မြန်မာပရိသတ်တွေ “ချန်ဂင်”လို့ ရင်းနှီးတဲ့ ကိုရီးယားနာမည်ကြီး အနုပညာရှင် မင်းသမီး လီယောင်အေးရဲ့ ရုပ်ရှင်ဇာတ်ကားအသစ် “Bring Me Home” ဟာ မကြာခင်မှာ ရုံတင်ပြသတော့မှာပါ။
လီယောင်အေးကို ၂၀၀၅ ခုနှစ်မှာ “Sympathy for Lady Vengeance” ပြီးတည်းက ငွေရောင်ပိတ်ကားပေါ်မှာ မမြင်ရတော့တာကြာပါပြီ။ ၁၄ နှစ်အကြာမှာ ပြန်လည်ရိုက်ကူးနေတဲ့ “Bring Me Home” ဇာတ်လမ်းမှာတော့ ၆ နှစ်ကြာ ပျောက်ဆုံးနေတဲ့ သားကို လိုက်ရှာနေတဲ့ မိခင်တယောက်နေရာက သရုပ်ဆောင်ထားပါတယ်။
Jung Yeon (မင်းသမီး လီယောင်အေး) လို့ ခေါ်တဲ့ အမျိုးသမီးဆီကို လွန်ခဲ့တဲ့ ၆ နှစ်က ပျောက်ဆုံးသွားတဲ့ သူမသားနဲ့ တူတဲ့ ကလေးရှိတယ်ဆိုပြီး လူတယောက်က ဆက်သွယ်လာရာက သားပျောက် ရှာပုံတော်ဖွင့်ခဲ့ပါတော့တယ်။ သားကိုရှာဖို့ ဆက်သွယ်သူပြောတဲ့ တံငါးရွာကို သွားမေးပေမယ့် ဘယ်သူ့ဆီကမှ သတင်းမရခဲ့ဘဲ လျစ်လျူရှုခံရပေမယ့် လုံးဝ လက်မလျှော့ဘဲ လိုက်ရှာနေတဲ့ မိခင်တယောက်ရဲ့ ပုံရိပ်တွေကို မြင်တွေ့ရမှာပါ။
ဒီဇာတ်ကားထဲမှာတော့ မင်းသမီး လီယောင်အေးကို ပျောက်ဆုံးနေတဲ့ သားကိုရှာဖို့အတွက် ၆ နှစ်လုံးလုံး အပြစ်ရှိသလို ခံစားချက်တွေ၊ အားငယ်စိတ်တွေနဲ့ ရှင်သန်ခဲ့ရပေမယ့် ပြန်တွေ့ဖို့ မျှော်လင့်နေတဲ့ မိခင်တ ယောက်ရဲ့ ခံစားချက်တွေကို ထပ်တူခံစားမိစေမှာပါ။
မင်းသမီး လီယောင်အေးကလည်း “ဇာတ်ကားအစကနေ အဆုံးထိ သားပျောက်ရှာနေတဲ့ မိခင်တယောက်ခံစားချက်ကို သွင်းထားရတာ မလွယ်ပါဘူး။ အရင်က သရုပ်ဆောင်ပုံစံမျိုးနဲ့ ကွဲထွက်တဲ့ ပုံစံတမျိုးကို ဒီဇာတ်ကားမှာ မြင်တွေ့ရမှာပါ”လို့ ဆိုပါတယ်။
ဒါရိုက်တာ ကင်ဆန်ဝူးက “မင်းသမီး လီယောင်အေးနဲ့ အလုပ်အတူ တွဲလုပ်ရတာ အရမ်းဂုဏ်ယူမိပါတယ်။ ကင်မရာရှေ့မှာ လုံးဝ ခံစားချက်အပြည့် သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင်တယောက်ဖြစ်သလို ရိုက်ကူးရေးပြီးသွားရင်တောင် မျက်နှာမှာ ခံစားချက်အပြည့် ကျန်နေဆဲပဲ”လို့ ဆိုပါတယ်။
“Bring Me Home” ဇာတ်ကားမှာ လီယောင်အေးအပြင် Yoo Jae Myung၊ Lee Won Geun နဲ့ Park Hae Jun တို့အပြင် တခြားသရုပ်ဆောင်ပေါင်းများစွာ ပါဝင်ထားပြီး ကိုရီးယားနိုင်ငံမှာတော့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။
Ref: Soompi
You may also like these stories:
လာမယ့်နှစ်မှာ ကြည့်ရှုရတော့မယ့် လီဗြောင်ဟွန်းရဲ့ ဒရာမာအသစ် “Here”
ခင်ပွန်းနဲ့ ကွာရှင်းဖို့အထိ ဖြစ်လာရတဲ့ အကြောင်းအရင်းကို ထုတ်ပြောလာတဲ့ Ku Hye Sun