိုင်တာဆိုတော့ ပရိသတ် အားပေးတဲ့အပေါ် လိုက်ပြီးတော့ Role ဆိုတာ ကွဲကုန်တာလေ။ ကျနော်က ဗုဒ္ဓဘာသာတဦး ဖြစ်တဲ့အတွက် လူတဦးနဲ့ တဦးက မေတ္တာထားရတာပေါ့”
“ဒီအနုပညာလောကမှာ အောင်မြင်တယ်၊ မအောင်မြင်ဘူးဆိုတာက လူသားအချင်းချင်းအပေါ်မှာ မေတ္တာထားတဲ့အပေါ် မူတည်တယ်။ အရင်ဆုံး ကျနော်တို့ အနုပညာသမားတွေက ပရိသတ်တွေကို မေတ္တာထားမှ ပရိသတ်တွေကလည်း မေတ္တာထားမှာ။ အခုအချိန်မှာ မေတ္တာထားတယ်။ ရောင်မပြန်သေးတာပဲ ရှိတာ။ တချိန်ချိန်တော့ ပြန်မှာပါ” လို့ ကောင်းမြတ်စံက ပြောပါတယ်။
သူ့ရဲ့ပထမဆုံးရုပ်ရှင် ဇာတ်ကားဖြစ်တဲ့ “ရိုးမပေါ်ကျတဲ့ မျက်ရည်” ကိုလည်း မကြာခင်မှာ ရုံတင်ပြသတော့မှာဖြစ်ပြီး အမှားပါခဲ့ရင်လည်း ခွင့်လွှတ်ကာ ကြည့်ရှုပေးကြဖို့ ပြောခဲ့ပါတယ်။
“ပထမဆုံးရုပ်ရှင်ပေါ့။ ပထမဆုံးရုပ်ရှင်ကိုမှ ဘယ်လို စိန်ခေါ်မှုမျိုးရှိလဲဆိုရင် ၁၉၈၀ ဝန်းကျင်လောက်က ကျောင်းဆရာ၊ ကျောင်းဆရာကိုမှ မြို့ကျောင်းဆရာ မဟုတ်ဘူး။ ရွာကျောင်းက ကျောင်းဆရာ။ ပြီးတော့ ကျနော်တို့အတွက် တာဝန်ကြီးမှု နောက်တခုက ကျတော့ တကယ့်ဖြစ်ရပ်မှန် အဲ့ရွာမှာ တကယ်ဖြစ်ခဲ့ဖူးတဲ့လူကို ရိုက်ထားတာ”
“အဲ့အတွက် အရမ်းတာဝန်ကြီးတယ်။ ပရိသတ်တွေကလည်း အမှားပါရင် ခွင့်လွှတ်ပြီးတော့ ကြည့်ရှုပေးပါ” လို့ ကောင်းမြတ်စံက ပြောပါတယ်။
ဒီကားထဲမှာတော့ ကောင်းမြတ်စံက တောအုပ်ကြီးရဲ့သား ဘွဲ့ရ ပညာတတ်တယောက် ဖြစ်ပြီး သူငယ်ချင်းများနဲ့အတူ ပညာဒါနလုပ်ရင်း ရပ်ရွာအကျိုးကို ကူညီနေသူ၊ မဟုတ်မခံစိတ် ရှိသူအဖြစ် သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။
“ဝတ္ထုဖတ်ဖူးတဲ့သူတွေကတော့ သိမှာပါ။ အဲ့ထဲမှာ ကျနော်က ဆရာလေး ဆန်းနိုင်ဆိုတဲ့ နေရာက သရုပ်ဆောင်တာ။ မအူဝဲနဲ့တော့ ဆုံတယ်။ ဒါပေမယ့် စကားပြောပြီး သရုပ်ဆောင်ရတဲ့ အဆုံခန်းတွေတော့ မပါဘူး။ ကိုမြင့်မြတ်နဲ့ တွေ့တာ များတယ်” လို့ ကောင်းမြတ်စံက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း သူပါဝင် သရုပ်ဆောင်ထားတဲ့ “ပျောက်ဆုံးနေသော အမှန်တရား” ဇာတ်လမ်းတွဲထုတ်လွှင့်ပြသခဲ့ပြီးဖြစ်ပြီး ဒီနှစ်ထဲမှာတော့ နောက်ထပ် ဇာတ်လမ်းတွဲအသစ် မရိုက်ထားဘဲ ၂၀၂၀ ထဲမှာတော့ ဇာတ်လမ်းတွဲ ၂ ခု ရိုက်ဖို့ရှိတယ်လို့ သိရပါတယ်။