ဇာတ်ပို့ သရုပ်ဆောင် တက္ကသိုလ်ဂွမ်းပုံက ဒါရိုက်တာ ကိုပေါက် ရိုက်ကူးမယ့် “လူထဲကလူ” ဇာတ်ကားမှာ ဖိလစ်ပိုင်မော်ဒယ် Sinon တို့လို နိုင်ငံခြားက Cele တွေ ပါဝင်လာတာကို ကြိုဆိုတယ်လို့ ဆိုလိုက်ပါတယ်။
“လူထဲကလူ ဇာတ်ကားမှာ အလှကုန်ပစ္စည်းတွေ ဖြန့်ချိတဲ့ ကုမ္ပဏီရဲ့ မန်နေဂျာမပေါ့။ မန်နေဂျာ ဇာတ်ရုပ်ဆိုပေမယ့် မဂွမ်းလုပ်ဖူးတဲ့ ကာရိုက်တာ မဟုတ်ပါဘူး။ မဂွမ်းနဲ့ Sinon နဲ့တော့ မဆုံဖူး။ သူက မင်းသမီးဘက်ကပေါ့။ မဂွမ်းတို့ မြန်မာရုပ်ရှင်လောကကို နိုင်ငံခြား Cele တွေ၊ အနုပညာရှင်တွေ လာရောက် တွဲဖက်ပြီး ပါဝင်ခွင့်ရတဲ့အတွက် တကယ်ကို ကြိုဆိုပါတယ်”
“မဂွမ်းတို့ဆီက မြန်မာအနုပညာရှင်တွေကလည်း တခြားနိုင်ငံတွေမှာ ကမ်းလှမ်းခြင်းခံရတဲ့အတွက်လည်း ဝမ်းသာရပါတယ်။ လူထဲကလူကို ကြည့်ချင်းဖြင့် ကိုပေါက် ပေးတဲ့ ကာရိုက်တာပေါ်မှာ ထိမိအောင် ကြိုးစားမယ်။ ဘာလို့လဲဆို ဒီကားလေးကို ၁ နာရီခွဲ ၂ နာရီကြည့်လိုက်တာနဲ့ မှန်ပါလား လူတွေက တန်းတူညီတူပါပဲဆိုတာကို ကြည့်ရင်း သိစေချင်တယ်”လို့ ဂွမ်းပုံက ပြောပါတယ်။
“လူထဲကလူ” ဇာတ်ကားရဲ့ အဓိက ပေးချင်တဲ့ Message ကိုလည်း တက္ကသိုလ် ဂွမ်းပုံက အခုလိုပဲ ဆိုပါတယ်။
“လူထဲကလူ ဇာတ်ကားက မဂွမ်းတို့ ဆင်းရဲတာ ချမ်းသာတာ အသားအရေ ခွဲခြားတာ နိုင်ငံခြားက အဖြူအမည်းတို့ ခွဲခြားမှု မရှိဘဲ အားလုံးက လူသားထဲက လူပါပဲ။ စိတ်နေစိတ်ထားက အဓိကပါပဲ။ Facebook မှာဆိုလည်း Comment တကြောင်းကြောင့် အသက်ခန္ဓာ ဆုံးရှုံးရတဲ့သူတွေ ရှိတယ်”
“တချို့ဆို ပိန်သွားတယ်နော်။ ဝသွားတယ်နော်။ ကလေး မယူသေးဘူးလား။ ကိုယ့်စကားလေး တခွန်းကြောင့် လူ့စိတ်ထဲမှာ ဝမ်းနည်းသွားတာ အားငယ်သွားတာ အဲ့လိုမျိုးတွေ မဖြစ်စေချင်ဘူး။ သည်းခံမှုရယ်၊ အားငယ်မှုရယ်ရှိရင် အားလုံးက ငြိမ်းချမ်းမှုတွေ ရှိလာမှာပါ” လို့ ဂွမ်းပုံက ဆိုပါတယ်။
ငယ်ငယ်တုန်းက စိတ်တအားထက်တဲ့ ဂွမ်းပုံက အသက်ရလာတဲ့အချိန်မှာ နားလည်ပေးပြီး သည်းခံတတ်လာတယ်လို့လည်း ဆိုပါတယ်။
“ငယ်တုန်းက စိတ်က အရမ်းထက်တယ်။ သူတခွန်းပြောလိုက်ရင် ကိုယ်တခွန်း ပြန်ပြောလိုက်တယ်။ မှန်နေရဲ့သားနဲ့ မှားတယ်လို့ဖြစ်ပြီဆိုရင် အမှန်တရားကို မြတ်နိုးတဲ့သူဖြစ်တာကြောင့် တိုက်ခိုက်မှု အရမ်းမြန် တယ်။ အသက်ရလာချိန်မှာ နားလည်မှု၊ သည်းခံမှု ရလာတယ်”
“တိုက်ခိုက်တာပဲ ဖြစ်ဖြစ်ဝေဖန်တာဖြစ်ဖြစ် မသိလို့ ပြောတာပါလားဆိုတာကို သည်းခံလာနိုင်တယ်။ အဲ့လိုမျိုး သည်းခံလာနိုင်ရင်တော့ ငြိမ်းချမ်းတဲ့ ဘဝရကြမှာပါ ”လို့ ဂွမ်းပုံက ပြောပါတယ်။
ဒါရိုက်တာ ကိုပေါက် ရိုက်ကူးမယ့် “လူထဲကလူ” ဇာတ်ကားမှာ သရုပ်ဆောင် မြင့်မြတ်၊ ရဲအောင်၊ အောင်လေး၊ စိုးမြတ်သူဇာ၊ ပက်ထရစ်ရှာ၊ စိုးမိုးကြည်၊ Sinon Loresca နဲ့ အခြားသရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။