ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ဒီမိုကရက် သမ္မတအသစ် ဂျိုးဘိုင်ဒန်ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို အဓိက ရုပ်သံလိုင်းကြီး ၆ ခုကနေ ကြည့်ရှုသူ သန်း ၄၀ ခန့်ရှိတယ်လို့ Nielsen ရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပြီး၊ လွန်ခဲ့တဲ့ ၄ နှစ်က ပြုလုပ်ခဲ့တဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ ကျမ်းကျိန်ပွဲထက် လူကြည့်နှုန်း ၄ ရာခိုင်နှုန်း တိုးတက်လာတယ်လို့ သိရပါတယ်။
အဲ့ဒီ လူကြည့်နှုန်း အချက်အလက်ကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့၊ အမေရိကန်အရှေ့ဘက်က မ်းရိုးတန်း စံတော်ချိန် နေ့လယ် ၁၁ နာရီ ၄၅ မိနစ်ကနေ အမေရိကန် Capitol မှာ ကျမ်းကျိန်အပြီး သမ္မတတာဝန် စတင်ထမ်းဆောင်တဲ့ အချိန်အထိ မိနစ် ၃၀ ကြာ ကာလကို တိုင်းတာထားတာ ဖြစ်ပါတယ်။ ABC, CBS နဲ့ NBC တို့လိုရုပ်သံလိုင်းတွေအပြင် Fox News, CNN နဲ့ MSNBC တို့လို ကေဘယ်လိုင်းတွေရဲ့ ကြည့်ရှုသူတွေကိုလည်း တိုင်းတာထားတာ ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်တုန်းက အဲ့ဒီရုပ်သံလိုင်းတွေပေါ်ကနေ ရီပါလလစ်ကန် သမ္မတ ထရမ့်ရဲ့ ကျမ်းကျိန်ပွဲကို ကြည့်ရှုခဲ့သူ အရေအတွက်ဟာ ၃၈ ဒသမ ၃ သန်းရှိခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်တုန်းက အမေရိကန်နိုင်ငံရဲ့ ပထမဆုံး လူမည်းသမ္မတဖြစ်ခဲ့တဲ့ အိုဘားမားရဲ့ ကျမ်းကျိန်ပွဲကိုတော့ ကြည့်ရှုသူ ၅၁ ဒသမ ၂ သန်းအထိ ရှိခဲ့ပါတယ်။
အိုဘားမား လက်ထပ်တုန်းက ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဘိုင်ဒန်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့မှာပဲ ၄၆ ဦးမြောက် အမေရိကန်သမ္မတအဖြစ် စတင် တာဝန် ထမ်းဆောင်ခဲ့ပြီး၊ သူ့ရဲ့ ကျမ်းကျိန်ပွဲမှာ လေဒီဂါဂါ၊ ဂျန်နီဖာလိုပက်ဇ်နဲ့ Garth Brooks တို့လို အနုပညာရှင်တွေက ဖျော်ဖြေခဲ့ကြပါတယ်။
ဒုသမ္မတ ကမ်မလာဟားရစ်ကတော့ အဲ့ဒီနေရာမှာ တာဝန်ထမ်းဆောင်တဲ့ ပထမဆုံး လူမည်း၊ ပထမဆုံး အမျိုးသမီးနဲ့ ပထမဆုံး အာရှနွယ်ဖွား အမေရိကန်နိုင်ငံသားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
အခုလိုမျိုး ရုပ်သံကနေ ကြည့်ရှုသူ အရေအတွက်ကတော့ အဲ့ဒီကျမ်းကျိန်ပွဲကို တိုက်ရိုက်လွှင့်ခဲ့တဲ့ Twitter, Facebook နဲ့ YouTube တို့လို ဒစ်ဂျစ်တယ် ပလက်ဖောင်းတွေနဲ့ ဘားတွေ၊ စားသောက်ဆိုင်တို့လို နေအိမ်အပြင်ဘက်ကနေ ကြည့်ခဲ့ကြသူတွေ အရေအတွက် မပါဝင်သေးပါဘူး။
တိကျတဲ့ လူကြည့်နှုန်း အရေအတွက်ဟာလည်း မကြာမီ ရက်တွေအတွင်းမှာ ထပ်မံ ထွက်ပေါ်လာလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ အဲ့ဒီအထဲကမှ CNN ကနေ သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ ကျမ်းကျိန်ပွဲကို ကြည့်ရှုသူဟာ ၁၀ သန်းနီးပါး ရှိခဲ့တာကို တွေ့ရပါတယ်။
Ref: CNA
You may also like these stories:
အမေရိကန် သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲမှာ ဖျော်ဖြေခဲ့ကြသူများ
အမေရိကန် သရုပ်ဆောင်များသမဂ္ဂကနေ ထရမ့်ကို ထုတ်ပယ်ရန် သင့်၊ မသင့် ဆုံးဖြတ်မည်