သဘာဝဆန်ပြီး ချစ်စရာကောင်းတဲ့ အပြင်အဆင်နဲ့ သန့်ရှင်းသပ်ရပ်တဲ့ Restaurant မျိုးကိုမှ နှစ်သက်ပြီး Bar ကောင်းကောင်းမှာ ထိုင်ချင်သူတွေအတွက် ပါရမီမင်းလမ်းမုန့်တီဆိုင်ဘေးက “Stay a while” Restaurant & Bar နဲ့ မိတ်ဆက်ပေးပါရစေ။
အဝင်လမ်းမှာပဲ ရေခပ်တိမ်တိမ်လေးမှာ ကျောက်စရစ်ခဲလေးတွေ ထည့်ထားပြီး ဖန်တီးထားတဲ့ စမ်းချောင်းလေးထဲမှာ လမ်းလျှောက်နိုင်ဖို့ ခြေတလှမ်းစာအကွာအဝေးတိုင်းမှာ သစ်တုံးလေးတွေ ချပေးထားပါတယ်။ ဆိုင်တဆိုင်လုံးကို နက်ပြာရောင် ဆေးသုတ်ထားပြီးသစ်ပင်၊ ပန်းပင်ကလေးတွေကို သူ့နေရာနဲ့သူစိုက်ပျိုးထားတာမို့ စမ်းချောင်းကလေးနားက တောအုပ်ထဲကိုရောက်သွားရသလိုပါပဲ။ Security guard လည်းရှိပါသေးတယ်။ စားသုံးသူက အနည်းငယ် မူးနေခဲ့မယ်ဆိုရင်တော့ ဆိုင်ကဝန်ထမ်းတွေနဲ့ Security က ဆိုင်ဝအထိ လိုက်ပို့ပေးတာမို့ အဲဒီလမ်းကလေးပေါ်မှာ လျှောက်ရင်းလဲကျဖူးတဲ့သူ မရှိဘူးလို့လည်း ဆိုပါတယ်။
ဆိုင်ထဲမှာ ပန်းချီကားတွေကို ချိတ်ဆွဲထားပြီး အမိုးမျက်နှာကျက်မှာလည်း ဆိုင်နာမည်ဖြစ်တဲ့ “Stay a while” ဆိုတဲ့ စာလုံးလေးတွေကို ရေးထားတာလေးကလည်း ချစ်စရာပါ။ ကားလမ်းပေါ်မှာ ဆိုပေမယ့် ကားသံ ဆူဆူညံညံမဝင်နိုင်တဲ့ သီးသန့်ခန်းလေးတွေ ရှိပါတယ်။ အခန်းတွေတိုင်းမှာ ၈ ယောက်စာဝိုင်းတွေ ထားရှိပါတယ်။ သီးသန့်ခန်းတွေရဲ့ အပြင်အဆင်ကတော့ မြန်မာဆန်ပြီးထားရှိတဲ့ ပရိဘောဂပစ္စည်း တွေကလည်း ရှေးဟောင်းပစ္စည်းအစစ်တွေပဲလို့ ဆိုင်မှတာဝန်ရှိသူက ရှင်းပြပါတယ်။ အခုလောလောဆယ်မှာတော့ သီးသန့်ခန်းတွေအတွက် အခကြေးငွေ မယူသေးဘူးလို့လည်းသူကဆိုပါတယ်။
Menu အနေနဲ့ တရုတ်၊ ထိုင်းနဲ့ ဥရောပအစားအစာတွေကို ရရှိမှာဖြစ်ပါတယ်။ အစားအစာတွေကို အဲဒီ နိုင်ငံတွေရဲ့ အရသာအတိုင်းချက်ပြုတ်ထားပြီး မြန်မာစတိုင် ပြန်ပြင်ထားတာမျိုးမရှိဘူးလို့လည်း သိရပါတယ်။ စာဖိုမှူးတွေကေတော့ အဲဒီနိုင်ငံတွေမှာသွားရောက် သင်တန်းတက်ထားတယ်လို့ သိရပါတယ်။ ဆိုင်ကို Decoration ပြင်ဖို့အတွက် ပိတ်ထားခဲ့ပြီး ပြန်ဖွင့်တာ သိပ်မကြာသေးပါဘူး။ ဝန်ထမ်းအရေအတွက်ကလည်း ဝန်ထမ်းအသစ်ရော အဟောင်းများပါ စုစုပေါင်း (၄၀) ကျော်လောက် ရှိပါတယ်။
Restaurant တင်မဟုတ်ဘဲ Bar ပါ တွဲဖွင့်ထားတာမို့ သောက်စရာလည်းရရှိနိုင်မှာပါ။ ဘီယာ၊ ဝိုင်နဲ့ တခြား သောက်စရာတွေအပြင် သူတို့ဆိုင်ရဲ့ အထူးပြုလုပ်ထားတဲ့ “Stay a while” Cocktail ကိုလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။ အဲဒီ Cocktail ကတော့ Limited ဖြစ်ပြီး လူတယောက်ကို တခွက်သာရောင်းချတယ်လို့လည်း သိရပါတယ်။ Alcohol ပါဝင်မှု များလွန်းတာကြောင့် တခွက်ထက်ပိုပြီးသောက်ရင် တော်တော်မူးတယ်လို့ ဆိုပါတယ်။ Cocktail ရဲ့ အရသာက Menthol ပါဝင်တာကြောင့် ပူရှိန်းအေးမြပြီး ချိုရှရှအရသာကို ကြိုက်တဲ့ မိန်းကလေးတွေ ဆိုရင်တော့ သဘောကျမှာမဟုတ်ပေမယ့် အရမ်းပြင်းတဲ့ အရသာတော့ မဟုတ်ပါဘူး။ Alcohol ပါဝင်မှုများပေမယ့်လည်း အနံ့ရောအရသာပါ အဝင်မဆိုးဘဲပူရှိန်းရှိန်းအေးမြမြနဲ့ ဆွဲဆောင်မှု တမျိုးရှိပါတယ်။
မှာထားတဲ့ စားသောက်စရာတွေအတွက် စောင့်ရတဲ့ အချိန်ကလည်းသိပ်မကြာလှပါဘူး။ ဆိုင်ရဲ့ လူကြိုက်အများဆုံး ဖြစ်တဲ့ ငါးမာလာဟင်း၊ ဝက်နံရိုးဒယ်တိုက်၊ ကြက်ရခိုင် မြေအိုးဟင်းလျာတို့ကို မှာယူထားပြီး နာရီဝက်လောက်အတွင်းမှာပဲ မှာယူထားတာတွေ ရောက်လာတာမို့ မြည်းစမ်းကြည့်တဲ့အခါမှာ ငါးမာလာဟင်းကို ယူနန် လက်ရာအတိုင်း ချက်ပြုတ်ထားပြီး ပါဝင်ပစ္စည်းတွေကိုလည်း ယူနန်နယ်ကနေ မှာယူထားတာဖြစ်ပါတယ်။ အရသာကတော့ ရန်ကုန်မှာစားနေကျ မာလာဟင်းအရသာမျိုးမဟုတ်ဘဲ ထူးခြားပါတယ်။ စားလိုက်တဲ့အခါမှာ အစပ်အရသာချည်းမဟုတ်ဘဲပူစပ်တဲ့ အရသာကိုခံစားရမှာပါ။ စပ်ရုံတင်မဟုတ်ပဲပူတာမို့ အခုလိုအေးမြတဲ့ ဆောင်းရာသီအတွက် သင့်တော်တဲ့ ဟင်းလျာတမျိုးဖြစ်ပါတယ်။ ပွဲကြီးနဲ့ပွဲသေး ၂ မျိုးရနိုင်ပြီး ပွဲကြီးကမိသားတစုစာ တဝိုင်းစာရရှိမှာပါ။
ဝက်နံရိုးဒယ်တိုက်ကတော့ ဝက်နံရိုးကိုဒယ်အိုးတိုက် ကင်ထားတာဖြစ်ပြီး ဆော့စ်ကိုဆမ်းထားတာပါ။ ဥရောပအစားအစာပုံစံထဲက ခွဲထွက်ထားတာမျိုးမရှိတာမို့ European taste ကိုရရှိစေပါတယ်။ ကြက်ရခိုင် မြေအိုးကတော့ ကြက်သောက်စမ်းအရသာနဲ့ ခပ်ဆင်ဆင်တူပြီး ချဉ်ပြုံးပြုံးစပ်ရှရှလေးဖြစ်ပါတယ်။ ကြက်သွန်ဖြူ၊ ပင်စိမ်း၊ စပါးလင်၊ ဂျင်းတို့ ပါဝင်တဲ့အတွက် ခပ်ပူပူအရသာကိုလည်း ရရှိမှာပါ။ Menu တွေ အားလုံးဈေးနှုန်းအနေနဲ့ အနိမ့်ဆုံးကျပ် ၃၀၀၀ ကနေ အမြင့်ဆုံးကျပ် ၃၀၀၀၀ အထိရှိပြီး ပေးရတဲ့ငွေကြေးနဲ့ ထိုက်တန်အောင် ကောင်းမွန်တဲ့အရသာကိုခံစားနိုင်မှာပါ။
ဆိုင်ဖွင့်ချိန်က မနက် ၁၀ နာရီကနေ ည ၁၁ နာရီအထိဖြစ်ပြီးပိတ်ရက်မရှိပါဘူး။ Unplugged တီးဝိုင်း လည်းရှိတဲ့အတွက် ညပိုင်းမှာဘားကို လာရောက်သူတွေအတွက်ရော Restaurant မှာ စားသောက်သူတွေ အတွက်ပါ စိတ်အပန်းပြေမှုကိုရရှိစေမှာပါ။ Unplugged တီးဝိုင်းက ည ၇ နာရီကနေ ည ၁၀ နာရီခွဲအထိ ဖြစ်ပါတယ်။
မိသားစုနဲ့ပဲ ဖြစ်ဖြစ်၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ပဲဖြစ်ဖြစ် သွားလို့ကောင်းတဲ့ဆိုင်ပါ။ အေးအေးဆေးဆေးစကားပြောချင်သူတွေအတွက် သီးသန့်ခန်းတွေမှာ Booking လုပ်နိုင်ပါတယ်။ မွေးနေ့ပါတီတွေလည်းလာလုပ်ကြတယ်လို့ သိရပါတယ်။
ဆိုင်လိပ်စာ – No. (15), Parami road, (6) ward, Near Hlaing Campus, Mayangone township, Yangon.