ပတ်ဝန်းကျင်မှာ လေထုညစ်ညမ်းမှုတွေ များလာတာနဲ့အမျှ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ခံစားရနိုင်တဲ့အပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေပါ ရှိလာတတ်ပါတယ်။ ဒါကြောင့်လည်း ရုံးခန်းနဲ့ နေအိမ်ခန်းတွေထဲမှာ အခန်းတွင်း လေသန့်စင်ပေးနိုင်တဲ့ အပင်တွေကို စိုက်ပျိုးလာကြပါတယ်။
ဒီအပင်တွေဟာ လေသန့်စင်စက် သီးသန့်ထပ်သုံးစရာ မလိုဘဲ အဆိပ်တောက်ဖြစ်စေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို သဘာဝအတိုင်း ပြန်လည်သန့်စင်ပေးနိုင်တာမို့ ထားရှိသင့်ပါတယ်။
အခန်းတွင်း စိုက်ပျိုးထားတဲ့အပင်တွေဟာ အောက်စီဂျင်ဓာတ်ကို ထုတ်လွှတ်ပေးတာကြောင့် လေထုသန့်စင်ပြီး စိတ်ပိုင်းဆိုင်ရာ ပိုမိုကောင်းမွန်စေတာကြောင့် စိုးရိမ်ပူပန်စိတ်နဲ့ စိတ်ဓာတ်ကျဝေဒနာကို တဖက်တလမ်းက လျော့နည်းအောင် ဖြေလျော့ပေးနိုင်ပါတယ်။
သုတေသီတွေရဲ့လေ့လာချက်အရ စိတ်ဖိစီးမှုနဲ့ ကိုယ့်ပတ်ဝန်းကျင်ထဲက အောက်စီဂျင်ပမာဏဟာ တိုက်ရိုက် အချိုးကျတာကို လေ့လာတွေ့ရှိခဲ့ပါတယ်။ ပတ်ဝန်းကျင်လေထုထဲမှာ အဆိပ်တောက်နဲ့ ညစ်ညမ်းမှုတွေများလေ စိတ်ဖိစီးမှုနဲ့ စိတ်သောကဖြစ်စရာ ပိုခံစားရလေဆိုတာ သိခဲ့ရပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေ လျော့နည်းချင်ရင်တော့ အခန်းတွင်း အပင် စိုက်ပျိုးကြဖို့ တိုက်တွန်းထားပါတယ်။
အခန်းတွင်း စိုက်ပျိုးနိုင်တဲ့ အပင်တွေထဲကမှ စိတ်ပိုင်းဆိုရင် တည်ငြိမ်အေးချမ်းစေတာကတော့ စံပယ်ပန်းရနံ့ပါတဲ့။ စံပယ်ပန်းရနံ့ဟာ စိတ်ကိုတည်ငြိမ်စေပြီး အလုပ်တွေကို စိတ်ဖိစီးမှုကင်းဝေးစွာ လုပ်ဆောင်နိုင်ပါတယ်။ စံပယ်ပန်း ရနံ့ကြောင့် ဦးနှောက်တွင်းမှာ GABA လို့ခေါ်တဲ့ နပ်ဗ်ကြောတွေ အားကောင်းစေပြီး ပုံမှန်ထက် စိတ်ကိုတည်ငြိမ် အေးချမ်းစေပါတယ်။
စံပယ်ပန်းက ထွက်တဲ့ သဘာဝရနံ့ကို ရှူရှိုက်ရသူဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပြီး၊ စိတ်ပျော်ရွှင်စေတဲ့ ဟော်မုန်းဓာတ်တွေ ပိုထွက်စေလို့ စိတ်သောကတွေကို လျော့ပါးစေပါတယ်။ ဒါကြောင့် အလုပ်မှာ ပိုအာရုံစူးစိုက်နိုင်ပြီး စိတ်ဓာတ်ကျဝေဒနာကို သက်သာ ပျောက်ကင်းစေနိုင်စွမ်း ရှိပါတယ်။
ဆေးပညာဂျာနယ်မှာ ဖော်ပြချက်တွေအရ စံပယ်ပန်းရနံ့ဟာ စိတ်ငြိမ်ဆေး၊ အိပ်ဆေးတို့ထက် အစွမ်းအာနိသင် ပိုကောင်းပြီး သဘာဝအတိုင်း စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်စေနိုင်စွမ်းက ပဋိဇီဝဆေးတွေထက် ၅ ဆ ပိုအစွမ်းထက်တယ်လို့ ဆိုပါတယ်။
စံပယ်ပင်တွေဟာ ရာသီဥတုမျှတပြီး အရိပ်ရတဲ့နေရာတွေမှာ ပိုဖြစ်ထွန်းပါတယ်။ နေရောင်ခြည် တိုက်ရိုက်ရတဲ့ နေရာထက် အမိုးအကာအောက်မှာ ထားတာကို ကြိုက်နှစ်သက်တဲ့ အပင်မျိုးပါ။ အခန်းတွင်း အပင်အဖြစ် စိုက်မယ်ဆိုရင် ရေထွက်ကောင်းတဲ့အိုးကို အသုံးပြုပေးရပါ့မယ်။
ဖေဖော်ဝါရီလလောက်ဆို ပုံမှန်ပွင့်တတ်ပြီး တကယ်လို့ သင့်အခန်းတွင်းက စံပယ်ပင်မပွင့်ဘူး ဆိုရင်တော့ အအေးဓာတ် လုံလုံလောက်လောက် မရသေးလို့ပါ။ တခြား အိမ်တွင်းစိုက် အပင်တွေနဲ့ မတူဘဲ ရေကြိုက်တဲ့ အပင်မို့ ရေများများလောင်းပေးဖို့ လိုပါတယ်။
Ref: Organic Home Remedies