K-pop အမျိုးသားအဆိုတော်အဖွဲ့ BTS ဟာ တောင်ကိုရီးယားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေမှုကြောင့် လာမယ့် ဧပြီလကျရင် ဆိုးလ်မြို့မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ဖျော်ဖြေပွဲ ၄ ခုကို ဖျက်သိမ်းလိုက်ကြောင်း သူတို့ရဲ့အေဂျင်စီက ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
အဲ့ဒီဗိုင်းရပ်စ် ရောဂါဟာ တောင်ကိုရီးယားမှာ လူပေါင်း ၂၀၀၀ ကျော်အထိ ကူးစက်နေပြီး တရုတ်နိုင်ငံပြင်ပမှာ ကူးစက်ခံရမှု အများဆုံးနိုင်ငံ ဖြစ်လာပါတယ်။ BTS ရဲ့အေဂျင်စီဖြစ်တဲ့ Big Hit အင်တာတိန်းမန့်က “ဆိုးလ်ဖျော်ဖြေပွဲတွေကို ဖျက်သိမ်းလိုက်ကြောင်း စိတ်မကောင်းစွာနဲ့ ကြေညာလိုက်ပါတယ်”လို့ ထုတ်ပြန်ချက်ထဲမှာ ပြောဆိုထားပါတယ်။
ဆိုးလ်မြို့မှာရှိတဲ့ အိုလံပစ်အားကစားကွင်းမှာ လာမယ့် ဧပြီလ ၁၁ ရက်နေ့က ၁၉ ရက်နေ့ကြားမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ဖျော်ဖြေပွဲတွေကို BTS ပရိသတ်ပေါင်း ၂ သိန်းကျော် လာရောက်ကြည့်ရှုလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
ထုတ်ပြန်ချက်ထဲမှာ “ရောဂါကူးစက်ဖြစ်ပွားမှု အတိုင်းအတာကို အခုအချိန်မှာ ခန့်မှန်းဖို့ မဖြစ်နိုင်ကြောင်း၊ ဝန်ထမ်းတွေ၊ ပစ္စည်းကိရိယာတွေနဲ့ ပရိသတ်တွေရဲ့ လှုပ်ရှားမှုနဲ့ ပတ်သက်၍ မရေရာ မသေချာမှုများကြောင့် ဖျက်သိမ်းမှုကို မလွှဲသာမရှောင်သာ လုပ်ဆောင်ခဲ့ရခြင်းဖြစ်ကြောင်း” ဖော်ပြထားပါတယ်။
နာမည်ကျော် BTS အဖွဲ့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ အယ်လ်ဘမ်အသစ်အတွက် သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပြီးနောက် ကိုရိုနာ ဗိုင်းရပ်စ်ပိုးကြောင့်အခုလိုမျိုး လုပ်ဆောင်ချက်ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
Bulletproof Boy Scouts လို့ ခေါ်တဲ့ BTS အဖွဲ့ဟာ အမေရိကန်နဲ့ ဗြိတိတန်နိုင်ငံတွေမှာရှိတဲ့ ဂီတဇယား ထိပ်ဆုံးကို ရောက်ခဲ့တဲ့ပထမဆုံး K-pop အဖွဲ့လည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကမှ ဖြန့်ချိခဲ့တဲ့ သူတို့ရဲ့ နောက်ဆုံးထွက် အယ်လ်ဘမ် “Map Of The Soul: 7” ဟာ တောင်ကိုရီးယား သမိုင်းတလျှောက် ကြိုတင်မှာယူမှု အများဆုံး အယ်လ်ဘမ်ဖြစ်ခဲ့ပြီး မဖြန့်ချိမီ ကော်ပီချပ်ရေ ၄ သန်းကျော် မှာယူခံခဲ့ရပါတယ်။
Ref: Straittimes
You may also like these stories:
Billboard ဇယားမှာ ဂျက်စတင်ဘီဘာ တင်ထားတဲ့ စံချိန်ကို ချိုးဖျက်လိုက်တဲ့ BTS အဖွဲ့
ကုလသမဂ္ဂ ဝက်ဘ်ဆိုက် ပင်မစာမျက်နှာမှာ ဖော်ပြခံရတဲ့ BTS အဖွဲ့