ရော့ခ်ဂီတ အဆိုတော်တဦးဖြစ်တဲ့ အဆိုတော် ရေမွန်ဟာ ယနေ့၊ ဇွန်လ ၂၃ ရက်နေ့ မနက်ပိုင်းက ရုတ်တရက် ကွယ်လွန်သွားခဲ့ပါတယ်။
ရေမွန်ဟာ လူအများ ပြောနေကြသလို ငှက်ဖျားရောဂါကြောင့် ကွယ်လွန်တာ မဟုတ်ဘဲ အစာအိမ် သွေးကြောပေါက်ပြီး ကွယ်လွန်သွားတာလို့ ပြီးခဲ့တဲ့ နာရီပိုင်းကမှ အဆိုတော် နိုဗန်ထူးက သူ့ရဲ့ လူမှုကွန်ရက်မှာ ပြန်လည် ဖြေရှင်းခဲ့ပါတယ်။
Idiots Band ရဲ့ ပင်တိုင် အဆိုတော် ရေမွန် ကွယ်လွန်မှုအပေါ် အနုပညာရှင်များ၊ ပရိသတ်များက နှမြောတသ ဝမ်းနည်းစကားများ ဆိုထားကြပြီး၊ နိုင်ငံကျော် တေးရေးဆရာ စံပီးကလည်း ရေမွန် ဆုံးရှုံးမှုအပေါ် အခုလိုပဲ ရေးသား ဂုဏ်ပြုထားပါတယ်။
“RIP ကိုတွတ်ပီ၊ ရေမွန် (Idiots) သူနဲ့ သေချာ မရင်းနှီးခဲ့ဖူးပါ။ ဒါပေမဲ့ ဒီဘက်ခေတ် မြန်မာပြည်ရဲ့ ဂီတသမိုင်းကို ရေးသား မှတ်တမ်းတင်ရမယ်ဆိုရင် သူလိုလူဟာ ခေတ်တခေတ်အတွက် အရေးပါတဲ့ ဒေါက်တိုင် တခုလို့တောင် တင်စားလို့ရမယ့် တကယ့် အနုပညာရှင်စစ်စစ်၊ တေးရေးဆရာ၊ အဆိုတော် တယောက်ပါ”
“ကျနော်တို့နဲ့ နားမယဉ်သေးတဲ့ ဂီတ အမျိုးအစားတွေကိုတောင် ကြိုက်တတ်လာအောင် မြန်မာပြည်ကို မိတ်ဆက်ပေးနိုင်ခဲ့တဲ့ သူတယောက်၊ ဒီလို လူတယောက်ဟာ တခေတ်မှာ တယောက်လောက်ပဲ မွေးဖွားလာတတ်တာမျိုးပါ။ ဒီလိုမျိုး အနုပညာရှင်တယောက် မြန်မာနိုင်ငံက ပိုင်ဆိုင်ခဲ့ရလို့ အရမ်းဂုဏ်ယူတယ်”လို့ တေးရေး စံပီးက ဆိုပါတယ်။
မြန်မာနိုင်ငံဟာ ပုံမှန်အတိုင်းသာ လည်ပတ်နေမယ်ဆိုရင် ရေမွန်ဟာ သေစရာ မလိုတဲ့သူ တယောက်၊ အခုတော့ အချိန်မတိုင်ခင် ကြွေလွင့်ရတယ်လို့ ဆိုပါတယ်။
“ပုံမှန်အတိုင်းသာ မြန်မာနိုင်ငံ လည်ပတ်နေမယ်ဆိုရင် သေစရာ မလိုတဲ့ သူတယောက် အခုတော့ အချိန် မတိုင်ခင် တန်ဖိုးရှိတဲ့ အနုပညာရှင်တယောက် ဆုံးရှုံးရတိုင်း ကိုယ်နဲ့ မခင်ရင်တောင် ဝမ်းနည်း ကြေကွဲရပါတယ်”
“မြန်မာနိုင်ငံ ဂီတကောင်းကင်မှာ ကြယ်စင်တလုံး ကြွေကျသွားရပြန်ပြီပေါ့။ ခင်ဗျားနဲ့ ကျနော် လူချင်း မရင်းနှီးကြပေမယ့် ဒီစာလေးနဲ့ ဂုဏ်ပြုလိုက်ပါတယ် ကိုတွတ်ပီရေ။ Rest in Power”လို့ တေးရေး စံပီးက ရေးသား ဂုဏ်ပြုထားပါတယ်။
You may also like these stories:
အဆိုတော် ရေမွန် ငှက်ဖျားကြောင့် ဆုံးပါးတာ မဟုတ်ဟုဆို
စိတ်ဖြောင့်ဖြောင့်နဲ့ ချန်ခဲ့တဲ့ အဆိုတော် ရေမွန်