ကိန်းစ်ရုပ်ရှင်ပွဲတော် ဥက္ကဋ္ဌက ကမ္ဘာတဝန်းဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ အခြေအနေ ပိုမိုဆိုးရွားလာပါက အခုနှစ်မှာ ကျင်းပမယ့် ပွဲတော်ကို ဖျက်သိမ်းသွားမှာဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။
၇၃ ကြိမ်မြောက် ကိန်းစ်ရုပ်ရှင်ပွဲတော်ကို လာမယ့် မေလ ၁၂ ရက်ကနေ ၂၃ ရက်နေ့အထိ ပြုလုပ်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ရုပ်ရှင်ပွဲတော် ဥက္ကဋ္ဌ Pierre Lescure က လက်ရှိမှာ ကမ္ဘာကျော် ရုပ်ရှင်ပွဲတော်ကြီးနဲ့ ပတ်သက်လို့ အကျိုးသင့်အကြောင်းသင့် အကောင်းမြင်ထားတယ်လို့လည်း ပြောဆိုထားပါတယ်။
ဥက္ကဋ္ဌ Lescure က “မတ်လကုန်မှာ ကူးစက်ရောဂါရဲ့ ထိပ်ဆုံးအခြေအနေကို ရောက်လာမှာဖြစ်ပြီး လာမယ့် ဧပြီလမှာ အသက်ရှုချောင်လာမှာဖြစ်တယ်လို့ ကျနော်တို့က အကျိုးသင့်အကြောင်းသင့် အကောင်းမြင်ထားပါတယ်” လို့ ဆိုပါတယ်။ သူက “ဒါပေမဲ့ ကျနော်တို့က အရမ်း အစိုးရိမ်မလွန်ပါဘူး။ တကယ်လို့သာ ထင်ထားတဲ့အတိုင်း ဖြစ်လာရင် ဖျက်သိမ်းရမှာပါ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့တုန်းက ပြင်သစ်အစိုးရက ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို တားဆီးဖို့ ကြိုးပမ်းတဲ့ အနေနဲ့ လူပေါင်း ၁၀၀၀ ကျော်အထက် စုဝေးခွင့်ကို တားမြစ်လိုက်ပါတယ်။ ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ ပြသမယ့် ရုပ်ရှင်တွေရဲ့ ကိုယ်စားလှယ်တွေ အပါအဝင် တက်ရောက်သူ ၄ သောင်းလောက် ပွဲတော်ကို တက်ရောက်လာကြမှာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့တုန်းကတော့ ကမ္ဘာကျော်ရုပ်ရှင်ပွဲတော်ရဲ့ ပြောခွင့်ရသူကတော့ ပွဲတော်ကို စီစဉ်ထားတဲ့အတိုင်း ဆက်လက် ပြုလုပ်သွားမယ်လို့ ပြောဆိုထားပါတယ်။ အော်စကာဆုရ ဒါရိုက်တာ Spike Lee က ပွဲတော်ရဲ့ ဂျူရီအကြီးအကဲအဖြစ် ဆောင်ရွက်မှာဖြစ်ပြီး နှစ်စဉ်ကျင်းပမြဲ အဲ့ဒီပွဲတော်မှာ ဖိတ်ကြားထားတဲ့ ဂျူရီအဖွဲ့ကို ဦးဆောင်မယ့် ပထမဆုံး အာဖရိကန်နွယ်ဖွား အမေရိကန်နိုင်ငံသား ဖြစ်လာမှာလည်း ဖြစ်ပါတယ်။
တကယ်လို့သာ ပွဲတော်ကို ဖျက်သိမ်းဖြစ်မယ်ဆိုရင်တော့ သမိုင်းတလျှောက် တတိယအကြိမ်မြောက် ပွဲတော်ကို ဖျက်သိမ်းမှာလည်း ဖြစ်ပါတယ်။ ကိန်းစ်ရုပ်ရှင်ပွဲတော်ကို ဘတ်ဂျက် ကန့်သတ်ချက်တွေကြောင့် ၁၉၄၈ ခုနှစ်နဲ့ ၁၉၅၀ ခုနှစ်တွေမှာ ကျင်းပနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။
Ref: ptinews